မတ်လ ၂၁ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့အား အားဂုဏ်ပြုကြိုဆို

ကုလသမဂ္ဂ အထွေထွေညီလာခံက ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့ ဆုံးဖြတ်ချက် အမှတ် A/C.2/67/L.4 ဖြင့် နှစ်စဉ် မတ်လ ၂၁ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ (International Day of Forests) အဖြစ် သတ်မှတ်ကြေငြာ ခဲ့သည်။ ယခုနှစ်၏ ဆောင်ပုဒ်မှာ “သစ်တောများနှင့် ပညာရေး” (Forests and Education)ဖြစ်သည်။
မကြာသေးမီကာလကစတင်ပြီး သစ်တောများနှင့် ဆက်နွယ်နေသော ဘာသာရပ်များ၊ ပညာရေးနယ်ပယ်များ အထူးအလေးထားလာကြသည်။ အဓိကအကြောင်းအရင်းတစ်ခုမှာ သစ်တောများနှင့် ဆက်နွယ်သော ပညာရပ်များ၊ သစ်တောများမှ ပံ့ပိုးပေးသော အကျိုးကျေးဇူး များကို သိရှိလာသည့် အားလျော်စွာ အကျိုးကျေးဇူးများအား စဉ်ဆက်မပြတ် ရနိုင်ရေးအတွက် သစ်တောများကို မည်ကဲ့သို့ စီမံအုပ်ချုပ်လုပ်ကိုင်ရမည်၊ ထိန်းသိမ်းကာကွယ်ကြရမည်ကို ပိုမို နားလည်သဘောပေါက်ရန် လိုအပ်သောကြောင့်လည်း ဖြစ်သည်။
စွမ်းဆောင်ရည်မြင့်မားသော လူ့စွမ်းအားအရင်းအမြစ်များတိုးပွားလာစေရေးနှင့် ပြည်သူ များအကြား သစ်တောများ၏တန်ဖိုး၊ သစ်တောထိန်းသိမ်းရေး အသိပညာများ တိုးပွားလာစေ ရေးအတွက် ပညာရေးသည် အခြေခံအကျဆုံး လိုအပ်ချက်ဖြစ်သည်။ သစ်တောများနှင့်ဆက်စပ် သော ပညာရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် စာသင်ကျောင်းများသည် အဓိကအခန်းကဏ္ဍက ပါဝင်လျှက်ရှိသည်။ကျောင်းသူကျောင်းသားများအနေဖြင့် သစ်တောများမှပံ့ပိုးပေးသော အကျိုး ကျေးဇူးများ၊ အထူးသဖြင့် သစ်နှင့်သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းများ၊ ပတ်ဝန်းကျင် ဆိုင်ရာဝန်ဆောင်မှုများဖြစ်သည့် ရာသီဥတုမျှတသာယာစေခြင်း၊ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်း ခြင်း၊ မြေဆီလွှာထိန်းသိမ်းခြင်း၊ သဲကန္တာရတိုက်ဖျက်ခြင်းစသည့် အကျိုးကျေးဇူးများကို သိရှိနားလည်ခြင်းဖြင့်အနာဂတ်သစ်တောများစီမံအုပ်ချုပ်ရေးအတွက်ခေါင်းဆောင်ကောင်းများ ဖြစ်လာနိုင်ပါသည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ချစ်မြတ်နိုးသူများ ဖြစ်လာပါလိမ့်မည်။
