Workshop on climate change, forestry and agriculture interface: Adaptation, mitigation and green growth through improved academic, research and technical competence in Myanmar အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်းသတင်း (၃၀-၄-၂၀၁၅၊ နေပြည်တော်)

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးဝင်းထွန်းသည် ယနေ့ (၃၀-၄-၂၀၁၅) ရက်နေ့၊ နံနက်(၀၉:၀၀) နာရီအချိန်တွင် နေပြည်တော် သစ်တောဦးစီး ဌာန၊ အင်ကြင်းခန်းမ၌ နော်ဝေနိုင်ငံစိုက်ပျိုးရေးနှင့် ပတ်ဝန်းကျင်ရေးရာသုတေသနဌာန (Bioforsk) နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသည့် အလုပ်ရုံ ဆွေးနွေးပွဲသို့ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးများ၊ Ms. Ann Ollestad နော်ဝေနိုင်ငံဆိုင်ရာသံအမတ်ကြီးနှင့် အရာရှိကြီးများ၊ နော်ဝေနိုင်ငံ Bioforsk မှ Dr. UdayaSekharNagothuနှင့် Dr. Nils Vagstad၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်ဖိတ်ကြားထားသည့် ဧည့်သည်တော်များတက်ရောက်ခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပသည့် အလုပ်ရုံ ဆွေးနွေးပွဲ၏ အဓိကရည်ရွယ်ချက်မှာ နော်ဝေနိုင်ငံစိုက်ပျိုးရေးနှင့် ပတ်ဝန်းကျင်ရေးရာ သုတေသန ဌာန(The Norwegian Institute for Agriculture and Environmental Research-Bioforsk)နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနများ၏ သုတေသနနှင့် ဖွံ့ဖြိုးမှုဆိုင်ရာဌာန အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းနယ်ပယ်များကိုဖော်ထုတ်ဆွေးနွေးညှိနှိုင်းရန်ဖြစ်ကြောင်း၊
နော်ဝေနိုင်ငံBioforskသည် ဘက်စုံစိုက်ပျိုးမွေးမြူရေးလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုး ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သစ်တောနှင့် သဘာဝသယံဇာတများစီမံအုပ်ချုပ်ခြင်း၊ မြေနှင့် ရေသယံဇာတဘက်စုံစီမံအုပ်ချုပ်ခြင်း၊ အပင်ရောဂါနှင့် ပိုးမွှားဆိုင်ရာစီမံအုပ်ချုပ်ခြင်း၊ ရာသီ ဥတုပြောင်းလဲခြင်းတို့နှင့် သက်ဆိုင်သည့် သုတေသနလုပ်ငန်းများကိုနိုင်ငံတကာနှင့် ပူးပေါင်းဆောင် ရွက်လျက်ရှိကြောင်း၊
နော်ဝေနိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် ပတ်ဝန်းကျင်နှင့်သဘာဝသယံဇာတထိန်းသိမ်းရေးကဏ္ဍ များတွင်နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်ရန်အကြိုသဘောတူညီချက် (Letter of Intent) ကို ရေးထိုးနိုင်ခဲ့ပါကြောင်း၊ မိမိတို့နှစ်နိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုများအနေဖြင့် ပတ်ဝန်းကျင်နှင့် သဘာဝသယံဇာတများထိန်းသိမ်းရေးကဏ္ဍတွင် ပါဝင်သည့် သစ်တောပြုန်းတီးခြင်းနှင့် သစ်တော အတန်းအစားကျဆင်းခြင်းဖြစ်စဉ်မှ ဖန်လုံအိမ်အာနိသင်ဓါတ်ငွေ့များ ထုတ်လွှတ်မှုလျှော့ချခြင်း (REDD+) လုပ်ငန်းစဉ်၊ ရေသယံဇာတများဘက်စုံစီမံအုပ်ချုပ်လုပ်ကိုင်မှု၊ ဇီဝမျိုးစုံမျိုးကွဲများ စီမံ အုပ်ချုပ်လုပ်ကိုင်မှုနှင့် ဘေးအန္တရာယ်ဖြစ်စေတတ်သည့် စွန့်ပစ်ပစ္စည်းများအန္တရာယ်မှ ထိန်းချုပ် ကာကွယ်မှုစသည့် လုပ်ငန်းစဉ်များဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအတွင်းရှိ မျိုးသုဉ်းပျောက်ကွယ်နိုင် သည့် ရှားပါးသစ်ခွမျိုးစိတ်များကို ရှာဖွေဖော်ထုတ်သုတေသနပြုစုစည်း၍ ရေရှည်ထိန်းသိမ်းနိုင်ရန် နော်ဝေနိုင်ငံ၊ သုတေသနဌာနများနှင့် ပူးပေါင်း၍ မျိုးစေ့ဘဏ်များတွင် ထိန်းသိမ်းသိုလှောင်သွား မည်ဖြစ်ကြောင်း၊ ဤလုပ်ငန်းစဉ်ကို ဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံရှိအဖိုးတန် ရှားပါးသစ်ခွ မျိုးစိတ်များကို မျိုးသုဉ်းပျောက်ကွယ်ခြင်းမှ ကာကွယ်နိုင်မည်ဖြစ်ကြောင်း၊
ယခုအလုပ်ရုံဆွေးနွေးပွဲတွင် သစ်တောနှင့် စိုက်ပျိုးရေးကဏ္ဍမှာ ရာသီဥတုပြောင်းလဲမှု လျော့ပါးသက်သာစေရေးနှင့် လိုက်လျောညီထွေစေရေး၊ သုတေသနနှင့် ပညာရေးလုပ်ငန်းများဖွံ့ဖြိုး တိုးတက်စေရန်အတွက်ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းနယ်ပယ်များကို ညှိနှိုင်းဆွေးနွေးပြီး စီမံကိန်းအဆိုပြုလွှာများရေးဆွဲ၍ လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက် သွားမည်ဖြစ် ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံတွင် ဖန်လုံအိမ်အာနိသင်ဓါတ်ငွေ့ထုတ်လွှတ်သည့် မြေယာစီမံခန့်ခွဲသည့်နည်းစနစ်များ၊ မြေအသုံးချမှုပြောင်းလဲခြင်းနှင့် သစ်တောပြုန်းတီးခြင်းတို့ ကြောင့် ဖြစ်ပေါ်လာသည့် ရာသီဥတုပြောင်းလဲမှုကို လျော့ပါးသက်သာစေမည်ဖြစ်ပါကြောင်း၊
သစ်တောများပြုန်းတီးပျက်စီးခြင်းဖြစ်စဉ်သည် ကမ္ဘာအဝှမ်းရှိဖွံ့ဖြိုးဆဲနိုင်ငံများမှာ အရှိန် အဟုန်နှင့် ဆက်လက်ဖြစ်ပေါ်လျက်ရှိပြီး သစ်တောသယံဇာတကိုမှီခိုနေသည့် ဒေသခံပြည်သူများ၏ လူမှုစီးပွားရေးဘဝများကိုထိခိုက်ခြင်းများဖြစ်ပေါ်စေပါကြောင်း၊ မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများ အနေဖြင့်သစ်တောပြုန်းတီးမှုနှင့် တောအတန်းအစားကျခြင်းဖြစ်စဉ်မှ ဖန်လုံအိမ်အာနိသင်ရှိဓါတ်ငွေ့ များထုတ်လွှတ်မှုလျှော့ချရေးလုပ်ငန်းစဉ်(REDD+)ကို ပီပီပြင်ပြင်ဆောင်ရွက်နိုင်ရန်အတွက် နည်း ပညာ၊ လူသားအရင်းအမြစ်နှင့်ရန်ပုံငွေများအထောက်အပံ့ရရှိရန် လိုအပ်ပြီး REDD+လုပ်ငန်းများကို စနစ်တကျစီမံခန့်ခွဲမှုအတွက် မူဝါဒ၊ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အဖွဲ့အစည်းဆိုင်ရာ စွမ်းဆောင် ရည်များတိုးတက်စေရန်အတွက် သုတေသနနှင့်လက်တွေ့လုပ်ငန်းများကိုအခြေခံရမည်ဖြစ်ကြောင်း၊
