အမျိုးသားမြေအသုံးချမှုမူဝါဒ(မူကြမ်း)အပေါ်ကျွမ်းကျင်သူစားပွဲဝိုင်းဆွေးနွေးပွဲများ (Expert Round Table Meetings) ကျင်းပမည် (၂၁ -၁-၂၀၁၅)

မြေအသုံးချမှုနှင့် မြေယာစီမံခန့်ခွဲမှုဆိုင်ရာအစီအမံများ စနစ်တကျဆောင်ရွက်နိုင်ရန် အတွက် အမျိုးသားမြေအသုံးချမှုမူဝါဒတစ်ရပ် ရေးဆွဲပြဋ္ဌာန်းရန် ၂၀၁၂ ခုနှစ်၊ ဇွန်လမှစတင်၍ မြေယာစီမံခန့်ခွဲသည့် ပြည်ထောင်စုအဆင့်ဝန်ကြီးဌာနများ၊ ဆက်စပ်သည့်အဖွဲ့အစည်းများနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အငြိမ်းစားအရာရှိကြီးများနှင့် ကျွမ်းကျင်ပညာ ရှင်များ ပူးပေါင်း၍ အမျိုးသားမြေအသုံးချမှုမူဝါဒရေးဆွဲရေးလုပ်ငန်းစဉ်၊ မူဘောင်ချမှတ်ကာ အလုပ်ရုံဆွေးနွေးပွဲ (၅)ကြိမ်၊ အစည်းအဝေး(၃၉)ကြိမ်၊ သင်တန်း(၂)ကြိမ် ကျင်းပပြုလုပ်ခဲ့ပြီး ၂၀၁၄ ခုနှစ်၊ ဇူလိုင်လတွင် အမျိုးသားမြေအသုံးချမှုမူဝါဒ(မူကြမ်း)ကိုရေးဆွဲပြုစုတင်ပြခဲ့ပါသည်။
၂၀၁၄ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့တွင် နေပြည်တော်၊ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်း ရှင်းဗဟိုဌာန၌ “မြို့ပြ၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများအတွက် မြေအရင်းအမြစ် စီမံခန့်ခွဲရေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ” ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်သမ္မတကြီး တက်ရောက် ချီးမြှင့်ပြီး မြေအသုံးချမှုအားမူဝါဒ၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီစနစ်တကျ စီမံခန့်ခွဲ နိုင်မည့် အစီအမံများကို ချမှတ်ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပါသည်။
ယခုအခါ ဒုတိယသမ္မတဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သော အမျိုးသားမြေအရင်းအမြစ် စီမံခန့်ခွဲ ရေးဗဟိုကော်မတီ၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် အမျိုးသားမြေအသုံးချမှုမူဝါဒ သုံးသပ်ရေးလုပ်ငန်း ကော်မတီ၊ အမျိုးသားမြေအရင်းအမြစ် ဥပဒေရေးဆွဲပြုစုရေးလုပ်ငန်းကော်မတီ၊ မြေအရင်းအမြစ် စီမံကိန်းနှင့် စီမံချက်များညှိနှိုင်းအကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီများဖွဲ့စည်းကာမူဝါဒ၊ ဥပဒေရေးဆွဲပြုစုရေး၊ မြေပုံစနစ်၊ မြေပြင်ကိန်းဂဏန်းအချက်အလက်များ ကောက်ယူစုစည်းရေး၊ မြေအသုံးချမှုစီမံကိန်းများရေးဆွဲအကောင်အထည်ဖော် ရေးလုပ်ငန်းများကို စနစ်တကျရေးဆွဲပြုစု ဆောင်ရွက်လျက်ရှိပါသည်။
အမျိုးသားမြေအသုံးချမှု မူဝါဒရေးဆွဲပြဋ္ဌာန်းရေးတွင် လုပ်ငန်းဆောင်ရွက်အကောင် အထည်ဖော်မည့်ကာလများ သတ်မှတ်ပြီး၊ လုပ်ငန်းစဉ်များချမှတ် ဆောင်ရွက်လျက်ရှိရာ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလအတွင်း နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့ပေါင်း (၁၇)မြို့တွင် အမျိုးသားမြေအသုံးချမှု မူဝါဒ(မူကြမ်း)အပေါ် ပြည်သူများ၏ အကြံပြုချက်များကို ရယူရန် ဆွေးနွေးပွဲများကျင်းပခဲ့ပါသည်။ ဆွေးနွေးပွဲများမှ ရရှိလာသောအကြံပြုချက်များကို မြေအသုံးချမှု မူဝါဒသုံးသပ်ရေးလုပ်ငန်းကော်မတီမှ မှတ်တမ်းတင်စာရင်းပြုစုကာ သရုပ်ခွဲသုံးသပ် လျက်ရှိပါသည်။
အမျိုးသားမြေအသုံးချမှုမူဝါဒ(မူကြမ်း)အား အကြံပြုချက်များအပေါ်မူတည်၍ ထပ်မံ ပြင်ဆင်ပြုစုရန်နှင့် ဝိုင်းဝန်းဆွေးနွေးသုံးသပ်ရန်အတွက် ကျွမ်းကျင်သူစားပွဲဝိုင်းဆွေးနွေးပွဲများကို ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး၊ ပထမအကြိမ်ဆွေးနွေးပွဲကို နေပြည်တော်၊ ပတ်ဝန်းကျင်ထိန်း သိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမတွင် ၃၁-၁-၂၀၁၅ ရက် (စနေနေ့)၊ နံနက် (၉:၀၀)နာရီမှစတင်၍ ၁-၂-၂၀၁၅ ရက် (တနင်္ဂနွေနေ့)၊ ညနေ (၄:၃၀) နာရီ အထိ ကျင်းပမည်ဖြစ်ပါသည်။
အဆိုပါ ကျွမ်းကျင်သူ စားပွဲဝိုင်းဆွေးနွေးပွဲသို့ မြေအသုံးချမှုမူဝါဒသုံးသပ်ရေးလုပ်ငန်း ကော်မတီဝင်များ၊ ကျွမ်းကျင်ပညာရှင်များ၊ မြေယာမူဝါဒနှင့် စီမံခန့်ခွဲမှုအတွေ့အကြုံ၊ ဗဟုသုတ ပြည့်စုံသည့်ပုဂ္ဂိုလ်များမှ ပါဝင်ဆွေးနွေးကြမည်ဖြစ်ပါသဖြင့် စိတ်ပါဝင်စားသူများအနေဖြင့် ဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေးလိုပါက ဦးတင်မောင်သန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ သစ်တောဦးစီးဌာန၊ နေပြည်တော်၊ ဖုန်း- ၀၆၇-၄၀၅၄၂၈ ၊ ၀၉-၂၆၀၁၁၄၁၅၅၊ Fax - ၀၆၇-၄၀၅၄၂၈ နှင့် ၀၆၇-၄၀၅၄၂၇၊ email [email protected] သို့ ၂၇-၁-၂၀၁၅ ရက် (အင်္ဂါနေ့) နောက်ဆုံးထား၍ ဆက်သွယ်ပေးပို့နိုင်ကြောင်းနှင့် မတက်ရောက်နိုင်ပါကလည်း Internet Website http://www.fdmoecaf.gov.mm/law တွင် ဖတ်ရှုလေ့လာပြီး၊ အမျိုးသား မြေအသုံးချမှုမူဝါဒ (မူကြမ်း)အပေါ် အကြံပြုချက်များပေးပို့နိုင်ကြောင်းသတင်းရရှိသည်။