သစ်တောသံယံဇာတအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်ရေး၊ဇီဝမျိုးစုံမျိုးကွဲများ ထာဝစဉ်တည်တံ့စေရေး နှင့်ဂေဟစနစ်တည်ငြိမ်စေရေးဖော်ဆောင်ရန် ဒုတိယဝန်ကြီး ဦးအေးမြင့်မောင် ကွင်းဆင်းစစ်ဆေး

သစ်တောသံယံဇာတ အရင်းအမြစ်များနှင့် ဇီဝမျိုးစုံမျိုးကွဲများ ပျက်စီးပျောက်ကွယ်သွားပါက လူသားများနှင့်ပတ်ဝန်းကျင်တို့၏ညီညွှတ်မျှတနေသည့် ဂေဟစနစ်ကွင်းဆက်များ ပျက်စီးပြုန်းတီး၍ဘဝ ရှင်သန်ရပ်တည်မှုကိုထိခိုက်မည်ဖြစ်သည်။ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာနသည်ဒေသအသီးသီး၌လက်ရှိဒေသခံပြည်သူများ၏လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ကာသစ်တောများရေရှည်တည်တံ့၍အနာဂတ်ပတ်ဝန်းကျင်အခြေအနေကောင်းများဖော်ဆောင်နိုင်ရန်အတွက်သစ်တောစိုက်ခင်းများတည်ထောင်ခြင်း၊ ဒေသခံပြည်သူများပူးပေါင်းပါဝင်၍ ဒေသခံပြည်သူအစုအဖွဲ့ပိုင် စိုက်ခင်းများတည် ထောင်ခြင်း၊ပုဂ္ဂလိကလုပ်ငန်းရှင်များအားကျွန်းနှင့်သစ်မာပုဂ္ဂလိကစိုက်ခင်းများတည်ထောင်စိုက်ပျိုးခွင့်ပြုခြင်း၊ကြိုးဝိုင်း၊ကြိုးပြင်ကာကွယ်တောနှင့်သဘာဝနယ်မြေများတိုးချဲ့ဖွဲ့စည်းခြင်းတို့ကိုစဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိသည်သာမက နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ သစ်တောကဏ္ဍအရင်းအမြစ် များဖွံ့ဖြိုးတိုးတက်လာစေရေးအတွက်ဘက်ပေါင်းစုံမှကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးမြင့်မောင် သည် သစ်တောကဏ္ဍဖွံဖြိုးတိုးတက်မှုဖော်ဆောင်နိုင်ရေးအတွက် သစ်တောဦးစီးဌာန၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနနှင့် မြန်မာ့သစ်လုပ်ငန်းတို့မှ တာဝန်ရှိသူများလိုက်ပါလျက် မန္တလေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်များသို့သွားရောက်၍ ဌာန စိုက်ခင်းတည်ထောင်ခြင်းလုပ်ငန်းများ၊ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောစိုက်ခင်းတည်ထောင်ခြင်းလုပ်ငန်းများ၊ ပုဂ္ဂလိကစိုက်ခင်းတည်ထောင်ခြင်းလုပ်ငန်းများ၊ မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရပ်ဝန်း အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ၊ ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီကဆောင်ရွက်လျက်ရှိသည်ညောင်ဦးဒေသစိမ်းလန်းစိုပြည်ရေးလုပ်ငန်းစီမံကိန်းနေရာများ၊မြန်မာ့ရေနံမြေချောက် ရွှေပုံတောင်စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများနှင့် ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ နတ်မတောင် အမျိုးသားဥယျာဉ်ထိန်းသိမ်းဆောင်ရွက်မှုလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး၍လုပ်ငန်း ဆောင်ရွက်မှုတင်ပြချက်များအပေါ်လိုအပ်သည်များ ညှိနှိုင်းစီမံဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိ သည်။

