ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသက်သက်ဇင် အား ကမ္ဘာ့ဘဏ်အုပ်စု၏ အဖွဲ့ဝင်တစ်ခုဖြစ်သော International Finance Corporation (IFC) မှ အာရှပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူးဖြစ်သူ Mr. Vivek Pathek နှင့်အဖွဲ့ လာရောက်တွေ့ဆုံ

(နေပြည်တော်၊ ၆-၅-၂၀၁၅)
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ သက်သက်ဇင်အား ကမ္ဘာ့ဘဏ်အုပ်စု၏ အဖွဲ့ဝင်တစ်ခုဖြစ်သော International Finance Corporation (IFC) မှ အာရှပစိဖိတ်ဒေသဆိုင်ရာညွှန်ကြားရေးမှူးဖြစ်သူ Mr. Vivek Pathek နှင့်အဖွဲ့သည် (၆-၅-၂၀၁၅)ရက်နေ့၊ မွန်းလွဲ(၁၅:၀၀)နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံဆွေးနွေးသည်။
ဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီးနှင့်အတူ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီ၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေအေးနှင့် မြေတိုင်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစောလှနိုင်တို့ တက်ရောက်ခဲ့ကြသည်။
ထို့သို့ တွေ့ဆုံဆွေးနွေးရာတွင် မြန်မာနိုင်ငံ၏ ရေအားလျှပ်စစ်စွမ်းအင်ထုတ်လုပ်မှုကဏ္ဍ တွင် ပတ်ဝန်းကျင်နှင့်လူမှုရေးဆိုင်ရာ ဘေးအန္တရာယ်များမှ လျှော့ချနိုင်ရန် စီမံခန့်ခွဲမှု စွမ်းဆောင် ရည် တည်ဆောက်ရေး၊ ရေအားလျှပ်စစ်စီမံကိန်းများနှင့် သက်ဆိုင်သည့် ကုမ္ပဏီများ၊ အဖွဲ့အစည်း များအား ပတ်ဝန်းကျင်နှင့်လူမှုရေးဆိုင်ရာ နည်းပညာအကြံပြုချက်များပေးနိုင်ရေး၊ ပတ်ဝန်းကျင် နှင့် လူမှုရေးဆိုင်ရာ Hotspots များ၏ အခြေခံအချက်အလက်များ ကောက်ယူနိုင်ရန်အတွက် ပတ်ဝန်းကျင်ဆိုင်ရာမဟာဗျူဟာ ဆန်းစစ်ခြင်း (Strategic Environmental Assessment - SEA) ဆောင်ရွက်နိုင်ရေး တို့အတွက် International Finance Corporation မှ ပေးပို့လာသည့် အကြံ ပြုမှုဆိုင်ရာ သဘောတူညီချက်(မူကြမ်း)နှင့်ပတ်သက်၍ ဆွေးနွေးကြကြောင်း သတင်းရရှိသည်။