မြန်မာနိုင်ငံအမျိုးသားသစ်တောသယံဇာတထိန်းသိမ်းကြီးကြပ်သည့်စနစ် အားကောင်းလာစေရန် မြေအသုံးချဆန်းစစ်ခြင်းနှင့် လူ့စွမ်းအားအရင်းအမြစ် စွမ်းဆောင်ရည်မြှင့်တင်ခြင်း လုပ်ငန်းစီမံကိန်း ကနဦးအလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပခြင်း( နေပြည်တော် ၊ ၂၆-၁-၂၀၁၅)

မြေအသုံးချ ဆန်းစစ်ခြင်းနှင့် လူ့စွမ်းအားအရင်းအမြစ် စွမ်းဆောင်ရည်မြှင့်တင်ခြင်း လုပ်ငန်းစီမံကိန်း ကနဦးအလုပ်ရုံဆွေးနွေးပွဲကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမ၌ယနေ့(၂၆-၁-၂၀၁၅)ရက်နေ့၊ နံနက်(၀၉:၀၀) နာရီတွင် ကျင်းပခဲ့ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးမြင့်မောင် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အခမ်းအနားသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာသက်သက်ဇင်၊ ဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူး ချုပ်များ၊ ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့-FAO မှ ကိုယ်စားလှယ်များ၊ ဆက်စပ် ဌာနများမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။ ဒုတိယဝန်ကြီးမှ အမှာစကားပြောကြားရာတွင် သစ်တောဦးစီးဌာနနှင့် FAO တို့ ပူးပေါင်း အကောင်အထည်ဖော်မည့် ယခုစီမံကိန်းကို ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ (၁၇) ရက်နေ့၌ စတင်၍ စီမံကိန်းကာလ(၂)နှစ်တိတိကြာမြင့်မည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာန၏ ဦးစားပေးလုပ်ငန်း များဖြစ်သော သစ်တောသယံဇာတစာရင်းကောက်ယူခြင်း၊ စောင့်ကြည့်စစ်ဆေးခြင်း၊ မြေအသုံး ချမှုဆန်းစစ်ခြင်းနှင့် လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများကို အဓိက ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်သောကြောင့် ဌာနအတွက်အလွန်အရေးကြီးပါကြောင်း၊ မိမိတို့ဝန်ကြီး ဌာနနှင့် FAO တို့သည် ၁၉၈၀ ခုနှစ် မှစတင်၍ အပူပိုင်းသစ်တောများ ဆန်းစစ်ခြင်းစီမံကိန်းကို ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါကြောင်း၊ ဒုတိယစီမံကိန်းအဖြစ် ၁၉၈၁ မှ ၁၉၈၆ ခုနှစ်အထိ အမျိုးသားသစ်တောသယံဇာတ စာရင်း ကောက်ယူခြင်း စီမံကိန်းနှင့်အတူ ဌာန၏ ကောင်းကင်ဓာတ်ပုံ အသုံးပြုမှုဌာနစိတ်တစ်ခု ဖွဲ့စည်းနိုင်ခဲ့ပြီး နိုင်ငံ၏ သစ်တောဖုံးလွှမ်းမှု ဆန်းစစ်ခြင်းလုပ်ငန်းများ အကောင်အထည် ဖော်နိုင် ခဲ့ပါကြောင်း၊ ထို့နောက် ၁၉၉၇ ခုနှစ်၊ ရေဝေရေလဲဒေသစီမံကိန်း အကောင်အထည် ဖော်ဆောင် ရွက်ခဲ့၍ စီမံကိန်းအထောက်အပံ့ဖြင့် ဒစ်ဂျစ်တယ်နည်းနှင့် သရုပ်ခွဲခြင်းစနစ်(Digital Image Procession System )ကို စတင်အသုံးပြုနိုင်ခဲ့ပြီး RS နှင့် GIS ဌာနစိတ်ကို တည်ထောင်နိုင် ခဲ့ပါကြောင်း၊ ၂၀၀၅ ခုနှစ်၊ ၂၀၁၀ ခုနှစ် သစ်တောသယံဇာတအကဲဖြတ်မှု(Forest Resource Assessment-FRA) အစီရင်ခံစာများတွင် ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ပြီး ၂၀၁၅ ခုနှစ် အစီရင်ခံစာ အတွက်လည်း မကြာမီ ထုတ်ပြန်နိုင်မည်ဖြစ်ပါကြောင်း၊ ကမ္ဘာနှင့်အဝန်း သစ်တောသယံဇာတများ နှစ်စဉ်ပြုန်းတီးမှု အကျိုးဆက်အနေဖြင့် ရာသီ ဥတုပြောင်းလဲခြင်းများ၊ သဘာဝဘေးအန္တရာယ်ကျရောက်ခြင်းများ ရင်ဆိုင်ကြုံတွေ့လာရပါ ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ နိုင်ငံအဆင့် REDD+ လုပ်ငန်းများ၊ အစိမ်းရောင်စီးပွားရေးလုပ်ငန်းများ၊ ဖွံ့ဖြိုးတိုးတက်ရန် ကြိုးပမ်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ သစ်တောများ ထာဝစဉ်တည်တံ့ရေးနှင့် စဉ်ဆက်မပြတ်စီမံအုပ်ချုပ်ရေးအတွက် အရေးကြီးသည့် နှစ်(၃၀)အမျိုးသားသစ်တောကဏ္ဍ ပင်မစီမံကိန်းနှင့် ခရိုင်သစ်တောစီမံအုပ်ချုပ် လုပ်ကိုင်မှု စီမံကိန်းများကိုရေးဆွဲရာတွင် ခိုင်မာတိကျသည့် ကိန်းဂဏန်း အချက်အလက်များ လိုအပ်လာမည်ဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းများအားလုံးသည် ယုံကြည်ကိုးစားရမည့် သစ်တော သယံဇာတစာရင်းနှင့် ပုံမှန်ဆောင်ရွက်သွားရမည့် သစ်တောသယံဇာတ ထိန်းသိမ်းကြီးကြပ်သည့် စနစ်ပေါ်တွင် မူတည်နေပါကြောင်း၊ FAO နှင့် ပူးပေါင်းဆောင်ရွက်မည့် ယခုစီမံကိန်းသည်လည်း စဉ်ဆက်မပြတ် သစ်တောစီမံအုပ်ချုပ်လုပ်ကိုင်မှုကို အထောက်အကူပြုနိုင်ရုံသာမက REDD+ လုပ်ငန်းများအတွက် ကာဗွန်ထုတ်လုပ်မှု ရည်ညွှန်းပမာဏ သတ်မှတ် မှုလုပ်ငန်းများနှင့် မြေအသုံးချအုပ်ချုပ်မှု စီမံကိန်းများ ရေးဆွဲချမှတ်ရာတွင် အကျိုးပြုနိုင်မည့် စီမံကိန်းတစ်ခုဖြစ်ပါ ကြောင်းနှင့် တက်ရောက်လာသူများနှင့် ဌာနအတွက် လိုအပ်သည့် လုပ်ငန်းအစီအစဉ်များကို ချမှတ်ထည့်သွင်းရေးဆွဲနိုင်မည်ဟု ယုံကြည်မိပါကြောင်း ပြောကြားသွားခဲ့ပါသည်။ ထို့နောက် FAO မှ Lead Techanical Officer ဖြစ်သူ Mr.Kenicho Shono မှ နှုတ်ခွန်း ဆက် အမှာစကားပြောကြားခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသူများနှင့်အတူတကွ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြကာ ဖွင့်ပွဲအခမ်းအနားကို နံနက် (၁၀:၀၀) နာရီတွင် ရုတ်သိမ်း ခဲ့ပါသည်။ ဆွေးနွေးပွဲကို နံနက် (၁၀:၀၀)နာရီမှ ညနေ(၁၆:၄၅)နာရီအထိ ကျင်းပသွားမည်ဖြစ်ပြီး FAO နှင့် UN-REDD ရှိ ပညာရှင်များမှ စာတမ်း(၄)စောင် ဖတ်ကြားသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။