အာရှနှင့်ပစိဖိတ်ဒေသရှိ လူဦးရေ စုစုပေါင်း၏ ၅၁ ရာခိုင်နှုန်းသည် အသက် ၃၀ အောက် လူငယ်များဖြစ်ကြပြီး အဆိုပါလူငယ်များသည် နောင်မကြာမီကာလတွင် သက်ဆိုင်ရာနိုင်ငံ အလိုက်၊ အဖွဲ့ အစည်းအလိုက် ခေါင်းဆောင်များ၊ ဦးဆောင်သူများ၊ ဆုံးဖြတ်ချက် ချမှတ်သူများ ဖြစ်လာပေတော့မည်။ ငယ်စဉ်ကပင် သစ်တောထိန်းသိမ်းရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ သဘာဝ သယံဇာတများ စီမံအုပ်ချုပ်မှု သဘောသဘာဝများ ကို စနစ်တကျ လေ့ကျင့်သင်ကြား ပေးခြင်း မခံခဲ့ရပါက အနာဂတ်ကာလတွင် သစ်တောထိန်းသိမ်းရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းစဉ်များကို နိုင်ငံအဆင့်လုပ်ငန်းများ၌ ပေါင်းစပ်ချိတ်ဆက် လုပ်ဆောင် ရန် ပျက်ကွက်လာကြပါလိမ့်မည်။
ယနေ့အချိန်သည် သစ်တောများ၏ အစစ်အမှန်တန်ဖိုး များ အားသိမြင်လက်ခံရန်နှင့် အခွင့်အလမ်း၊ စိန်ခေါ်မှုများကို အလေးထားရမည့် အချိန်လည်းဖြစ်သည်။ သစ်တောပညာ ရပ်များကို သာမန်ပြည်သူများ အလွယ်တကူ နားလည်နိုင်ရန် ကြိုးပမ်းဆောင်ရွက်ရန် လိုအပ် သကဲ့သို့ သဘာဝသယံဇာတများ စီမံအုပ်ချုပ်လုပ်ကိုင်မှု နှင့် သစ်တောစီမံအုပ်ချုပ်လုပ်ကိုင်မှု ပညာရပ်များ ချိတ်ဆက်လေ့ကျင့်သင်ကြားရန်လည်း ခေတ်ကတောင်းဆိုလျှက်ရှိသည်။ သစ်တောပညာ ရပ်များကို သင်ကြားပေးသည့် တက္ကသိုလ်များ၊ သင်တန်းကျောင်းများလည်း ခေတ်နှင့် လျော်ညီစွာ ယခုထက်ပိုမိုဖွံ့ဖြိုးတိုးတက်ရန် လိုအပ်လျှက်ရှိသည်။ သစ်တောပညာရေး နှင့် အထူး သဖြင့် ခက်ခဲနက်နဲသည့် သစ်တောစီမံအုပ်ချုပ်ခြင်း ပညာရပ်များ၊ ရာသီဥတု ပြောင်းလဲမှု၊ ဇီဝမျိုးစုံမျိုးကွဲစသည့် ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှု များနှင့် ဆက်စပ်နေသော ပညာရပ် များကို အပြည်ပြည် ဆိုင်ရာအဆင့်၊ အမျိုးသားအဆင့်၊ ဒေသန္တရအဆင့် တက္ကသိုလ် များ၊ အထက်တန်းကျောင်းများ၊ အလယ်တန်း ကျောင်းများ၊ မူလတန်းကျောင်းများ၊ အသက် မွေး ပညာကျောင်းများနှင့် အသီးသီးသော သင်တန်းများတွင် သင်ကြားပေးနိုင်ရေး အလွန် အရေးကြီးလှသည်။
သင်ကြားပေးရုံသာမကအရည်အသွေးပြည့်သောပညာရေးအတွက် သင့်တင့်လျောက်ပတ် သော ရင်းနှီးမြုပ်နှံမှုများလိုအပ်သည်။စနစ်ကျသော၊ ခေတ်နှင့်လျော်ညီသောသင်ရိုး ညွှန်းတမ်း များဖြစ်စေဖို့၊ အားထားလောက်သည့် စာကြည့်တိုက်များ ဖွံ့ဖြိုးလာစေဖို့၊ ဘာသာရပ်ဆိုင်ရာ ဆရာဆရာမများ အရည်အချင်း တိုးတက်လာစေဖို့၊ အရေအတွက် တိုးပွားလာစေဖို့၊ စာသင်ခန်း အတွင်း ရှိသင့်ရှိထိုက်သော သင်ထောက်ကူ ပစ္စည်းများ ပြည့်စုံလုံလောက်စေဖို့၊ သုတေသန လုပ်ငန်းများအတွက် အဆင့်မီသော ဓာတ်ခွဲခန်းများ၊ လေ့ကျင့်ရေးသစ်တောများ ပေါ်ထွက်လာ စေဖို့ လုံလောက်သော ရင်းနှီးမြုပ်နှံများ လိုအပ်သည်။
