ကျေးရွာထင်းစိုက်ခင်း ဥပဒေ/နည်းဥပဒေအပေါ် ခွဲခြမ်းစိတ်ဖြာမှုရလဒ်များအားအကြံပြုဆွေးနွေးခြင်းအလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်

ကျေးရွာထင်းစိုက်ခင်း ဥပဒေ/နည်းဥပဒေအပေါ် ခွဲခြမ်းစိတ်ဖြာမှု ရလဒ်များအား အကြံပြု ဆွေးနွေးခြင်း အလုပ်ရုံဆွေးနွေးပွဲကို (၇-၆-၂၀၁၉) ရက်နေ့၊ တုံဂပူရီဟိုတယ်၊ နေပြည်တော်တွင် ကျင်းပပြုလုပ်ရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်း တက်ရောက်၍ အမှာစကားပြောကြားပါသည်။
အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံ၏ သစ်တောသယံဇာတများသည် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် အရေးပါသကဲ့သို့ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမွဲတေ မှုလျော့နည်းပပျောက်ရေးအတွက်လည်း အထူးအရေးပါကြောင်း၊ နိုင်ငံတော်စုစုပေါင်းလူဦးရေ၏ (၇၀) ရာခိုင်နှုန်းကျော်သည် ကျေးလက်ဒေသနေပြည်သူများဖြစ်ပြီး လူမှုစီးပွားရေးအတွက် သစ်တောများကို မှီခိုနေကြရကြောင်း၊ နိုင်ငံတော်တွင် အိမ်ထောင်စုပေါင်း ၁၁ သန်းခန့် ရှိသည့် အနက် ၈၁ ရာခိုင်နှုန်းကျော်သည် လောင်စာအတွက် ထင်းနှင့်မီးသွေးကို အသုံးပြုနေပြီး နေအိမ် အဆောက်အဦအတွက် လည်း သစ်နှင့်ဝါးကို အသုံးပြုနေကြရသဖြင့် သစ်တောများကို မဖြစ်မနေ မှီခိုနေသည်ကို တွေ့ရှိရကြောင်း၊
စိုက်ပျိုးရေးလုပ်ငန်းများချဲ့ထွင်ခြင်း၊ မြို့ပြများဖွံ့ဖြိုးတိုးချဲ့လာခြင်း၊ ထင်းလောင်စာ လိုအပ် ချက်မြင့်မားလာခြင်း၊ သစ်အလွန်အကျွံထုတ်ခြင်း၊ တရားမဝင်သစ်ထုတ်ခြင်း စသည့်အချက်များ ကြောင့် သစ်တောသယံဇာတများ လျော့နည်းကျဆင်းလျက်ရှိပါကြောင်း၊ ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ ( FAO )၏ သစ်တောသယံဇာတ ဆန်းစစ်ချက် အစီရင်ခံစာ (FRA - 2015) အရ မြန်မာနိုင်င၏ သစ်တောဖုံးလွှမ်းမှုသည် နိုင်ငံဧရိယာ၏ ၄၂.၉၂ % ရှိပြီး၊ ၂၀၁၀ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်အကြား နှစ်စဉ်သစ်တောပြုန်းတီးမှုနှုန်းသည် ၁.၇၂ % ထိရှိခဲ့ပါကြောင်း၊
ပြည်သူလူထုအတွက် မရှိမဖြစ်လိုအပ်လျက်ရှိသည့် ထင်း၊ လောင်စာနှင့် အခြေခံသစ်တော ထွက်ပစ္စည်းများအတွက် ကျေးရွာထင်းစိုက်ခင်းများ လိုအပ်လျက်ရှိသည်ကို တွေ့ရမည်ဖြစ် ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၁၈) တွင် ကျေးရွာထင်းစိုက်ခင်း တည်ထောင်ခြင်းအား တိုင်း ဒေသကြီး/ ပြည်နယ်များမှ ဥပဒေပြဌာန်း သတ်မှတ်နိုင်ရန် ထည့်သွင်းထားရှိကြောင်း၊ ကျေးရွာ ထင်းစိုက်ခင်း နည်းဥပဒေများကိုလည်း တိုင်းဒေသကြီး/ ပြည်နယ်အချို့တွင် ရေးဆွဲပြဌာန်းခဲ့ပြီး အချို့အချက်အလက်များသည် ခေတ်နှင့် လျော်ညီစွာပြင်ဆင်ရန် လိုအပ်လျက်ရှိကြောင်း၊
