“ချင်းပြည်နယ်ရှိမြေပြိုဆည်များကြောင့်ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်များ ကြိုတင်ကာကွယ်ရေးအလုပ်ရုံဆွေးနွေးပွဲ” (၁၁-၁၁-၂၀၁၅- နေပြည်တော်)
“ချင်းပြည်နယ်ရှိ မြေပြိုဆည်များကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်များ ကြို တင်ကာကွယ်ရေးအလုပ်ရုံဆွေးနွေးပွဲ”ကို(၁၁.၁၁.၂၀၁၅)ရက်နေ့၊နံနက်(၉:၀၀)နာရီတွင် နေပြည် တော်၊ သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမ၌ကျင်းပရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တော ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း တက်ရောက်၍ အဖွင့်အမှာစကား ပြောကြား ခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းမှ အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ တဝန်းလုံး တွင် ၂၀၁၅ ခုနှစ် ဇွန်လ၂၄ ရက်မှ ၂၈ ရက်အထိ တိုင်းဒေသကြီး(၃)ခုနှင့် ပြည်နယ်(၂)ခုတို့တွင်လည်း ကောင်း၊ ၂၀၁၅ခုနှစ် ဇူလိုင်လ ၁၆ ရက်မှ သြဂုတ်လ ၃၀ ရက် အထိ တိုင်းဒေသကြီး(၆)ခုနှင့် ပြည် နယ်(၆)ခုတို့တွင်လည်းကောင်း၊ ပုံမှန်မဟုတ်သည့် မိုးရွာသွန်းမှုကြောင့်ရေကြီးရေလျှံမှု သဘာဝဘေး အန္တရာယ်များကျရောက်ခဲ့ပြီး ဒေသခံပြည်သူများအတိဒုက္ခရောက်ခဲ့ကြရပါကြောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ကလေးမြို့နယ်နှင့် ချင်းပြည်နယ်၊ ဟားခါးမြို့နယ်တို့သည် သဘာဝဘေးဒဏ် အဆိုးဆုံး ခံစားခဲ့ရပါကြောင်း၊
ချင်းပြည်နယ်တွင် ဖြစ်ပျက်ခဲ့သည့် မြေပြိုမှုနှင့် တောင်ပြိုမှုတို့ကြောင့် အိမ်ခြေ(၁,၁၀၀)ကျော် ပြိုကျပျက်စီးခဲ့ပြီး ဒေသခံပြည်သူ (၁၄,၉၀၀)ခန့် သဘာဝဘေး သင့်ခဲ့ပါကြောင်း၊ ဟားခါးမြို့တွင် ဖြစ် ပျက်ခဲ့သည့် မြေပြိုခြင်း၏ အဓိကအကြောင်းအရင်းမှာ ရက်သတ္တပတ် တစ်ပတ်အတွင်း တစ်နှစ် ပတ်လုံးမိုးရေချိန်၏ ထက်ဝက်ခန့်ရှိသည့် မိုးရေချိန်လက္မ(၃၀)ကျော် ရွာသွန်းခြင်းကြောင့် အဓိက ဖြစ်သည်ဟုသိရှိရပါကြောင်း၊ မှတ်တမ်းများအရ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်နှင့်အတူ မြန်မာနိုင်ငံတွင် မြေပြိုမှုသဘာဝဘေးအန္တရာယ် ပိုမိုများပြားလာကြောင်း၊ ကယားပြည်နယ် တွင်လည်း မြေပြိုမှု ဖြစ်ရပ်များပေါ်ပေါက်ခဲ့ပြီး အသေအပျောက်များရှိခဲ့ပါကြောင်း၊ သြဂုတ်လ အတွင်းအဆက်မပြတ်သည်းထန်စွာ ရွာသွန်းခဲ့သည့်မိုးကြောင့် တွန်းဇံမြို့နယ်၊ ဟားခါးလေးကျေးရွာ အထက်ပိုင်းတောင်ပေါ်မှ ရေကန်ကျိုးပေါက်သည့်ပမာ ကျဆင်းလာသည့် ရွှံ့နွံ၊ အမှိုက်သရိုက်နှင့် ဒိုက်များ ပါဝင်သော တောင်ကျချောင်းရေကြောင့် ဟားခါးလေးကျေးရွာမှ အိမ်ခြေ(၅၉)လုံး ရေစီးဖြင့် မျော ပါခဲ့ရပါကြောင်း၊ တောင်ပြိုမြေပြိုမှုများဖြစ်ပွားရာမှ စီးဆင်းမျောပါလာသည့် ရွှံ့နွှံမြေကြီးများ နှင့် အမှိုက်သရိုက်များသည် တောင်ကျရေစီးကြောင်းများကို ပိတ်ဆို့ပြီးမြေပြိုဆည် (Landslide Dam)(သို့မဟုတ်) သဘာဝတောင်ပြိုကန်များ ပေါ်ပေါက်လာခြင်းသည် နောက်ဆက်တွဲ ဖြေရှင်းရ မည့် ပြဿနာတစ်ရပ် ဖြစ်လာပါကြောင်း၊ သဘာဝတောင်ပြိုကန်(သို့မဟုတ်)မြေပြိုဆည်များ ဖြစ်စေသောအချက်များမှာ မိုးသည်းထန်စွာရွာသွန်းခြင်း၊ နှင်းခဲပြိုကွဲခြင်းနှင့် ငလျင်လှုပ်ခြင်းတို့ ကြောင့်ဟု လေ့လာသိရှိရပါကြောင်း၊ မြေပြိုဆည်များဖြစ်ပေါ်မှုသည် တောင်ကုန်းတောင်တန်း ထူထပ်သောဒေသများတွင် အခါအားလျော်စွာ ကြုံတွေ့ရသည့် သဘာဝဖြစ်စဉ်တစ်ခုဖြစ်ပါကြောင်း၊ မြေပြိုဆည်များကြောင့် ဖြစ်လာနိုင်ခြေရှိသည့် ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် ကြိုတင် ပြင်ဆင်မှုနှင့်ကာကွယ်မှုလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြရန် မဖြစ်မနေလိုအပ်မှာဖြစ်ပါ ကြောင်း၊
ချင်းပြည်နယ်တွင် အဓိကမြေပြိုဆည်ကြီး(၂)ခုကို တွန်းဇံမြို့နယ်အတွင်း ပင်လယ်ရေ မျက်နှာ ပြင်အထက်အမြင့်ပေ(၂,၀၈၁)နှင့် ပင်လယ်ရေမျက်နှာပြင် အထက်အမြင့်ပေ(၄,၂၀၀)တို့တွင် တည်ရှိ နေသည်ဟုသိရှိရပြီးဖြစ်ပါကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဂြိုလ်တုဓါတ်ပုံများ အခြေခံ၍ လည်းကောင်း၊ မြေပြင်ကွင်းဆင်းလေ့လာချက်အရလည်းကောင်း၊ ဒုတိယနေရာသည် ရာဇဂြိုလ်ဆည် နှင့်(၃၂)မိုင်အကွာ ရာဇဂြိုလ်ရေလှောင်တမံအတွင်းစီးဝင်သော နေရဉ္ဇရာချောင်း ၏ချောင်းလက်တက် တစ်ခုဖြစ် သော တွီးလွီးချောင်းဖျားတွင် ဖြစ်ပေါ်နေကြောင်း၊ ကလေးမြို့နယ် ဆည်တော်ရွာအထက် (၂၃)မိုင်အကွာတွင်တည်ရှိပြီး အကျယ်အဝန်း(၈၄)ဧကခန့်ရှိသည်ဟုသိရှိရပါကြောင်း၊ ယခုနှစ်သြဂုတ် လမှ စက်တင်ဘာလအတွင်း ရေပမာဏ တိုးတက်များပြားလာသော်လည်း ၎င်းရေပမာဏမှာ ရာဇဂြိုလ်ဆည် ကျိုးပေါက်သည်အထိဖြစ်ပွားရန် အလားအလာမရှိကြောင်း ဆည်မြောင်းဦးစီးဌာနမှ ပညာရှင် များ၏ ကနဦးတွေ့ရှိသုံးသပ်ချက်များအရ သိရှိပါကြောင်း၊
သဘာဝဘေးအန္တရာယ်များကို တားဆီးကာကွယ်ရန် မဖြစ်နိုင်သော်လည်း ကြိုတင်ပြင်ဆင်မှု ဖြင့် အကောင်းဆုံးတုံ့ပြန်နိုင်စွမ်းရှိရမှာ ဖြစ်ပါကြောင်း၊ ယေဘူယျအားဖြင့် မြေပြိုဆည်များ ပြဿနာ ကို ကိုင်တွယ်ဖြေရှင်းရာတွင် ပီပြင်သည့်အစီအမံများ ချမှတ်နိုင်ရန် မြေပြိုဆည်ဖြစ်တည်မှုဖြစ်စဉ် (Formation Process)၊ ပြန်လည်ကျိုးပေါက်နိုင်မှုအခြေအနေ (Failure Mechanism)နှင့် ဖြစ် ပေါ်လာခဲ့လျှင် ဘေးအန္တရာယ်လျော့နည်းသက်သာစေရေး ဆောင်ရွက်ရမည့် နည်းလမ်းများ (Risk Mitigation Techniques) ဆိုသည့်အချက်(၃)ခုကို ထည့်သွင်းစဉ်းစား ဆောင်ရွက်ရန် လိုအပ် ပါကြောင်း၊