အာရှနှင့် ပစိဖိတ်ဒေသတွင်း အချို့နိုင်ငံများနည်းတူ မြန်မာနိုင်ငံတွင်လည်း သစ်တော ကဏ္ဍအတွင်း သစ်တောပညာရေးဆိုင်ရာ အဖွဲ့အစည်းများ၏ စွမ်းဆောင်ရည် အားနည်းလျက် ရှိသည်။ပုံမှန်ပညာရေးလမ်းကြောင်းမှ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာပညာရပ်များသင်ကြား ပေးသော သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်တစ်ခုရှိပြီး သစ်တောဦးစီးဌာနနှင့် မြန်မာ့သစ်လုပ်ငန်းတို့မှ သစ်တော၊ သစ်လုပ်ငန်းဝန်ထမ်းများကို အဓိကပို့ချပေးနေသော သစ်တောဦးစီးဌာန၏ သင်တန်းကျောင်းများနှင့် မြန်မာ့သစ်လုပ်ငန်း၏ သင်တန်းကျောင်းများ သာရှိသည်။ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များ၊သစ်တောပညာကို စိတ်ဝင်စားသော သာမန်ပြည်သူများ အနေဖြင့် သစ်တော ပညာရပ်များ၊ သစ်တောပညာနှင့် ဆက်နွယ်နေသော ပညာရပ်များကို လေ့လာသင်ယူရန် အခက်အခဲရှိသည်။ အစိုးရသင်တန်းကျောင်းမှလွဲ၍ ပြင်ပတွင် သစ်တောပညာပို့ချသော အဖွဲ့အစည်းများ မရှိသလောက် နည်းပါးလျက်ရှိသည်။
ဥပမာ- ပုဂ္ဂလိကသစ်တောစိုက်ခင်းလုပ်ငန်းရှင်များ၊ ကုမ္ပဏီများအတွက် လက်တွေ့ မြေပြင်တွင် လုပ်ဆောင်ရသော၊ သစ်တောများစီမံအုပ်ချုပ်ရသော သစ်တောလုပ်ငန်း ကျွမ်းကျင် ဝန်ထမ်းများ၊ ကျွမ်းကျင် လုပ်သားများ လုံလောက်စွာ ရရှိရေးခက်ခဲသည်။ အလားတူပင် ဒေသခံပြည်သူများ၊ ဆက်စပ်ပတ်သက်သူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်း ပညာရပ်၊ ထိခိုက်မှုနည်းသည့် သစ်ထုတ်ပညာရပ်၊ တောမီးကာကွယ်စီမံအုပ်ချုပ်ခြင်း၊ သစ်တော တိုင်းတာခြင်း၊ သစ်တောများပြန်လည်တည်ထောင်ခြင်း၊ ရေဝေရေလဲ ဒေသစီမံအုပ်ချုပ်ခြင်း၊ သစ်တောများသဘာဝမျိုးဆက်ခြင်း၊ တန်ဖိုးမြှင့်စိုက်ပျိုးခြင်း၊ သစ်တောမြေဆီလွှာ ထိန်းသိမ်း ခြင်းစသည့် သစ်တောပညာရပ်နယ်ပယ် အလိုက် ကျွမ်းကျင်သည့်ပညာရှင်များ၊ ကျွမ်းကျင် သူများလည်း တစ်စတစ်စရှားပါးလာလျက်ရှိသည်။ ပုဂ္ဂလိက သစ်တောစိုက်ခင်းလုပ်ငန်းများ ဖွံ့ဖြိုးလာမှုနှင့်အတူ ကျွမ်းကျင်ဝန်ထမ်း လိုအပ်ချက်ကလည်း မြင့်မားလျက်ရှိသည်။