ဝန်ကြီးဌာနအနေဖြင့် ကျေးရွာထင်းစိုက်ခင်းတည်ထောင်ခြင်းကို ၁၉၈၁-၈၂ ခုနှစ်မှ စတင်ခွင့်ပြု ခဲ့ရာ စုစုပေါင်းဧက လေးသိန်းခြောက်သောင်းကျော် (၄၆၁,၉၄၄) ဆောင်ရွက်ခွင့်ပြုခဲ့ပြီးဖြစ်ပါကြောင်း၊ ကျေးရွာထင်းစိုက်ခင်းများသည် ကျေးရွာများအတွက် ထင်းလောင်စာလိုအပ်ချက် ဖြည့်ဆည်းပေး နိုင်ခဲ့ပြီး၊ ကျေးရွာအတွက် ရေရှည်အကျိုးဖြစ်ထွန်းမည့် စိုက်ခင်းများလည်းဖြစ်ကြောင်း၊ ကျေးရွာ ထင်းစိုက်ခင်း ဥပဒေနှင့် နည်းဥပဒေများကို ခေတ်နှင့်လျော်ညီစွာ ပြင်ဆင်နိုင်ရန်နှင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် လက်ရှိဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ လိုက်လျောညီထွေ ပြုစုပြင်ဆင်နိုင်ရေး အကြံပြုဆွေးနွေးနိုင်ရန် ယခုအလုပ်ရုံဆွေးနွေးကို ကျင်းပရခြင်းဖြစ်ကြောင်း၊
အခြားတစ်ဖက်တွင်လည်း ဒေသခံပြည်သူများ၏ စားဝတ်နေရေး လိုအပ်ချက်ဖြစ်သည့် ထင်းလောင်စာနှင့် သစ်တောထွက်ပစ္စည်းများ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် ဒေသခံ ပြည်သူအစုအဖွဲ့ပိုင်သစ်တောများကို ၂၀၃၀ပြည့်နှစ်မှာ ဧရိယာဧက (၂.၂၇)သန်းအထိ တည်ထောင်ရန် ရည်မှန်းချက်ထား အကောင်အထည်ဖေါ် ဆောင်ရွက်လျက်ရှိကြောင်း၊
ယခုအခါ ကျေးရွာထင်းစိုက်ခင်းတည်ထောင်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ် လွှတ်တော် များမှာ အဓိကအခန်းကဏ္ဍမှ ပါဝင်နေပြီး မိမိတို့ ဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ အဖွဲ့အစည်း များအားလုံးနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်လျက်ရှိပါကြောင်း၊
၂၀၁၉ခုနှစ်၊ မေလ ပထမပတ်တွင် စားနပ်ရိက္ခာ ဖူလုံမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Food Security Working Group-FSWG) နှင့် သစ်တောဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ တွေ့ဆုံ၍ ကျေးရွာထင်းစိုက်ခင်း ဥပဒေ၊ နည်းဥပဒေအပေါ်၊ ခွဲခြမ်းစိတ်ဖြာမှုရလဒ်များအပေါ် ပေါင်းစပ်၍ ညှိနှိုင်းဆွေးနွေးခဲ့ကြရာတွင် ပြဌာန်းပြီး ကျေးရွာထင်းစိုက်ခင်း ဥပဒေ၊ နည်းဥပဒေများအပေါ် ဖြည့်စွက်ပြင်ဆင် ပယ်ဖျက်သင့်သည့် အကြောင်းအရာများကို ယခုအလုပ်ရုံ ဆွေးနွေးပွဲတွင် ချပြ ဆွေးနွေးသွားမှာဖြစ်ကြောင်း၊ ကျေးရွာထင်းစိုက်ခင်း ဥပဒေနှင့် နည်းဥပဒေတွင် ပါဝင်သည့့် အခန်း အရေအတွက်နှင့် အခန်းခေါင်းစဉ်များ၊ အခန်းတစ်ခန်းချင်းအလိုက် ဘုံတူညီသော အကြောင်း အရာများကို ဖော်ထုတ်ဆွေးနွေးသွားမည်ဖြစ်သည့်အတွက် များစွာအကျိုးရှိစေမည်ဖြစ်ကြောင်း၊
