အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဒေါက်တာ သောင်းနိုင်ဦး(သစ်တောသုတေသနဌာန)ရေးသားသော “သစ်တောများကို ထိန်းသိမ်းဖို့၊ ပညာရေးနှင့်ချိတ်ဆက်စို့ ”ဆောင်းပါးအားဂုဏ်ပြုဖော်ပြလိုက်ပါသည်။

သစ်ပင်သစ်တောများ
သစ်ပင်သစ်တောများသည် ပတ်ဝန်းကျင်ကို စိမ်းစိုစေပြီး ဖြူ၊ နီ၊ ဝါ၊ ပြာ၊ ခရမ်း အရောင်မျိုးစုံ ပန်းတို့ဖြင့် မျက်စိပသာဒလှပ သာယာစေသည်။ ရာသီဥတုမျှတစေသည်။ စိုက်ပျိုးရေး သီးနှံထွက်နှုန်း ကောင်းမွန်စေသည်။ ဇီဝမျိုးစုံမျိုးကွဲ ကြွယ်ဝစေသည်။ ရေကောင်းရေသန့်၊ လေ ကောင်းလေသန့် ရရှိစေသည်။ မြေဆီလွှာထိန်းသိမ်း ကာကွယ်ပေး သည်။ သစ်နှင့် သစ်မဟုတ်သော သစ်တောထွက် ပစ္စည်းများကို သစ်ပင်များ၊ သစ်တောများ မှ ပံ့ပိုးပေးသည်။ သစ်ပင်စိုက် ပျိုးခြင်း၊ သစ်တောများ ထိန်းသိမ်း ကာကွယ်ခြင်းဖြင့် အကျိုးကျေးဇူးများစွာ ရရှိနိုင်သည်။ နည်းပညာအရ ရိုးရှင်းသည်။ လူတိုင်း အလွယ်တကူ စိုက်ပျိုးနိုင်သည်။ ထိန်းသိမ်းနိုင်သည်။ ထို့ကြောင့်လည်း သစ်ပင် သစ်တော များကို ကမ္ဘာနှင့် အဝှမ်းအလေးထား စိုက်ပျိုးထိန်းသိမ်းလာကြသည်။
ကုလသမဂ္ဂသစ်တောဖိုရမ် (United Nations Forum on Forest-UNFF) နှင့် ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (Food and Agriculture Organization-FAO) တို့ကလည်း သစ်တောများမှ အထောက်အပံ့ပြုသော အကျိုး ကျေးဇူးများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေ ရန်အတွက် အောက်ဖေါ်ပြပါအတိုင်း သုတေသနပြု မှတ်တမ်းတင်ထားသည်ကို တွေ့ရှိရ သည်-
ကမ္ဘာ့မိုးသစ်တောများသည် ကမ္ဘာပေါ်ရှိ အောက်ဆီဂျင်ပမာဏ၏ ၄၀ ရာခိုင်နှုန်း ကျော်ကို ထုတ်လွှတ်ပေးခြင်း၊
သစ်ပင်သစ်တောများသည် ဧရိယာတူသည် ပင်လယ်၊ သမုဒ္ဒရာထက် ရေငွေ့ ထုတ်လွှတ်မှု (၈)ဆ မှ (၁၀)ဆ အထိ ပိုမိုထုတ်လွှတ်ခြင်း၊
သစ်တောများတွင် ကုန်းမြေဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲ ၈၀ ရာခိုင်နှုန်းကျော် မှီတင်း နေထိုင်ခြင်း၊
အမေဇုန်ဒေသရှိ သစ်ပင်မျိုးစိတ် ၁၃၀၀ ကျော်ကို ဆေးဝါးဆိုင်ရာ သို့မဟုတ် ယဉ်ကျေးမှုဆိုင်ရာ ရည်ရွယ်ချက်များအတွက် အသုံးပြုခြင်း၊
အပူပိုင်းသစ်တောများသည် လူများအတွက် ကျန်းမာရေးဂရုစိုက်မှုအဖြစ် နှစ်စဉ် အမေရိကန်ဒေါ်လာ ၁၀၈ သန်းနှင့် ညီမျှသည့် ဆေးဖက်ဝင်အပင်များကို ထောက်ပံ့ပေးခြင်း၊
နောက်ဆုံးပေါ်ဆေးဝါးများ၏ ၂၅ ရာခိုင်နှုန်းကျော်သည် အပူပိုင်းသစ်တောများမှ ရရှိခြင်း၊
ကမ္ဘာပေါ်ရှိ လူဦးရေ ၁ ဒဿမ ၆ ဘီလီယံသည် ၎င်းတို့၏ အသက်မွေး ဝမ်းကြောင်းမှုနှင့် နေ့စဉ်လိုအပ်ချက်များအတွက် သစ်တောများအပေါ်တွင် မှီခိုနေကြ ရခြင်း၊
အပူပိုင်းသစ်တောများသည် နှစ်စဉ် အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံနှင့်ညီမျှသော စိုက်ပျိုးရေးအတွက် ဝတ်မှုန်ကူးခြင်းကို ကူညီထောက်ပံ့ပေးခြင်း၊
ကမ္ဘာ့သစ်တောဧရိယာ ဟတ်တာသန်းပေါင်း ၃၃၀ သည် မြေဆီလွှာ ထိန်းသိမ်း ခြင်း၊ ရေဝေရေလဲထိန်းသိမ်းခြင်း၊ ရေခဲတောင်ပြိုကျမှုမှ တားဆီးကာကွယ်ခြင်း၊ သဲကန္တာရဖြစ် ထွန်းမှု ကာကွယ်တားဆီးခြင်းနှင့် ကမ်းရိုးတန်းဒေသများတွင် သဘာဝဘေးအန္တရာယ် များမှ ကာကွယ်တားဆီးပေးခြင်း၊
သစ်တောများမှ ထုတ်လုပ်ပေးသော စွမ်းအင်သည် ဆိုလာ၊ ရေအားလျှပ်စစ် (သို့မဟုတ်) လေအားလျှပ်စစ်တို့မှ ထုတ်လုပ်ပေးသော စွမ်းအင်ထက်ပိုမိုပြီး ကမ္ဘာ့ပြန်ပြည့်မြဲ စွမ်းအင်ထုတ်လုပ်မှု စုစုပေါင်း၏ ၄၀ ရာခိုင်နှုန်း ခန့်ရှိခြင်း၊