ဒုတိယဝန်ကြီးသည် နိုဝင်ဘာလ(၉)ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်မင်းဝံ တောင်တန်းပေါ်၌Golden Hook Manufacturing Co., Ltd.ကလျှပ်စစ်ဖြင့် ဧရာဝတီမြစ်ရေတင်၍ စိုက်ပျိုးဆောင်ရွက်လျက်ရှိသည့် ပုဂ္ဂလိကနံသာဖြူ(စန္ဒကူး) စိုက်ခင်းရှင်သန်အောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေနှင့်အနီးဝန်းကျင်ရှိကျေးရွာများအား ရေပေးဝေနိုင်ရေးစီစဉ်ဆောင်ရွက်မှုအခြေအနေအား ကြည့်ရှုစစ်ဆေး၍တင်ပြချက်များအပေါ်လိုအပ်သည်များဖြည့်စွက်မှာကြားခဲ့ကြောင်းသတင်းရရှိသည်။

ဆက်လက်၍ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့သို့ဆက်လက် ထွက်ခွာကာ မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရပ်ဝန်းတစ်ခုဖြစ်သည့် ညောင်ဦးဒေသ၌ ကိုရီးယား အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ၏အထောက်အပံ့ဖြင့် Royal Tree Co., Ltd.က စိုက်ပျိုးတည်ထောင်ဆောင်ရွက်လျက်ရှိသည် သစ်တောစိုက်ခင်းတည်ထောင်ခြင်းစီမံကိန်းအပိုင်း(၄) အားကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။ မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရပ်ဝန်းညောင်ဦးဒေသ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေစိမ်းလန်းစိုပြည်ရေး၊သဘာဝအခြေခံခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်မှုအထောက်အကူဖြစ်စေရေးနှင့်ဧရာဝတီမြစ်ဝှမ်း၊ရေဝေရေလဲဒေသ ထိန်းသိမ်းဆောင်ရွက်နိုင်ရေးတို့ အတွက်သစ်တောဦးစီးဌာနနှင့် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနတို့မှ စိုက်ခင်းများတည် ထောင်ခြင်း၊ ရေရရှိရေးအကောင်အထည်ဖော်ဆောင်ရွက်ခြင်းနှင့် ထင်းအစားအခြားလောင်စာသုံးစွဲနိုင် ရေးအတွက်စွမ်းအားမြှင့်မီးဖိုများဖြန့်ဝေပေးခြင်းတို့ကို ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ သည့်အပြင် JICA, KOICA, JIFPRO စသည့်အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ၁၉၉၆ခုနှစ်မှစတင်၍ ယနေ့အထိ စုစုပေါင်းစိုက်ခင်းဧက(၉၆၀၀)ကျော် တည်ထောင်စိုက်ပျိုးနိုင်သည့် အပြင်လက်ရှိဆောင်ရွက်ဆဲ KOICA စီမံကိန်းပတ်ဝန်းကျင်ကျေးရွာ(၁၀)ရွာ၌ ဒေသခံပြည်သူများ သောက်သုံးရေ အဆင်ပြေစေရေးအတွက် ရေကန်(၁၀)ကန်တူးဖော်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းသိရ သည်။

ဒုတိယဝန်ကြီးနှင့်အဖွဲ့သည်နိုဝင်ဘာ(၁၀)ရက်နေ့တွင်ညောင်ဦးမြိုနယ်အတွင်းJICA, KOICA, JIFPROအဖွဲ့အစည်းများက တည်ထောင်စိုက်ပျိုးခဲ့သည့်စိုက်ခင်းဟောင်းများထိန်းသိမ်းဆောင်ရွက်မှု၊ တောင်တန်းစိမ်းလန်းစိုပြည်စေရေးကွန်တိုလိုင်းအလိုက်မြေအငှားထည့်သွင်း၍စိုက်ပျိုးဆောင်ရွက်ထားရှိမှုအခြေအနေများကိုကြည့်ရှုစစ်ဆေး၍ မြေသင်းတွင်းကျေးရွာတွဲဖက်အလယ်တန်းကျောင်း၌ ကျေးရွာ ရပ်မိရပ်ဖများနှင့်တွေ့ဆုံခဲ့ကြောင်းသတင်းရရှိသည်။