သစ်တောပညာရေးတွင် တွေ့ကြုံနေရသော အခက်အခဲများ၊ လိုအပ်ချက်များသည် မူဝါဒဆိုင်ရာ ပြဿနာများ ဖေါ်ထုတ်မှု အားနည်းခြင်း၊ မူဝါဒရေးဆွဲမှုတွင် အားနည်းခြင်းနှင့် အကောင်အထည်ဖေါ်ရန် ပံ့ပိုးမှုမလုံလောက်ခြင်းတို့မှ အရင်းခံခဲ့ခြင်းဖြစ်သည်။ သစ်တော မူဝါဒ ဆိုင်ရာစီးပွားရေး၊ ပတ်ဝန်းကျင်နှင့် လူမှုရေး အကျိုးဆက်များကို သစ်တောပညာရှင်များက အစဉ်အမြဲ လေ့လာခြုံငုံသုံးသပ်ပြီး တွေ့ရှိချက်များ၊ အခွင့်အလမ်းများ၊ စိန်ခေါ်မှုများကို မူဝါဒ ရေးရာ စာစောင်များအဖြစ် ရေးသားဖြန့်ဝေခြင်း၊ အဆင့်မြှင့်တင်ခြင်းတို့ကို ပြုလုပ်ကြရန် လိုအပ်သည်။ ပြဿနာများကို နက်နက်ရှိုင်းရှိုင်း လေ့လာ၊ ဆန်းစစ်၊ ခွဲခြမ်းစိတ်ဖြာ၊ နားလည် သဘောပေါက်ပြီး မှန်ကန်သော မူဝါဒများ ချမှတ်နိုင်စေရန် ဆောင်ရွက်ကြရမည်ဖြစ်သည်။ အဆင့်အသီးသီးအတွက် သင့်လျော်သည့် ချဉ်းကပ်မှုအမျိုးမျိုးဖြင့် သစ်တောပညာရေး၊ သစ်တောပညာရပ်များကို ဖြန့်ဖြူးကြရ မည်ဖြစ်သည်။
၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ အတွက် ချမှတ်ထားသော “သစ်တော များနှင့် ပညာရေး” ဦးတည်ချက်နှင့် စပ်လျဉ်းပြီး အောက်ပါလုပ်ငန်းများကို ဆောင်ရွက်ရန် တိုက်တွန်းထားသည်-
(က) သစ်တောများမှ ထောက်ပံ့သော အကျိုးကျေးဇူးများကို သိရှိနားလည်ပြီး အနာဂတ် အတွက် သစ်တောများ ကျန်းမာသန်စွမ်းပြီး ထာဝစဉ်တည်တံ့စေရန် ဆောင်ရွက် ခြင်း
(ခ) ကလေးငယ်များ၊ လူငယ်များကို သစ်ပင်များအကြောင်း လေ့လာသင်ယူစေခြင်း
(ဂ) ခေတ်မီနည်းပညာ နှင့် မိရိုးဖလာ အသိပညာဗဟုသုတများသည် သစ်တောများ သန်စွမ်း ကျန်းမာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အရေးပါသည့်အတွက် လေ့လာသင်ယူခြင်း၊ ထိရောက်စွာ အသုံးချခြင်း
(ဃ) သစ်တောပညာရေးတွင် ပိုမိုရင်းနှီးမြုပ်နှံခြင်းဖြင့် ပိုမိုကောင်းမွန်သော ကမ္ဘာကြီး အဖြစ် ပြောင်းလဲနိုင်ခြင်း
(င) အမျိုးသမီးများနှင့် အမျိုးသားများ သစ်တောပညာရေးအတွက် တူညီသော အခွင့်အရေးရှိစေရန် ဆောင်ရွက်ခြင်း
သစ်ပင်သစ်တောများနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရပ်များ၊ လုပ်ငန်း များသည် ကလေး၊ လူငယ်၊ လူကြီး၊ ကျား၊ မ မရွေး အရွယ်မျိုးစုံ၊ အလွှာမျိုးစုံ သိသင့် သိထိုက်ပါသည်။ အသက်မွေးဝမ်းကျောင်း ပညာရေးအပါအဝင် အခြေခံပညာရေးမှ စတင်ပြီး တက္ကသိုလ်ပညာရေးအထိ အဆင့်တိုင်းတွင် သစ်ပင်သစ်တောများနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရပ်များ၊ လုပ်ငန်းများနှင့် ရင်းနှီးကျွမ်းဝင်နေအောင် ထည့်သွင်းဆောင်ရွက် သင့်သည်။ သင်ရိုးညွှန်းတမ်းတွင် ပါဝင်သည်ဖြစ်စေ၊ မပါဝင်သည်ဖြစ်စေ သိသင့်သိထိုက်သော ဗဟုသုတ အဖြစ်လည်းကောင်း၊ နည်းပညာရပ်တစ်ခု အဖြစ်လည်းကောင်း၊ ဝါသနာတစ်ရပ် အဖြစ်လည်းကောင်း၊ အတွေ့အကြုံတစ်ခုအဖြစ်လည်းကောင်း သစ်တောများ၏အကျိုးကျေးဇူး များ နားလည်အောင်၊ သစ်ပင်သစ်တောများ ချစ်ခင်ထိန်းသိမ်းလာစေအောင် အခြေအနေ ကောင်းများ ဖန်တီးပေးကြရန် လိုအပ်သည်။