ယခုအလုပ်ရုံဆွေးနွေးပွဲတွင် ရည်ရွယ်ချက်အနေဖြင့် (၁) တိုင်းဒေသကြီး/ ပြည်နယ်မှ ပြဌာန်းသော ကျေးရွာထင်းစိုက်ခင်း ဥပဒေနှင့် နည်းဥပဒေများသည် ပြဌာန်းပြီးဖြစ်သော ၂၀၁၈ သစ်တောဥပဒေတွင်ပါရှိသည့် ပြဌာန်းချက်များနှင့် လိုက်လျောညီထွေရှိမရှိ သုံးသပ်ဆွေးနွေး နိုင်ရန်၊ ရည်ရွယ်ချက်အနေဖြင့် (၂)ကျေးရွာထင်းစိုက်ခင်းများကိုတည်ထောင်ရာတွင် တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ တာဝန်ယူဆောင်ရွက်ရသော သစ်တောဦးစီးဌာန၏ လုပ်ငန်း၊ လုပ်ထုံး လုပ်နည်း၊ စံချိန်စံညွှန်းများနှင့် လိုက်လျောညီထွေ ရှိရန်လိုအပ်ကြောင်းသိရှိစေရန်၊ ရည်ရွယ်ချက် အနေဖြင့်(၃) ဒေသအခြေအနေအရ ကွဲပြားခြားနားမှုများ ရှိနိုင်သော်လည်း ကျေးရွာထင်း စိုက်ခင်း ဥပဒေ၏ အခြေခံသတ်မှတ်ချက်၊ ပြဌာန်းချက်၊ လုပ်ထုံးလုပ်နည်းများသည် တူညီရန် လိုအပ် ကြောင်း သိရှိစေရန်နှင့် ရည်ရွယ်ချက်အနေဖြင့် (၄) တိုင်းဒေသကြီး/ ပြည်နယ်များမှ ပြဌာန်းသည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို ပြည်ထောင်စုအဆင့် သစ်တောဥပဒေ(၂၀၁၈)ပါ ပြဌာန်းချက်များနှင့် လိုက်လျောညီထွေဖြစ်မှုကိုဖြစ်စေရန် စသည့်ရည်ရွယ်ချက် ( ၄ ) ခုနှင့် ပြုလုပ် သွားမည်ဖြစ်ကြောင်း၊
အလုပ်ရုံဆွေးနွေးပွဲကို ပြည်သူလူထု၊ အစိုးရ၊ မိတ်ဖက် အဖွဲ့အစည်းများ ပူးပေါင်းဆောင် ရွက်မှုနှင့် ကျေးရွာထင်းစိုက်ခင်း ဥပဒေ/ နည်းဥပဒေအပေါ် ခွဲခြမ်းစိတ်ဖြာမှုရလဒ်များအား အကျိုးဆက်စပ်ပတ်သက်သူများ သိရှိလာစေပြီး ခေတ်နှင့်လျော်ညီသည့် ကျေးရွာထင်းစိုက်ခင်း ဥပဒေ/နည်းဥပဒေရေးဆွဲနိုင်ရေးအတွက် ထည့်သွင်းစဉ်းစားရမည့်အချက်များ ဖော်ထုတ်ခြင်းနှင့် အတူ ပြည်သူလူထုမှ ပိုမိုပူးပေါင်းပါဝင်လာစေရန် အခွင့်အလမ်းများ ထည့်သွင်းသွားနိုင်ရန် အပြုသဘောဆောင်သည့် အကြံပြုချက်များရရှိနိုင်ရန် လွတ်လပ်တက်ကြွစွာ ဆွေးနွေးအကြံပြု ကြပါရန် တိုက်တွန်းပြောကြားပါသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်များမှ လွှတ်တော်ကိုယ်စား လှယ်များ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ အတွင်းဝန်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဒေသခံပြည် သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်း အဖွဲ့ဝင်များ (Community Forestry National Working Group-CFNWG)၊ ဆက်စပ်ဌာနများမှ ကိုယ်စားလှယ်များ၊ အရပ် ဘက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် စားနပ်ရိက္ခာဖူလုံမှု ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (Food Security Working Group-FSWG) ဝင်များ တက်ရောက်ကြပါသည်။

date: 
Friday, June 7, 2019 - 14:00