အလုပ်ရုံနွေးပွဲသို့ တက်ရောက်လာကြသည့် ဘာသာရပ်နယ်ပယ်အသီးသီးမှ ကျွမ်းကျင်သူ ပညာရှင်များအားလုံးမှ ဝိုင်းဝန်းသုံးသပ်ဆွေးနွေး ဖော်ထုတ်ရရှိလာသည့် မြေပြိုဆည်များ၏ ပကတိ အခြေအနေ၊ ဘေးအန္တရာယ် ဖြစ်ပေါ်လာနိုင်သည့်အခြေအနေ၊ မဖြစ်ပေါ်မီ ကြိုတင်ပြင်ဆင် ကာကွယ် ဆောင်ရွက်ရန်လိုအပ်သည့်လုပ်ငန်းများ၊ ဖြစ်ပေါ်လာပါက ဆောင်ရွက်ရမည့် အစီအစဉ်များကို အမျိုး သား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီသို့ ပြန်လည် တင်ပြမည်ဖြစ်ပါကြောင်း၊ ယခုဆွေးနွေးပွဲမှဖြစ်ပေါ်နေသည့် မြေပြိုဆည် ကြိုတင်ကာကွယ်ရေး လုပ်ငန်းစီမံချက်တစ်ရပ်ရေးဆွဲ နိုင်လိမ့်မည်ဟုလည်း အလေးအနက် ယုံကြည်ပါကြောင်း ပြောကြားသွားခဲ့ပါသည်။
မြန်မာနိုင်ငံတစ်ဝှမ်းတွင် ဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံမှုပြဿနာအပါအဝင် ချင်းပြည်နယ် တွင်ဖြစ်ပေါ်ခဲ့သည့် မြေပြိုဆည်များနှင့်ပတ်သက်ပြီး ပြည်သူလူထုအနေဖြင့် ပကတိအခြေအနေနှင့် သတင်းအမှန်သိရှိရန် ရည်ရွယ်၍လည်းကောင်း၊ လက်ရှိအခြေအနေကို ရှုထောင့်စုံမှ ပြီးပြည့်စုံစွာ ကွင်းဆင်း လေ့လာသုံးသပ်ပြီး ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်များမှ ကာကွယ်နိုင်ရန် လိုအပ် သည့် အစီအမံများ ချမှတ်ဆောင်ရွက်နိုင်ရန်အတွက် လည်းကောင်း ရည်ရွယ်၍ ဤအလုပ်ရုံ ဆွေးနွေး ပွဲကို ကျင်းပရခြင်းဖြစ်ကြောင်းနှင့် သက်ဆိုင်ရာကဏ္ဍအသီးသီးမှ တာဝန်ရှိသူများ၊ဘာသာရပ် ဆိုင်ရာနယ်ပယ်စုံမှ ကျွမ်းကျင်သူပညာရှင်များက တင်ပြချက်(၆)ခုကို တင်ပြဆွေးနွေးကြမည်ဖြစ် ကြောင်း သိရှိရပါသည်။
အလုပ်ရုံဆွေးနွေးပွဲမှ ချင်းပြည်နယ်တွင် ဖြစ်ပေါ်တည်ရှိနေသည့် မြေပြိုဆည်များ ကြောင့် ပေါ်ပေါက်လာနိုင်သည့်ဘေးအန္တရာယ်များနှင့် အဆိုပါဘေးအန္တရာယ်များမှကျော်လွှားရန် ကြိုတင် ပြင်ဆင် ဆောင်ရွက်နိုင်မည့်နည်းလမ်းများနှင့် လုပ်ငန်းအစီအစဉ်များကို ဖော်ထုတ်နိုင်ရန် ဆွေးနွေး သွားကြမည်ဖြစ်ပါသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဒေါက်တာသက်သက်ဇင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ သစ်တော တက္ကသိုလ် ပါမောက္ခချုပ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်အစိုးရဌာနများမှ ကိုယ်စားလှယ် များ၊ ဆက်စပ်ဝန်ကြီးဌာနများမှ အရာရှိကြီးများ၊ သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးမှပညာရှင်များ၊ အရပ်ဘက် လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ၊ သတင်းမီဒီယာများမှ ပုဂ္ဂိုလ်များနှင့်ဖိတ် ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြကြောင်း သတင်းရရှိပါသည်။