ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသက်သက်ဇင် အား The World Bank မစ်ရှင်အဖွဲ့ မှ လာရောက် တွေ့ဆုံဆွေးနွေးသည့် သတင်း (နေပြည်တော်၊ ၇-၉-၂၀၁၅)
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ သက်သက်ဇင် အား Ms. Henrike Brecht ၊ Senior Infrastructure Specialist နှင့် Mr. Armando Guzma ၊ Senior Disaster Risk Management Specialist (TTLs) တို့ ဦးဆောင်သည့် The World Bank မစ်ရှင်အဖွဲ့မှ ယနေ့ ၇-၉-၂၀၁၅ ရက်နေ့၊ မွန်းလွဲ ၁၆:၀၀ နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လာရောက် တွေ့ဆုံဆွေးနွေးသည်။ ဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီးနှင့်အတူ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တော ရေးရာဝန်ကြီးဌာန သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေအေးနှင့် မြေတိုင်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန်းလှိုင် တို့ တက်ရောက်ခဲ့ကြသည်။ ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် Disaster Risks Management Project အဆိုပြု လွှာနှင့်ပတ်သက်၍ ရေကြီးမှုကြောင့်ဖြစ်ပေါ်လာသည့် ထိခိုက်နစ်နာနိုင်မှုများ လျှော့ချ နိုင်ရေးအတွက် ဦးစားပေး ဧရိယာ၊ ရင်းနှီးမြှုပ်နှံမှုနယ်ပယ်၊ ဆောင်ရွက်မည့်အဖွဲ့ အစည်းတို့နှင့် ပတ်သက်၍ ဆွေးနွေးကြသည်။ ဆက်လက်၍ သစ်တောပြုန်းတီးမှုမှ တားဆီးကာကွယ်နိုင်ရန်အတွက် သစ်တော စိုက်ခင်းများ တည်ထောင်ခြင်း၊ ရေဝေရေလဲဒေသထိန်းသိမ်းခြင်း၊ ဒီရေတောထိန်းသိမ်း ကာကွယ်ခြင်း၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောတည်ထောင်ခြင်း၊ ရာသီဥတု ပြောင်းလဲမှုလျှော့ချရေးဆိုင်ရာ REDD+ လုပ်ငန်းများဆောင်ရွက်ခြင်းနှင့် ရာသီဥတု ပြောင်းလဲခြင်းနှင့် လိုက်လျောညီထွေဖြစ်စေမည့် လုပ်ငန်းစဉ်များ စသည့်ကိစ္စရပ်များကို ဆွေးနွေးကြကြောင်း သတင်းရရှိသည်။