ကလေး၊ လူငယ်များကို သစ်ပင်များ၊ သစ်တောများနှင့် စတင်မိတ်ဆက်ပေးရန်အတွက် သဘာဝချစ်သူ၊ သစ်ပင်သစ်တော ထိန်းသိမ်းသူများစသည်ဖြင့် ကျောင်း၊ ရပ်ကွက်အတွင်း အသင်းအဖွဲ့လေးများ ဖွဲ့စည်းပေးခြင်း၊ သစ်ပင်၊ သစ်တော စိုက်ပျိုးထိန်းသိမ်းထားသော နေရာ များ၊ သစ်မျိုးစုံဥယျာဉ်၊ ရုက္ခဗေဒဥယျာဉ်၊ မြို့ပြသစ်တောဥယျာဉ်၊ အစိမ်းရောင် ကွက်လပ်ငယ် စသည့်နေရာများသို့ အခါအားလျော်စွာ အလည်အပတ်ပို့ခြင်း၊ သစ်ပင်စိုက်ပျိုးခြင်း၊ သစ်တောမှ အထောက် အပံ့ပြုသော အကျိုးကျေးဇူးများကို မျက်မြင်ကိုယ်တွေ့ သိရှိနိုင်စေရန် နမူနာများ ပြသခြင်း၊ သစ်တောသစ်ပင်များ အကြောင်း ဟောပြောပို့ချခြင်း တို့ကို ဆောင်ရွက်ခြင်းဖြင့် ကလေးများ၊ လူငယ်များ သစ်တောသစ်ပင် ချစ်ခင်မြတ်နိုးစိတ်၊ ထိန်းသိမ်းလိုစိတ် တိုးပွါးပြီး အနာဂတ် သစ်တောစီမံအုပ်ချုပ်ရေးတွင် စွမ်းဆောင်ရည်မြင့်မားသော ခေါင်းဆောင်ကောင်း များအဖြစ် ပေါ်ထွက်လာနိုင်မည် ဖြစ်သည်။
သစ်တော များကို အစားအစာများ၊ အမိုးအကာများ၊ သစ်နှင့်သစ်မဟုတ်သော သစ်တော ထွက် ပစ္စည်းများ တိုက်ရိုက်ပံ့ပိုးပေးသည့် ဘဝအစိတ်အပိုင်းတစ်ခုအဖြစ် အသိအမှတ် ပြုလာ စေရန် ပြောဆို စည်းရုံးသင်ကြားပေးနိုင်သည်။ ချစ်စဖွယ် ငှက်ကလေးများ၊ လိပ်ပြာများ မှသည် ကျား၊ ကျားသစ်၊ ဆင်၊ခြင်္သေ့ စသည့် တောဘုရင်များ နားခိုရာ နေရင်းဒေသများအဖြစ် သရုပ်ဖေါ် သင်ကြားပေးနိုင်သည်။ ရေသယံဇာတများ၊ မြေဆီလွှာများ၊ မြစ်ချောင်းများ၊ ဆည်မြောင်း၊ တာတမံများနှင့် သစ်တောများ ဆက်စပ်နေမှုကို ထင်သာမြင်သာနမူနာများဖြင့် သင်ကြားပြသနိုင်သည်။ လူ၊ သက်ရှိများနှင့် အပင်များ၊ တိရစ္ဆာန်များ ဆက်စပ်ပတ်သက်မှု၊ တစ်ဦးနှင့်တစ်ဦး အမှီသဟဲပြုတည်ရှိမှုတို့ကို နားလည်စေခြင်းဖြင့် သစ်တော ထိန်းသိမ်းရေး တွင် ပိုမိုစိတ်ဝင်စားစွာ ပါဝင်လာနိုင်သည်။ ကြီးကြပ်သူများနှင့် အတူ သစ်တောများ၊ မြို့ပြ ဥယျာဉ်ငယ်များ၊ သစ်မျိုးစုံ ဥယျာဉ်များသို့ လည်ပတ်လေ့ လာခြင်း ဖြင့် သစ်ပင်များ နှင့် အကျိုးကျေးဇူးအမျိုးမျိုးကို လေ့လာသိရှိလာနိုင်ပါသည်။ ကျောင်းဝန်းအတွင်း ကျောင်းဥယျာဉ် ငယ်လေးများ တည်ထောင်ခြင်း၊ ကျောင်းသားများ ကိုယ်တိုင်သစ်ပင်များ စိုက်ပျိုးထိန်းသိမ်း ပြုစုစေခြင်း စသည့် နည်းလမ်းများသည်လည်း အလွန်ထိရောက်သည်။