ကမ္ဘာ့သစ်ထုတ်လုပ်မှု စုစုပေါင်း၏ ၅၀ ရာခိုင်နှုန်း (၁.၈ ဘီလီယံ ကုဗမီတာ) သည် ချက်ပြုတ်ခြင်း၊ အပူပေးခြင်းနှင့် လျှပ်စစ်ထုတ်လုပ်ခြင်း စသည့် စွမ်းအင် များအတွက် အသုံးပြုလျှက်ရှိခြင်း၊
မြို့ပြများတွင် သစ်ပင်များကို မဟာဗျူဟာကျကျ စနစ်တကျ စိုက်ပျိုးမည်ဆိုပါက ၂ ဒီဂရီ ဆဲလ်စီယပ် မှ ၈ ဒီဂရီဆဲလ်စီယပ်ခန့်အထိ လေထုပိုမိုအေးမြစေနိုင်ခြင်း၊
သစ်ပင်များကို မြို့ပြများတွင် စနစ်တကျ စိုက်ပျိုးထားပါက အပူချိန် ၈ ဒီဂရီ ဆဲလ်စီးယပ်အထိ လျှော့ချနိုင်ပြီး မြို့ပြဝန်းကျင် အေးမြသာယာကာ လေအေးပေး စက် လိုအပ်ချက် ၃၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခြင်း၊
ဖွံ့ဖြိုးဆဲနိုင်ငံများမှ ပြည်သူ ၈၈၃ သန်းခန့်သည် သစ်၊ ထင်းလောင်စာ အခြေခံ စွမ်းအင် ထုတ်လုပ်မှု လုပ်ငန်းများတွင် အချိန်ပြည့်၊ အချိန်ပိုင်းလုပ်ငန်းများ ဝင်ရောက်လုပ် ကိုင်၍ အလုပ်အကိုင်အခွင့်အလမ်းများ၊ ဝင်ငွေများ ရှာဖွေခြင်း၊
မြို့ပြတွင်ရှိသစ်တော၊ သစ်ပင်များသည် လေထု အတွင်းရှိ အန္တရာယ်ဖြစ်စေသည့် ညစ်ညမ်းမှုများ၊ အလွန်သေးငယ်သည့် အမှုန်အမွှားများကို ဖယ်ရှားပေးသည့် အလွန်ကောင်း မွန် သော သဘာဝ လေသန့်စင် စက်ရုံကြီးများသဖွယ် ဖြစ်ခြင်း၊ မြို့ပြကျေးရွာဝန်းကျင် အေးမြသာယာစေခြင်း၊

အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့
သစ်တောအတွင်းမှ သစ်တောသစ်ပင်အမျိုးမျိုးနှင့် သစ်တောပြင်ပရှိသစ်ပင် များ (Trees Outside of Forests) မှ အထောက်အပံ့ပြုသော ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှု များ၏ အရေး ပါပုံကို ပြည်သူလူထု အားလုံး သိရှိနားလည်စေရန်၊ သစ်တောထိန်းသိမ်းရေး လုပ်ငန်းများတွင် ပိုမိုပူးပေါင်း ပါဝင်လာစေရန်အတွက် ရည်ရွယ်ပြီး ကုလသမဂ္ဂ အထွေထွေညီလာခံက ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့ ဆုံးဖြစ်ချက်အမှတ် A/C.2/67/L.4 ဖြင့် နှစ်စဉ် မတ်လ ၂၁ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ (International Day of Forests) အဖြစ် သတ်မှတ်ကြေငြာခဲ့သည်။ ကမ္ဘာ့နိုင်ငံ အသီးသီးတွင် အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ အထိမ်းအမှတ် အခမ်းအနား များကို ကျင်းပစေပြီး မူဝါဒချမှတ်သည့် ပုဂ္ဂိုလ်များ၊ ဆက်စပ်ပတ်သက်သူများ၊ ကလေးလူကြီး ကျားမ မရွေး ပြည်သူပြည်သားများအားလုံး သစ်ပင်စိုက်ပျိုးခြင်း၊ သစ်တောထိန်းသိမ်းခြင်း လုပ်ငန်းများတွင် ပိုမိုတက်ကြွစွာ ပူးပေါင်း ဆောင်ရွက်လာစေရန် ကြိုးပမ်းခြင်းလည်း ဖြစ်သည်။
သစ်တောများသည် လုပ်ငန်းကဏ္ဍအသီးသီးနှင့် တိုက်ရိုက်သော် လည်းကောင်း၊ သွယ်ဝိုက်၍ သော်လည်းကောင်း စပ်ဆက်လျှက်ရှိပြီး အဆိုပါ လုပ်ငန်းကဏ္ဍအသီးသီးအပေါ် အကျိုးပြုနေကြောင်း ပေါ်လွင်စေရန် အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ အခမ်းအနား များကို နှစ်စဉ် ဦးတည်ချက်များ ချမှတ်ပြီးကျင်းပလျှက် ရှိသည်။ ၂၀၁၆ ခုနှစ်တွင် “သစ်တောများနှင့် ရေ”၊ ၂၀၁၇ ခုနှစ်တွင် “သစ်တောများနှင့် စွမ်းအင်”၊ ၂၀၁၈ ခုနှစ်တွင် “သစ်တောများနှင့် စဉ်မပြတ် ဖွံ့ဖြိုးတိုးတက် သောမြို့ကြီးများ” ဟူ၍ ဖြစ်သည်။ ယခု ၂၀၁၉ ခုနှစ်အတွက် ဦးတည်ချက်မှာ “သစ်တောများနှင့် ပညာရေး” ဟူ ၍ ချမှတ် ထားသည်။
၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ အတွက် ချမှတ်ထားသော “သစ်တောများ နှင့် ပညာရေး” ဦးတည်ချက် နှင့် စပ်လျဉ်းပြီး အဓိက သတင်းအချက် များကို အောက်ဖေါ်ပြ ပါအတိုင်း တွေ့နိုင်သည် -
(က) သစ်တောများမှ ထောက်ပံ့သော အကျိုးကျေးဇူးများကို သိရှိနားလည်ပြီး အနာဂတ်အတွက် သစ်တောများ ကျန်းမာသန်စွမ်းပြီး ထာဝစဉ်တည်တံ့စေရန် ဆောင်ရွက်ခြင်း
သစ်တောများသည် လေ၊ မြေ၊ ရေ နှင့် လူသားများ၏ ကျန်းမာရေးအတွက် အထောက်အကူ ပြုလျှက်ရှိသည်။ သစ်တောများသည် ကျွန်ုပ်တို့ ရင်ဆိုင်နေရသော အကြီးဆုံးသော စိန်ခေါ်မှု များကို ဖြေရှင်းရာတွင် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်လျှက်ရှိသည်။ ဥပမာအားဖြင့် ရာသီဥတုပြောင်းလဲမှု လျှော့ချခြင်း၊ ဆာလောင်မှု၊ စားနပ်ရိက္ခာဆိုင်ရာ ပြဿနာများ နှင့် ဆင်းရဲမွဲတေမှု တိုက်ဖျက်ခြင်း ဆိုင်ရာ ပြဿနာများ ဖြေရှင်းရာတွင် သစ်တောများမှ အထောက်အပံ့ပေးသည့် သစ်နှင့် သစ်မဟုတ်သော သစ်တောထွက် ပစ္စည်းများ၊ ပတ်ဝန်း ကျင်ဆိုင်ရာ ဝန်ဆောင်မှုများသည် မရှိမဖြစ် အလွန်အရေးပါသည်။ ၂၀၃၀ ခုနှစ် တွင် ကမ္ဘာ့ လူဦးရေ ၈.၅ ဘီလီယံ ထိတိုးပွားလာပါက သစ်တောများ၏ အရေးပါမှု အခန်းကဏ္ဍ သည် ယခုအချိန်ထက် ပိုမိုလာမည် ဖြစ်သည်။
(ခ) ကလေးငယ်များ၊ လူငယ်များကို သစ်ပင်များအကြောင်း လေ့လာသင်ယူစေခြင်း
ကလေးလူငယ်များကို သစ်ပင်သစ်တောများ နှင့် ထိတွေ့ စေခြင်းဖြင့် သစ်ပင်သစ်တောများ၏ အကျိုးကျေးဇူးများကို ငယ်စဉ်ကတည်းကပင် သိရှိပြီး သစ်ပင်ချစ်စိတ်ဖြင့် ဘဝတစ်လျောက်လုံး သစ်ပင်များ စိုက်ပျိုးထိန်းသိမ်း လာနိုင်ပါ သည်။ သစ်တောများကို အစားအစာများ၊ အမိုးအကာများ၊ သစ်နှင့်သစ်မဟုတ် သော သစ်တောထွက် ပစ္စည်းများ တိုက်ရိုက်ပံ့ပိုးပေးသည့် ဘဝအစိတ်အပိုင်း တစ်ခုအဖြစ် အသိအမှတ် ပြုလာစေရန် ကလေးငယ်များက သင်ယူနိုင်ပါသည်။ တစ်ချို့ကလေးများအနေဖြင့် သစ်ပင်အမျိုးမျိုးအကြောင်းကို စာသင်ခန်း များတွင် လေ့လာရင်း သိရှိလာနိုင်ပါသည်။ တစ်ချို့ကလေးများကတော့ ကြီးကြပ်သူများနှင့် အတူ သစ်တောများ၊ မြို့ပြဥယျာဉ်ငယ်များ၊ သစ်မျိုးစုံ ဥယျာဉ်များသို့ လည်ပတ်လေ့ လာခြင်းဖြင့် သစ်ပင်များနှင့် အကျိုးကျေးဇူးအမျိုးမျိုးကို လေ့လာသိရှိလာနိုင် ပါသည်။ ကလေးလူငယ် ဘဝမှစတင်ပြီး ၄င်းတို့ အသက်အရွယ်၊ အသိပညာ နှင့် လိုက်လျော ညီထွေဖြစ်စေမည့်၊ နားလည်စေနိုင်မည့် နည်းလမ်း ပုံစံတို့ဖြင့် သစ်တောသစ်ပင် အကြောင်း သိရှိစေရန်၊ ချစ်ခင်တတ် စေရန် အခြေနေကောင်းများ ဖန်တီးပေး ကြရမည်။ သင်ကြား ပေးကြရမည် ဖြစ်သည်။ ဥပမာ ကျောင်းဝန်း အတွင်း ကျောင်းဥယျာဉ်ငယ်လေးများ တည်ထောင်ခြင်း၊ ကျောင်းသားများ ကိုယ်တိုင် သစ်ပင်များ စိုက်ပျိုး ထိန်းသိမ်းပြုစု စေခြင်း၊ ကျောင်းပတ်ဝန်းကျင် ရှိ သစ်ပင်၊ ပန်းပင်များ လေ့လာစေခြင်း၊ ပျိုးဥယျာဉ်၊ သစ်မျိုးစုံ ဥယျာဉ်၊ ရုက္ခဗေဒ ဥယျာဉ် များသို့ ကြီးကြပ်သူ ဆရာဆရာများ နှင့် အတူ သွားရောက်လေ့လာ စေခြင်းဖြင့် သစ်ပင် သစ်တောများအကြောင်း ထိထိရောက်ရောက် လေ့လာနိုင် မည်ဖြစ်သည်။
(ဂ) ခေတ်မှီနည်းပညာ နှင့် မိရိုးဖလာ အသိပညာဗဟုသုတများသည် သစ်တောများ သန်စွမ်း ကျန်းမာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျ အရေးပါခြင်း