နိုဝင်ဘာ(၁၁)ရက်နေ့တွင်ဒုတိယဝန်ကြီးနှင့်အဖွဲ့သည်ညောင်ဦးမြို့မှထွက်ခွာ၍မကွေးတိုင်းဒေသကြီး၊ ချောက်ရေနံမြေ၊ရွှေပုံတောင်ဒေသသို့ သွားရောက်ကာစိမ်းလန်းစိုပြည်ရေး သစ်ပင်စိုက်ပျိုးမှု အခြေ အနေ၊ စိုက်ပျိုးပြီးသစ်ပင်များ ရှင်သန်အောင်မြင်စေရေးအတွက် တောင်ကုန်းအလိုက် ရေပိုက်သွယ်တန်း ၍ရေပန်းများဖြင့် ရေလောင်းခြင်းတို့ကိုကြည့်ရှုစစ်ဆေး၍ လျှပ်စစ်မီးရရှိရေး၊မော်တာဖြင့်ရေတွန်း၍ ရေ လောင်းခြင်းလုပ်ငန်း ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရေးတို့နှင့် ပတ်သက်၍ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။ရွှေပုံတောင်ဒေသသည်ရေနံမြေဒေသဖြစ်ခြင်း၊ရာသီဥတုပူပြင်းခြောက်သွေ့ခြင်းတို့ကြောင့်သစ်ပင်ပေါက်ရောက်မှုကျဲပါးသည့်အတွက် ၂၀၀၀ပြည့်နှစ်မှစတင်၍ ဒေသနှင့်သင့်လျော်ကိုက်ညီသည် တမာပင်ကြီးများ စိုက်ပျိုးဆောင်ရွက်ခဲ့ရာ၂၀၁၂ခုနှစ်အထိ (၃၈၅၀)ဧကစိုက်ပျိုးဆောင်ရွက်နိုင်ခဲ့ပြီး၊ ၂၀၁၀ ခုနှစ်မှ၂၀၁၅ခုနှစ်အတွင်း တမာပင်(၂)သိန်းကျော် ကွက်လပ်ဖြည့်ဖြည့်စွက်စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။

၎င်းနောက်ဒုတိယဝန်ကြီးနှင့်အဖွဲ့သည်နိုဝင်ဘာ(၁၂)ရက်နေ့တွင် ချင်းပြည်နယ်၊ နတ်မတောင် အမျိုးသားဥယျာဉ်သို့သွားရောက်၍အမျိုးသားဥယျာဉ်ထိန်းသိမ်းဆောင်ရွက်မှုလုပ်ငန်းများအားကြည့်ရှုစစ်ဆေးခဲ့ကြောင်းသတင်းရရှိသည်။နတ်မတောင်အမျိုးသားဥယျာဉ်သည် မြန်မာနိုင်ငံ၏သဘာဝအခြေခံ ခရီးသွားအပန်းဖြေစခန်း(၂၁)ခုအနက်တစ်ခုအပါအဝင်ဖြစ်ပြီး၊ချင်းပြည်နယ်တောင်ပိုင်းကန်ပက်လက်၊မင်းတပ်နှင့်မတူပီမြို့နယ်များအတွင်းတည်ရှိ၍၂၇၅.၅စတုရန်းမိုင်ကျယ်ဝန်းပါသည်။နတ်မတောင်အမျိုးသားဥယျာဉ်အတွင်းတောင်ပေါ်အမြဲစိမ်းတော၊တောင်ပေါ်ထင်းရှုတောနှင့်တောင်ပေါ်မြက်ခင်းတောစသည့်တောအမျိုးအစားများနှင့်ဇီဝမျိုးစုံမျိုးကွဲများပေါများစွာတွေ့ရှိရသည့်နေရာတစ်နေရာဖြစ်ပြီး၊တောင်ပေါ်ဂေဟစနစ်များနှင့် ဇီဝမျိုးစုံမျိုးကွဲများ ရေရှည်တည်တံ့စွာတည်ရှိနေရေးအတွက်ထိန်းသိမ်းကာကွယ် ဆောင်ရွက်လျှက်ရှိသည့်အတွက်၂၀၁၁ခုနှစ်၊စက်တင်ဘာလ(၂၀)ရက်နေ့တွင် အာဆီယံအမွေအနှစ်ဒေသ အဖြစ်တိုးမြှင့်သတ်မှတ်ခြင်းခံရကြောင်းသိရသည်။နတ်မတောင်အမျိုးသားဥယျာဉ်သည် မြန်မာနိုင်ငံ၏ အာဆီယံအမွေအနှစ်ဒေသ(၇)ခုအနက်တစ်ခု အပါအဝင်ဖြစ်၍ ၂၀၁၃ခုနှစ်တွင်ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဥယျာဉ်အဖြစ်ဦးစားပေးအဆင့်(၁)တွင်အဆိုပြုသတ်မှတ်ထားကြောင်းသိရပါသည်။နတ်မတောင်(ဝိတိုရိယ)တောင်ထိပ်အမြင့်ပေ(၁၀၅၀၀)သို့ သဘာဝလမ်းကြောင်းများအတိုင်း တက်ရောက်နိုင်ပြီး ဒေသခံ တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများ၊ သစ်ခွမျိုးများ၊ငှက်မျိုးစိတ်များနှင့် တောင်ပေါ် သဘာဝအလှရှုခင်းများအားအပန်းဖြေလေ့လာကြည့်ရှုနိုင်ရန်စီမံထားရှိကြောင်းသိရသည်။