သစ်ပင်သစ်တော စိုက်ပျိုးထိန်းသိမ်းရေး အခြေခံသဘောတရားများ၊ သစ်တော သစ်ပင် တို့၏ အကျိုးကျေးဇူးများ၊ သဘာဝသယံဇာတ စီမံအုပ်ချုပ်မှုဆိုင်ရာ သဘောသဘာဝနှင့် အကျိုးကျေးဇူးများကို သင်ရိုးညွှန်းတမ်းများတွင် မပါဝင်သဖြင့် သင်ကြားပို့ချခွင့် မရလိုက်သည့် ကလေး၊လူငယ်များ၊ ကျောင်းကထွက်ခွာ သွားသည့်တိုင် သစ်တောများ၊ ဥယျာဉ်များ၊ ကျေးရွာ မြို့ပြပန်းခြံငယ်များအတွင်း မရောက်ဘူးလိုက်သော ကလေး၊ လူငယ်များ ယနေ့ခတ်တွင် မရှိသင့်တော့ချေ။ ကလေးလူငယ် ဘဝမှစတင်ပြီး ၄င်းတို့ အသက်အရွယ်၊ အသိပညာ နှင့် လိုက်လျော ညီထွေဖြစ်စေ မည့်၊ နားလည်စေနိုင်မည့် နည်းလမ်း ပုံစံတို့ဖြင့် သစ်တောသစ်ပင် အကြောင်း သိရှိစေရန်၊ ချစ်ခင်တတ်စေရန် အခြေနေကောင်းများ ဖန်တီးပေးခြင်းဖြင့် သစ်တော သစ်ပင် ချင်ခင်သော ပညာတတ်မျိုးဆက်သစ်များ၊ ပြည်သူပြည်သားများ ပေါ်ထွက်လာနိုင်မည် ဖြစ်သည်။
သစ်တော ပညာရေး၊ ပတ်ဝန်းကျင်ဆိုင်ရာ ပညာရေးသည် မြို့ပြရော ကျေးလက်က ကျောင်းသား များအားလုံးအတွက် အလွန်အရေးကြီးလှပါသည်။ သဘာဝသယံဇာတများ၊ သဘာဝပတ် ဝန်းကျင်နှင့် သစ်တောသယံဇာတများအပေါ် ထားရှိသော တန်ဖိုးထားသည့် “စံ”များ၊ သဘောထားများ၊ နားလည်မှုများ တူညီမှသာလျှင် သဘာဝသယံဇာတများ စီမံအုပ်ချုပ်ရာတွင် ဘုံရပ်တည်ချက် တူညီနိုင်ပြီး စည်းလုံးညီညွတ်စွာ၊ ရေရှည် လက်တွဲ ဆောင်ရွက်နိုင်မည်ဖြစ်သည်။ သစ်တောသယံဇာတ စနစ်တကျ စည်းလုံးညီညွတ်စွာဖြင့် စနစ်တကျ စီမံအုပ်ချုပ်မှုမှတစ်ဆင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအတွက် ပါ အထောက်အကူ ပြုနိုင်မည် ဖြစ်သည်။ သစ်ပင်၊ သစ်တော နှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ၊ သစ်တောပညာ ရေးကို ပညာရေးစနစ်တွင် လိုက်လျောညီထွေစွာပေါင်းစပ်ထည့်သွင်းခြင်းဖြင့် အနာဂတ်မျိုး ဆက် သစ်များအတွက်လည်းကောင်း၊ နိုင်ငံတော် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လည်းကောင်း အလွန်အထောက်အကူပြုနိုင်မည် ဖြစ်ပါကြောင်း တင်ပြရင်း “အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ (၂၀၁၉)” ကို ဂုဏ်ပြု ရေးသားတင်ပြ လိုက်ပါသည်။

date: 
Thursday, March 21, 2019 - 15:15