သစ်တောများ ထာဝစဉ်တည်တံ့စေရေး စီမံအုပ်ချုပ်ရာတွင် အဆင့်မြင့် နည်းပညာ များ၊ ခေတ်မှီနည်းပညာများ လိုအပ်သကဲ့သို့ ကျေးလက်ပြည်သူများနှင့် ဌာနေတိုင်း ရင်းသားများ၏ မိရိုးဖလာ ဗဟုသုတ၊ အသိပညာနှင့် အတွေ့အကြုံတို့ ကလည်း အလွန်အရေးကြီး သော အခန်းကဏ္ဍက ပါဝင်လျှက်ရှိသည်။ ဥပမာ သစ်တောများ စနစ်တကျ စီမံအုပ်ချုပ်ရန် သစ်တောသယံဇာတစာရင်း ကောက်ယူခြင်း၊ သစ်တော များ ကြီးကြပ်စစ်ဆေးခြင်း လုပ်ငန်းများတွင် ကောင်းကင် ဂြိုဟ်တုဓာတ်ပုံများ အသုံးပြုခြင်း၊ အဝေးမှစူးစမ်းလေ့လာခြင်း နှင့် ပထဝီဝင် သတင်းအချက်အလက် စနစ်များတွင် ခေတ်မှီနည်း ပညာများကို အသုံးပြုခြင်းသည် အလွန်ထိရောက် လှသည်။ အလားတူပင် ကျေးလက်ဒေသနေပြည်သူများ၊ ဌာနေတိုင်းရင်း သားများ သည် သစ်ပင် သစ်တောများကို မိရိုးဖလာ ဗဟုသုတ၊ အတွေ့အကြုံတို့ဖြင့် နှစ်ပေါင်း များစွာ စီမံအုပ်ချုပ်လာသော သာဓက များစွာလည်းရှိသည်။ အမျိုးသမီးများသည် သစ်တောများ အတွင်းမှ အစားအစာနှင့် ထင်း တို့ကို စုဆောင်းခြင်း၊ မိမိတို့ လယ်ယာခြံမြေများတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးခြင်းတို့ကို ဆောင်ရွက်ရလေ့ရှိပြီး ၄င်းတို့ အတွေ့အကြုံနှင့် ဗဟုသုတများကို မျိုးဆက်တစ်ဆင့်မှ တစ်ဆင့် လက်ဆင့် ကမ်းခဲ့ကြ သည်။ ခေတ်မှီနည်းပညာနှင့် မိရိုးဖလာ အသိပညာဗဟုသုတများ ဟန်ချက်ညီ ပေါင်းစပ် ဆောင်ရွက် နိုင်ရေး သည် အရေးကြီးသည့် လုပ်ငန်းစဉ်တစ် ရပ်ဖြစ်သည်။
(ဃ) သစ်တောပညာရေးတွင် ရင်းနှီးမြုပ်နှံခြင်းဖြင့် ပိုမိုကောင်းမွန်သော ကမ္ဘာကြီးအဖြစ် ပြောင်းလဲ နိုင်ခြင်း
ပညာရေး ဟုဆိုရာတွင် မူလတန်းကြို၊ မူလတန်း၊ အလယ်တန်း၊ အထက်တန်း နှင့် တက္ကသိုလ် ကျောင်းပညာရေး တွင်သာမက အသက်မွေးဝမ်းကျောင်း ပညာရေး အမျိုးမျိုးတွင် သစ်ပင် သစ်တောထိန်းသိမ်းရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာ၊ အတတ်ပညာများကို အသက်အရွယ်နှင့် လိုက်လျောညီထွေစွာ ထည့်သွင်းသင်ကြားပေးခြင်းဖြင့် သစ်တော ထိန်းသိမ်းရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်း ရေး အတွက် အကျိုးကျေးဇူးများ တိုးပွားနိုင် မည်ဖြစ်သည်။ အရည်အသွေးပြည့် သော ပညာရေးအတွက် သင့်တင့်လျောက်ပတ်သော ရင်းနှီးမြုပ်နှံမှုများ လိုအပ်သည်။ စနစ်ကျသော၊ ခေတ်နှင့် လျော်ညီသော သင်ရိုးညွှန်းတမ်းများ ဖြစ်စေဖို့၊ အားထား လောက်သည့် စာကြည့်တိုက်များ ဖွံ့ဖြိုးလာစေဖို့၊ ဘာသာရပ်ဆိုင်ရာ ဆရာဆရာမ များ အရည်အချင်း တိုးတက်လာစေဖို့၊ အရေအတွက် တိုးပွားလာစေဖို့၊ စာသင်ခန်း အတွင်း ရှိသင့်ရှိထိုက်သော သင်ထောက်ကူ ပစ္စည်းများ ပြည့်စုံလုံလောက်စေဖို့၊ သုတေသန လုပ်ငန်းများ အတွက် အဆင့်မီသော ဓာတ်ခွဲခန်း များ ပေါ်ထွက်လာ စေဖို့ လုံလောက်သော ရင်းနှီးမြုပ်နှံများ လိုအပ်သည်။ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုများ (Sustainable Development Goals-SDG) အနက် ပန်းတိုင် (၄) မှာ အရည်အသွေးပြည့်ဝသောပညာရေး (Quality Education) ဖြစ် ပြီး ရည်မှန်းချက် ၇ ခုတွင် အရည်အသွေးပြည့် ပညာရေး ဖြစ်ပေါ်လာစေရန် ပြည့်စုံစွာ ဖေါ်ပြထားသည်။
သစ်တောပညာရေး တွင် လုံလောက်စွာ ရင်းနှီးမြုပ်နှံခြင်း ဖြင့် သိပ္ပံပညာရှင်များ၊ မူဝါဒချမှတ် သူများ၊ သစ်တောပညာရှင်များ နှင့် ဒေသခံပြည်သူများ ဆောင်ရွက် လျှက်ရှိသော သစ်တော ပြုန်းတီးမှုနှင့် သစ်တောအတန်းအစား ကျဆင်းမှု လျှော့ချခြင်း၊ သစ်တောများ ပြန်လည်ထူ ထောင်ခြင်း၊ ရေဝေရေလဲသစ်တောများ၊ ဒီရေတောများ ထိန်းသိမ်းခြင်း၊ သဲကန္တာရ ဖြစ်ထွန်းမှု တိုက်ဖျက်ခြင်း လုပ်ငန်းများ အောင်မြင်ပြီး ယနေ့ရင်ဆိုင်နေရသော ရာသီဥတုပြောင်းလဲမှုနှင့် ပတ်ဝန်းကျင် ဆိုင်ရာ ပြဿနာများကို အောင်မြင်စွာ ဖြေရှင်းနိုင်မည် ဖြစ်သည်။