ဒုတိယဝန်ကြီးနှင့်အဖွဲ့သည်ချင်းပြည်နယ်၊ကန်ပက်လက်မြို့နယ်မှထွက်ခွာ၍မကွေးမြို့သို့ဆက်လက်သွားရောက်ကာ သစ်တောဦးစီးဌာနနှင့်အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနတို့မှစိုက်ပျိုး ဆောင်ရွက်လျက်ရှိသည့် စီးပွားရေးကျွန်းစိုက်ခင်းများ၊သဘာဝတောထိန်းသိမ်းခြင်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

၎င်းနောက်ဒုတိယဝန်ကြီးသည်မကွေးမြို့မှပဲခူးရိုးမဖြတ်လမ်းအတိုင်းဆက်လက်ထွက်ခွာ၍လမ်းတစ်လျောက်ရှိ သစ်တောဦးစီးဌာန စီးပွားရေးကျွန်းစိုက်ခင်းများ၊ ပုဂ္ဂလိကကျွန်းစိုက်ခင်း ရှင်သန်ဖြစ်ထွန်း မှုအခြေအနေများကိုကြည့်ရှုစစ်ဆေးခဲ့ကြောင်းသတင်းရရှိသည်။

လူဦးရေတိုးပွားလာမှုနှင့်အတူ လူနေမှုစနစ်ပုံစံပြောင်းလဲကာ မြေ၊ ရေ၊ လေအစရှိသည့် သဘာဝ သယံဇာတများကိုထုတ်ယူသုံးစွဲမှုများတစ်နှစ်ထက်တစ်နှစ်သိသာစွာတိုးတက်လာခဲ့သည်။ထိုသို့ထုတ်ယူသုံးစွဲရာ၌စနစ်တကျဆောင်ရွက်နိုင်ခြင်းမရှိပါကနောင်လာနောင်သားသားစဉ်မြေးဆက်များအားသဘာဝအခြေခံကောင်းများကိုလက်ဆင့်ကမ်းအမွေမပေးအပ်နိုင်သည်သာမကလက်ရှိမျက်မှောက်ကာလ၌ပင်ကမ္ဘာကြီးပူနွေးလာခြင်း၊ရာသီဥတုပြောင်းလဲလာခြင်း၊ဇီဝမျိုးစုံမျိုးကွဲများနှင့်ဂေဟစနစ်များပျက်စီးယိုယွင်းလားခြင်း၊သဘာဝဘေးအန္တရာယ်များမကြာခဏကျရောက်ခြင်း၊ရေ၊မြေ၊လေထုများ ညစ်ညမ်းလာ ခြင်းစသည့်ဒုက္ခမျိုးစုံကိုတွေ့ကြုံခံစားကြရမည်ဖြစ်သည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေး ရာဝန်ကြီးဌာနသည်သဘာဝအခြေခံကောင်းများကို အနာဂတ်မျိုးဆက်သစ်များသို့လက်ဆင့်ကမ်းနိုင်ရေး ကြိုတင်မျှော်တွေး၍သဘာဝပတ်ဝန်းကျင်ပျက်စီးမှုများကိုအချိန်မီကုစားနိုင်ရန်အတွက်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်ရာ၌နေရာ၊ ဒေသအသီးသီး၌ နေထိုင်ကြသည့်ပြည်သူများကသိမြင် ပူးပေါင်းပါဝင်ဆောင်ရွက်မှုသည် လွန်စွာအရေးကြီးကြောင်း သိရသည်။