စီမံကိန်းအကောင်အထည်ဖော်ခြင်းဖြင့် မြန်မာနိုင်ငံတွင်လက်ရှိဆောင်ရွက်နေသည့် ဖန်လုံအိမ် အာနိသင်ဓါတ်ငွေ့ ထုတ်လွှတ်မှုလျော့နည်းစေသည့် လုပ်ငန်းစဉ်များဖွံ့ဖြိုးစေရေး(Low Carbon Development)၊ ရာသီဥတုပြောင်းလဲမှု လျော့ပါးသက်သာစေရေးနှင့် လိုက်လျောညီထွေရှိရေး (Climate Change Mitigation and Adaptation) နှင့်အစိမ်းရောင်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး (GreenEconomy Green Growth) စသည့်နယ်ပယ်များတွင် လိုအပ်နေသောစွမ်းဆောင်ရည် မြှင့်တင်ရေးလုပ်ငန်းများကိုအထောက်အကူရရှိမည်ဖြစ်ကြောင်း၊
ယနေ့ အလုပ်ရုံဆွေးနွေးပွဲတွင် Bioforsk ၊ သစ်တောတက္ကသိုလ်၊ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်၊ သစ်တောသုတေသနဌာနနှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာနတို့မှ ပညာရှင်များ တက်ရောက်ကာ ရင်းနှီးပွင့်လင်းစွာဆွေးနွေးတိုင်ပင်ပြီး ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းနယ်ပယ်များ ဖော်ထုတ်သတ်မှတ်ခြင်း၊ ဦးစားပေးလုပ်ငန်းများသတ်မှတ်ခြင်း၊ စီမံကိန်းရှေ့ပြေးဧရိယာများ သတ်မှတ်ခြင်းတို့ကိုဆောင်ရွက်မည်ဖြစ်ကြောင်း၊ စီမံကိန်းဆောင်ရွက်မည့် အဖွဲ့အစည်းများဖွဲ့စည်း ခြင်း၊ စီမံကိန်းဆိုင်ရာအချက်အလက်များဖြစ်သည့်ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်အသေးစိတ်၊ သွင်းအား စုများ၊ ဖြစ်နိုင်ခြေရလဒ်များ၊ လုပ်ငန်းအောင်မြင်မှုကိုတိုင်းတာမည့် ရည်ညွှန်းကိန်းများနှင့် တွေ့ကြုံ နိုင်သည့် အခက်အခဲများကိုကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲမှ စီမံကိန်း စတင်ဆောင်ရွက်နိုင်ရန်အတွက် စီမံကိန်းအကောင်အထည်ဖော်ရေး မူဘောင် (Project Framework)တစ်ခုကိုရေးဆွဲပြုစုနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာနော်ဝေသံအမတ်ကြီး မစ္စအန်အော်လစ်စတက်မှ အဖွင့် အမှာစကားပြောကြားခဲ့သည်။ အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားပြီးသည့်နောက် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဆောင်သည့် ဌာနအကြီးအကဲ များနှင့် မြန်မာနိုင်ငံဆိုင်ရာနော်ဝေသံအမတ်ကြီးတို့သည် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်း စဉ်များဖြစ်သည့် တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များထိန်းသိမ်းရေး၊ သဘာဝထိန်းသိမ်းရေး နယ်မြေများ စီမံအုပ်ချုပ်မှု၊ ဘေးအန္တရာယ်ရှိသောစွန့်ပစ်ပစ္စည်းများစီမံခန့်ခွဲမှု၊ သစ်တောပြုန်းတီး ခြင်းနှင့် သစ်တောအတန်းအစားလျော့ကျခြင်းမှ ကာဗွန်ထုတ်လွှတ်မှုလျော့ချခြင်းဆိုင်ရာ လုပ်ငန်း စဉ်များ၊ အင်းလေးကန်နှင့် အင်းတော်ကြီးရေအိုင်များရေရှည်တည်တံ့ရေးစနစ် တကျစီမံအုပ်ချုပ်ရန် ကျွမ်းကျင်မှုနည်းပညာနှင့် ရန်ပုံငွေအကူအညီများ ဆက်လက်ထောက်ပံ့ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။