(င) အမျိုးသမီးများနှင့် အမျိုးသားများ သစ်တောပညာရေး အတွက် တူညီသော အခွင့်အရေးရှိသင့်ခြင်း
နိုင်ငံအတော်များများတွင် သစ်တောပညာရေး၌ အမျိုးသမီးများ ပိုမိုပါဝင်လာစေရန် နှင့် အလွှာအသီးသီးတွင် သစ်တောပညာရေးကို တန်းတူညီမျှ သင်ကြားခွင့် ရရှိရေး ဦးစားပေး အဖြစ် ကြိုးပမ်းဆောင်ရွက်လျှက်ရှိသည်။ သစ်တောပညာရေးတွင် ကျား၊ မ တန်းတူ ညီမျှမှု သည် ကျေးလက်နေ အမျိုးသမီးများ၏ စွမ်းဆောင်ရည် ပိုမိုမြင့်မားစေပြီး သစ်တောများ စဉ်ဆက်မပြတ် စီမံအုပ်ချုပ်ရေးအတွက် ကောင်းမွန် သော အကျိုးသက်ရောက်မှု ဖြစ်စေသည်။

သစ်တောများနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင် (၁၅)
သစ်ပင်၊ သစ်တောများ ထိန်းသိမ်းရေး လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ကုလသမဂ္ဂအဖွဲ့ကြီးမှ ဦးဆောင်လျှက် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ဆောင်ရွက်လျှက်ရှိရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှု ပန်းတိုင်များ အနက် ပန်းတိုင် (၁၅) မှာ သစ်တောများစဉ်ဆက်မပြတ် စီမံအုပ်ချုပ်ခြင်း ဆိုင်ရာ ပန်းတိုင်ဖြစ်သည်။ “ကုန်းမြေဂေဟ စနစ်များအား ကာကွယ်ရန်၊ ပြန်လည် မွမ်းမံ ထိန်းသိမ်းရန်နှင့် ရှေရှည်တည်တံ့စေမည့် နည်းလမ်း များဖြင့် အသုံးပြုရန်၊ သစ်တော များအား ရေရှည်တည်တံ့ စေမည့် နည်းလမ်း များဖြင့် စီမံအုပ်ချုပ်ရန်၊ သဲကန္တာရဖြစ် ထွန်းမှု တိုက်ဖျက် ရန်၊ မြေဆီလွှာပြုန်တီးမှု ရပ်ဆိုင်း ၍ မြေအရည်အသွေးပြန် လည်ကောင်းမွန်စေရန်၊ ဇီဝမျိုးစုံမျိုးကွဲ များ ဆုံးရှုံးမှုရပ်တန့်ရန်” ဟူ၍ စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်မှု ပန်းတိုင် (၁၅) တွင် ဖေါ်ပြထားသည်။ အဆိုပါပန်း တိုင် အောင်မြင်စေရန်အတွက် ရည်မှန်းချက်များကို အချိန်ကာလ သတ်မှတ်၍ အောက်ဖေါ် ပြပါအတိုင်း ချမှတ်ထားသည်-
(က) ၂၀၂၀ ခုနှစ်တွင် ကုန်းမြေနှင့် ကုန်းတွင်းရေချို ဂေဟစနစ်ဝန်ဆောင်မှုများ တိုးပွား စေရေး၊ အထူးဖြင့် သစ်တောများ၊ ရေဝပ်ဒေသများ၊ တောင်တန်းများနှင့် အပူပိုင်း ဒေသများ ထိန်းသိမ်းရေး၊ ပြန်လည်တည်ထောင်ခြင်းနှင့် စဉ်ဆက် မပြတ် အသုံးပြုနိုင်စေရေးတို့ကို ဆောင်ရွက်ရာတွင် အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်များ နှင့် အညီဖြစ်စေရန် စီစဉ်ဆောင် ရွက်ခြင်း၊
(ခ) ၂၀၂၀ ခုနှစ်တွင် သစ်တောအမျိုးအစား အားလုံးအတွက် စဉ်ဆက်မပြတ် သစ်တောစီမံ အုပ်ချုပ်မှု လုပ်ငန်းများ တိုးတက်စေခြင်း၊ သစ်တောပြုန်းတီးမှု ရပ်တန့်ခြင်း၊ တောနိမ့် တောပျက်များတွင် သစ်တော ပြန်လည်တည်ထောင်ခြင်း၊ ကမ္ဘာလုံးအတိုင်း အတာဖြင့် သစ်တောပြန်လည် တည် ထောင်ရေး လုပ်ငန်းများ သိသာထင်ရှားစွာ တိုးတက်ခြင်း၊
(ဂ) ၂၀၃၀ ခုနှစ်တွင် သဲကန္တာရဖြစ်ထွန်းမှု တိုက်ဖျက်ခြင်း၊ ပူပြင်းခြောက်သွေ့ခြင်း၊ ရေကြီး ခြင်းဖြစ် ပေါ်ခဲ့သည့် နေရာများနှင့် အဆင့်နိမ့်ကျနေသော မြေဆီလွှာများ ကို ပြန်လည်ထိန်းသိမ်းခြင်း၊ မြေအဆင့်အတန်း ယုတ်လျော့ကျဆင်းခြင်း မရှိစေရန် ဆောင်ရွက်ခြင်း၊
(ဃ) ၂၀၃၀ ခုနှစ်တွင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် မရှိမဖြစ် လိုအပ်သော ဇီဝမျိုးစုံမျိုးကွဲ အပါအဝင် တောင်တန်းစနစ်များ စနစ်တကျ ထိန်းသိမ်းနိုင်စေ ရေးအတွက် စွမ်းဆောင်ရည်များ တိုးပွားလာစေရေးအတွက် စနစ်တကျ ဆောင် ရွက်ခြင်း၊
(င) သဘာဝနေရင်းဒေသများ အဆင့်အတန်းကျဆင်းနေခြင်းကို လျော့ကျစေရန် အလေးထား ဖြေရှင်းဆောင်ရွက်ခြင်း၊ ဇီဝမျိုးစုံမျိုးကွဲ ပျောက်ကွယ် ဆုံးရှုံးမှု ရပ်တန့်စေရန် ဆောင်ရွက်ခြင်းနှင့် ၂၀၂၀ ခုနှစ်တွင် မျိုးသုဉ်းပျောက် ကွယ်ရန် အန္တရာယ်ရှိသည့် မျိုးစိတ်များကို ထိန်းသိမ်းကာ ကွယ်ခြင်း၊
(စ) မျိုးရိုးဗီဇအရင်းမြစ်များအသုံးပြုမှုမှ ရရှိလာသည့် အကျိုးအမြတ်များကို မျှတစွာ ခွဲဝေခံစား နိုင်ရေးအတွက် ကြိုးပမ်းမြှင့်တင်ဆောင်ရွက်ခြင်းနှင့် နိုင်ငံတကာ သဘောတူညီမှုများနှင့် အညီအဆိုပါ အရင်းအမြစ်များကို သင့်လျော်သလို အသုံးပြု နိုင်ရေး ဆောင်ရွက်ခြင်း၊
(ဆ) တားဆီးပိတ်ပင် ကာကွယ်ထားသော အပင်နှင့် တိရစ္ဆာန်များ တရားမဝင် အမဲလိုက် ဖမ်းဆီးခြင်း၊ ရောင်းဝယ်ခြင်းများကို ထိရောက်စွာ အရေးယူခြင်း၊ တောရိုင်းတိရစ္ဆာန် အစိတ်ပိုင်းများ တရားမဝင် ရောင်းဝယ်ဖေါက်ကားခြင်း ဆိုင်ရာ ကိစ္စရပ်များကို ဖြေရှင်း ဆောင်ရွက်ခြင်း၊
(ဇ) ၂၀၂၀ ခုနှစ်တွင် မြေနှင့် ရေဂေဟစနစ် များတွင် ပြည်ပမျိုးစိတ်သစ်များ တင်သွင်း လာခြင်းနှင့် ၄င်းတို့၏ အကျိုးဆက်များကို ကာကွယ်ဖြေရှင်းမည့် နည်းလမ်းများ ဖေါ်ထုတ်ခြင်းနှင့် အရေးကြီးသည့် အဓိကမျိုးစိတ်များကို ထိန်းချုပ်ခြင်း (သို့မ ဟုတ်) ဖယ်ရှားခြင်း၊
(ဈ) ၂၀၂၀ ခုနှစ်တွင် ဂေဟစနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲတန်ဖိုးများကို နိုင်ငံအဆင့် နှင့် ဒေသန္တရ အဆင့် စီမံကိန်းများ၊ ဖွံ့ဖြိုးမှုလုပ်ငန်းစဉ်များ၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး မဟာဗျူဟာ လုပ်ငန်းစဉ်များတွင် ပေါင်းစပ်ထည့်သွင်းခြင်း၊
(ည) ဂေဟစနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရန် နှင့် စဉ်ဆက်မပြတ် အသုံးပြုနိုင် ရန်အတွက် ရန်ပုံငွေကြေးများ အရင်းအမြစ်အမျိုးမျိုးမှ ရရှိနိုင်စေရေး ဆောင်ရွက်ခြင်း၊
(တ) သစ်တောများ စဉ်ဆက်မပြတ် စီမံအုပ်ချုပ်နိုင်ရန်အတွက် ရန်ပုံငွေကြေးများ အရင်း အမြစ်အမျိုးမျိုး၊ အလွှာအမျိုးမျိုးမှ ရရှိနိုင်ရေး ဆောင်ရွက်ခြင်း၊ သစ်တောများ ထိန်းသိမ်းခြင်းနှင့် သစ်တောများပြန်လည်တည်ထောင်ရေး လုပ်ငန်းများ အတွက် ဖွံ့ဖြိုးဆဲနိုင်ငံ များအား လုံလောက်သော မက်လုံးများ ပေးခြင်း၊
(ထ) တားဆီးကာကွယ်ထားသော မျိုးစိတ်များအား တရားမဝင် ကုန်သွယ်ရောင်း ဝယ်ခြင်း လုပ်ငန်းများအား တိုက်ဖျက်ရေးတွင် ကမ္ဘာလုံးဆိုင်ရာ အကူအညီများ တိုးပွား လာစေရေးနှင့် ဒေသခံပြည်သူများ အသက်မွေးဝမ်းကျောင်း လုပ်ငန်းအခွင့် အလမ်းများ စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်စေရေး အတွက် စွမ်းဆောင်ရည် တိုးတက်မြင့်မားစေရေး ဆောင်ရွက်ခြင်း၊

သစ်ပင်သစ်တောများ၏ အခန်းကဏ္ဍ ကို ပိုမို အသိအမှတ်ပြု အလေးထား လာကြ သည် ဖြစ်ရာ ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့တွင် အမေရိကန် နိုင်ငံ၊ နယူးယောက်မြို့၌ ကမ္ဘာ့ ကုလသမဂ္ဂက ကြီးမှုးကျင်းပခဲ့သည့် ရာသီဥတု ပြောင်း လဲမှု ထိပ်သီး ဆွေးနွေးပွဲ(၂၀၁၄)တွင် သစ်တောများဆိုင်ရာ နယူးယောက်ကြေငြာစာတမ်း ထုတ်ပြန်ကြေငြာ၍ သစ်တောထိန်းသိမ်းရေး လုပ်ငန်းများ တွန်းအားပေး ဆောင်ရွက်ခဲ့သည် ကို တွေ့နိုင်မည် ဖြစ်သည်။ အဆိုပါကြေငြာချက်တွင် ကမ္ဘာ့အပူချိန် ၂ ဒီဂရီ ဆဲလ်ဆီးယပ် လျှော့ချနိုင်ရန်အတွက် ၂၀၂၀ ခုနှစ်တွင် သစ်တောပြုန်းတီးမှု ၅၀ ရာခိုင်နှုန်းအထိ လျှော့ချရန်နှင့် ၂၀၃၀ ခုနှစ်တွင် သစ်တောပြုန်းမှုလုံးဝ မရှိစေရေး ရည်မှန်းပြီး ဆောင်ရွက် သွားရန်၊ ၂၀၂၀ ခုနှစ်တွင် တောနိမ့် တောပျက်ဧရိယာ ဟက်တာသန်း ၁၅၀ ကို သစ်တော စိုက်ခင်းအဖြစ် တည်ထောင်ရန်နှင့် ၂၀၃၀ ခုနှစ်တွင် တောနိမ့် တောပျက် ဟက်တာသန်း ၂၀၀ ကို ပြန်လည်တည်ထောင် ထိန်းသိမ်းရန် ရည်မှန်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း ဖေါ်ပြထားသည်။ အဆိုပါရည်မှန်းချက်များ ပြည့်မီရေးအတွက် သစ်တောပြုန်းတီးမှု လုံးဝရပ်တန့်ရေး (Net Zero Deforestation) ၊ ကြီးမားကျယ်ပြန့်သော သစ်တော မြေယာရှုခြင်းများ ပြန်လည်တည်ထောင်ခြင်း (Forest Landscape Restoration)၊ ဘွန်းစိန်ခေါ်မှုများ (Bonn Challenges) စသည့် အစီအစဉ်များဖြင့် တစ်ကမ္ဘာလုံး အတိုင်းအတာ လှုပ်ရှားမှုများဖြင့် ဆောင်ရွက်လျက်ရှိသည်။
သစ်တောများ ထာဝစဉ်တည်တံ့စေရေး
ယနေ့အချိန်တွင် မြန်မာနိုင်ငံ၌ သစ်တောများထာဝစဉ်တည်တံ့ရေး၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေး အတွက် အရေးအကြီးဆုံး ဆောင်ရွက်ရမည့် လုပ်ငန်းမှာ လက်ရှိဖြစ်ပေါ် လျှက်ရှိသည့် သစ်တောပြုန်းတီးမှုနှုန်း လျှော့ချရန် နှင့် ကျန်ရှိ နေသည့် သဘာဝတောများကို ထိထိ ရောက်ရောက် စီမံအုပ်ချုပ် ထိန်းသိမ်းကာကွယ်ရန် ဖြစ်သည်။ ရည်ရွယ်ချက် အမျိုးမျိုးဖြင့် သစ်ပင်သစ်တော များခုတ်ထွှင်ရှင်းလင်း၍ အခြားမြေအသုံးချမှုအား ပြောင်းလဲခြင်းသည် သစ်တောများ ပြုန်းတီး၍ ပတ်၀န်းကျင် ဆိုင်ရာပြဿနာများ ဖြစ်ပေါ်စေသည်။ တရားမဝင်သစ်ခိုးထုတ်မှု များ နိုင်ငံအနှံ့အပြား ကျယ်ကျယ်ပြန့် ပြန့် ဖြစ်ပေါ်နေခြင်း၊ တရားမဝင်သစ်ခိုးယုံသာမက ဂိုဏ်းဖွဲ့၍ တာဝန်ရှိသော သစ်တောဝန်ထမ်း များကိုပင် ခြိမ်းခြောက်နှောက်ယှက်ခြင်း၊ အသက်အန္တရာယ်ပြုခြင်း တို့သည် ယနေ့သစ်တောထိန်းသိမ်းရေး လုပ်ငန်းများအတွက် ကြီးမားသော စိန်ခေါ်မှု တစ်ခုဖြစ် သည်။ သစ်တောပြုန်းတီးခြင်း အဓိက အကြောင်း အရာများသည် လူမှုစီးပွားရေးနှင့် သာမက လူအများ၏ ကိုယ်ကျင့်တရား၊ စိတ်ဓာတ်၊ ခံယူချက်များနှင့် ပါတိုက်ရိုက်ဆက်နွယ် လျှက်ရှိ သည်။
“သစ်ပင်သစ်တောများသည် ဖွံ့ဖြိုးတိုးတက်မှု အားလုံး၏ ဗဟိုချက်” ဖြစ်သည် ဆိုသည့် စကား နှင့်အညီ ဖွံ့ဖြိုးမှု လုပ်ငန်းတိုင်းတွင် သစ်တောထိန်းသိမ်းရေး၊ ပတ်ဝန်းကျင်ထိန်း သိမ်းရေးကို အမျှော်အမြင်ကြီးစွာဖြင့် ထည့်သွင်းစဉ်းစား၊ ပေါင်းစပ်ဆောင်ရွက်ရန် လိုအပ်သည်။ လက်ရှိရင်ဆိုင်နေရသော ပြဿနာအရင်းအမြစ်များ ကို ခြေခြေမြစ်မြစ် သိရှိနားလည်ပြီး ဥပဒေဖြင့် တိတိကျကျ ထိရောက်စွာအရေးယူ ဆောင်ရွက်ခြင်း၊ ဆက်စပ်ဌာနအချင်းချင်း ရင်းနှီးစွာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခြင်း၊ ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက် မူဝါဒ၊ ဥပဒေရေးရာ နှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာ အခြေအနေကောင်းများ ဖန်တီးပေးနိုင်ရန် လိုအပ်သည်။ ထိရောက်မှန်ကန် သည့် နည်းစနစ်များ၊ နည်းပညာများ၊ လုံလောက်သည့် သွင်းအားစု များ၊ ဝန်ထမ်းအင်အားဖြင့် ရင်းနှီးမြုပ်နှံ ဆောင်ရွက်ကြရ မည်ဖြစ်သည်။ ရေရှည်အကျိုး ကျေးဇူးများ ကိုမျှော်မှန်း၍ သစ်တောမြေမှ အခြားမြေအသုံးချမှု ပြောင်းလဲခြင်း များကို ချင့်ချင့်ချိန်ချိန် အလေးအနက် စဉ်းစား ဆောင်ရွက်ကြရန် လိုအပ်သကဲ့ အခြားဖွံ့ဖြိုးဆဲ နိုင်ငံများ၏ သစ်တောများ ပြုန်းတီး ပျက်စီးမှုဆိုင်ရာ ခါးသီးသောအတွေ့အကြုံကို သင်္ခန်းစာယူပြီးဖွံ့ဖြိုးရေးနှင့် ပတ်၀န်းကျင်ထိန်းသိမ်းရေး လုပ်ငန်းတို့ကို သဟဇာတမျှတအောင် ဘက်စုံပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရန် လိုအပ်သည်။ သစ်တောထိန်းသိမ်းရေး လုပ်ငန်းစဉ်များ အောင်မြင်ရေးတွင် အစိုးရဌာနများသာမက အကျိုးဆက်စပ်ပတ်သက်သူများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များ၊ ဒေသခံပြည်သူများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ မြို့ပြလူမှုအဖွဲ့အစည်းများ အားလုံး ပါဝင်မှုသည် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်လျှက်ရှိပါသည်။

သစ်တောများနှင့် ပညာရေး
သစ်တောထိန်းသိမ်းရေး လုပ်ငန်းစဉ်များသည် ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှု များကို တိုးပွားစေ၍ ပစ္စုပ္ပန်နှင့် အနာဂတ်မျိုးဆက်များအတွက် စီးပွားရေး၊ လူမှုရေးနှင့် ပတ်ဝန်း ကျင်ဆိုင်ရာ အကျိုးကျေးဇူးများ ဖေါ်ဆောင်ရန် ဖြစ်သည်။ သစ်တောများမှ အထောက်အပံ့ပြုသော သစ်နှင့် သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းများ သာမက ငွေကြေးအားဖြင့် တန်ဖိုးမဖြတ်နိုင်သော ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှု တန်ဖိုးများကို အထူးအလေးထား၍ သစ်တောများ၏ အခန်းကဏ္ဍကို ပိုမိုမြှင့်တင် ကြရန်လိုအပ်သည်။
သစ်တောများကို ပညာရေးနှင့် ချိတ်ဆက်ဆောင်ရွက် ခြင်းဖြင့် သစ်တောထိန်းသိမ်းရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများ ပိုမိုအောင်မြင် နိုင်မည်ဟူသော မျှော်မှန်းချက်ဖြင့် ယခုနှစ် အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ အတွက် ဦးတည်အကြောင်းအရာကို “သစ်တောများနှင့် ပညာရေး” ဟု သတ်မှတ်ခဲ့သည်။ သစ်တောများမှ ထောက်ပံ့ပေးသော အကျိုးကျေးဇူး အမျိုးမျိုးကို ကျောင်းသားလူငယ်များ သိရှိနားလည်စေခြင်း၊ အသက်အရွယ်အကန့်အသတ်မထားပဲ ကလေးငယ် များ၊ ကျောင်းသား ကျောင်းသူများ၊ လူငယ်များကို သစ်ပင်သစ်တောများ အကြောင်း အရွယ်နှင့် လိုက်လျောညီထွေရှိစွာ သိရှိနားလည်စေခြင်း၊ ကိုယ်တိုင်ကိုယ်ကျ သစ်ပင် စိုက်ပျိုး ထိန်းသိမ်းစေခြင်း၊ အသက်အရွယ် ပေါ်မူတည်ပြီး သစ်ပင်သစ်တော များနှင့် သက်ဆိုင်သော ပညာရပ်များ သင်ပြခြင်း၊ လေ့လာဆည်းပူး နိုင်အောင် အားပေးကူညီခြင်း၊ သစ်ပင်သစ်တော ထိန်းသိမ်းခြင်းဆိုင်ရာ ခေတ်မှီ နည်းပညာများ ကျယ်ပြန့်စွာ လေ့လာသင်ယူနိုင်စေရန်၊ ကျောင်းပြင်ပတွင် လေ့လာနိုင်စေရန် အခြေ အနေကောင်းများ ဖန်တီးပေးခြင်း၊ သစ်ပင်သစ်တော ထိန်းသိမ်းခြင်း ပညာရပ်များအတွက် ရင်းနှီးမြုပ် နှံမှုများ ပိုမိုဆောင်ရွက်ခြင်း၊ သစ်တောပညာရေး မြှင်တင်ဆောင်ရွက်ခြင်း များ ပိုမိုဆောင်ရွက်ခြင်းဖြင့် ယခုနှစ် အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ ရည်မှန်းချက်များ ပြည့်မီနိုင်မည်ဖြစ်သည်။ အရည်အသွေး ပြည့်ဝ ကောင်းမွန်သော ပညာရေးစနစ် ၏ အထောက်အပံ့ဖြင့် သစ်တောများ၏ တန်ဖိုးကို အပြည့်အဝနားလည် သဘောပေါက်လျှက် တန်ဖိုးထား စိုက်ပျိုးထိန်းသိမ်းခြင်းဖြင့် အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ ရည်မှန်းချက်များ အောင်မြင်စေ ကြောင်း ဆန္ဒပြု ရေးသားတင်ပြအပ်ပါသည်။

date: 
Tuesday, March 19, 2019 - 10:45