သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချီဖိန်းမြို့ (Chifeng)တွင် ကျင်းပသော အာရှ-ပစိဖိတ် သစ်တောကဏ္ဍပူးပေါင်းဆောင်ရွက်မှုဆိုင်ရာဆွေးနွေးပွဲတက်ရောက်

၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၂၂) ရက်နေ့မှ (၂၄) ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချီဖိန်းမြို့၊ အာရှ-ပစိဖိတ် သစ်တောများစဉ်ဆက်မပြတ် စီမံအုပ်ချုပ်ရေးနှင့် ပြန်လည်တည်ထောင် ရေးကွန်ယက်(APFNet)သင်တန်းကျောင်းတွင်ကျင်းပသော အာရှ-ပစိဖိတ် သစ်တောကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဆွေးနွေးပွဲသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ တက်ရောက်၍ အဖွင့်မိန့်ခွန်းပြောကြားခဲ့ပါသည်။
အဖွင့်မိန့်ခွန်းပြောကြားရာတွင် အာရှ-ပစိဖိတ် သစ်တောများစဉ်ဆက်မပြတ် စီမံအုပ်ချုပ် ရေးနှင့် ပြန်လည်တည်ထောင်ရေးကွန်ယက် (APFNet)၏ President ဖြစ်သူ Mr.Shucong Zhao ၊ Executive Director ဖြစ်သူ Dr. Lu De တို့နှင့် တွေ့ဆုံ၍ သစ်တောများပြန်လည်တည်ထောင်ရေး လုပ်ငန်းများ၊ ဂေဟစနစ်ပြည်လည်တည်ထောင်ရေး လုပ်ငန်းများ၊ စဉ်ဆက်မပြတ် သစ်တောစီမံ အုပ်ချုပ်မှုလုပ်ငန်းများနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပိုမိုပူးပေါင်း ဆောင်ရွက်ရေး၊ မဟာသိပ္ပံနှင့် ပါရဂူဘွဲ့ပညာသင်ဆုများ အထောက် အပံ့ရရှိရေး၊ စဉ်ဆက်မပြတ် သစ်တောစီမံအုပ်ချုပ်ခြင်းဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း၊
မြန်မာနိုင်ငံသည် အာရှ-ပစိဖိတ်သစ်တောများစဉ်ဆက်မပြတ် စီမံအုပ်ချုပ်ရေးနှင့် ပြန်လည် တည်ထောင်ရေးကွန်ယက် (APFNet) စတင်ခဲ့သည် ၂၀၀၈ ခုနှစ် စတင်ပါဝင်ပူးပေါင်းဆောင်ရွက် လျက်ရှိရာ ယခုဆိုလျှင် (၁၀) နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံသစ်တောကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် ရန်ပုံငွေကြေးနှင့် နည်းပညာကူညီထောက်ပံ့မှုများအတွက် အာရှ-ပစိဖိတ် သစ်တောများစဉ်ဆက်မပြတ် စီမံအုပ်ချုပ်ရေးနှင့် ပြန်လည်တည်ထောင်ရေးကွန်ယက် (APFNet) ကိုအထူးကျေးဇူးတင်ရှိပါကြောင်း၊ သစ်တောများထာဝစဉ်တည်တံ့ရေးနှင့် စနစ်တကျ အသုံးပြု ရေးသည် မိမိတို့ အတွက်သာမကမိမိတို့၏ အနာဂတ်မျိုးဆက်သစ်များအတွက် အထူးအရေးကြီး ပါကြောင်း၊ သို့သော်လည်း မြန်မာနိုင်ငံအပါအဝင် အာရှနှင့် ပစိတ်ဖိတ်ဒေသတွင်းနိုင်ငံများတွင် သစ်တောပြုန်းတီးခြင်းနှင့် အတူပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုများလျော့နည်းဆုံးရှုံးလာလျက် ရှိပါကြောင်း၊ သစ်တောပြုန်းတီးခြင်းနှင့်အတူ နောက်ဆက်တွက် အကျိုးဆက်အဖြစ် ရာသီဥတု ပြောင်းလဲခြင်း၊ သဲကန္တာရဖြစ်ထွန်းခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများလျော့ပါးလာခြင်း၊ ဆင်းရဲနွမ်းပါးမှု ပိုမို များပြားလာခြင်းနှင့် သဘာဝဘေးန္တရာယ်အမျိုးမျိုးတို့ကို ရင်ဆိုင်ကြရလျက်ရှိပါကြောင်း၊ အဆိုပါ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကို ပူးပေါင်းဆောင်ရွက်ကြမှသာ ကျော်လွှားအောင်မြင်နိုင်မည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် မြန်မာ့ပတ်ဝန်းကျင်ဆိုင်ရာမူဝါဒ၊ သစ်တောမူဝါဒ၊ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာမူဝါဒနှင့် မဟာဗျူဟာများချမှတ်လျှက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာ နိုင်ငံသစ်တောများပြန်လည်တည်ထောင်ရေးစီမံကိန်း (၂၀၁၇-၁၈မှ ၂၀၂၆-၂၇ အထိ)နှင့် တောရိုင်း တိရစ္ဆာန်များ နေရင်းဒေသပြန်လည်တည်ထောင်ရေးစီမံကိန်း (၂၀၁၉-၂၀၂၀ မှ ၂၀၂၈-၂၉ အထိ) ရေးဆွဲပြီးအကောင်အထည်ဖေါ်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံအစိုးရအနေဖြင့် သစ်တောများ ပြန်လည်တည်ထောင်ရေးလုပ်ငန်းများ၊ ဂေဟစနစ် ပြည်လည်တည်ထောင်ရေးလုပ်ငန်းများ၊ စဉ်ဆက်မပြတ် သစ်တောစီမံအုပ်ချုပ်မှုလုပ်ငန်းများကို အထူးအလေးထား အားပေးဆောင်ရွက် လျက်ရှိပါကြောင်း၊ အာရှ-ပစိဖိတ်ဒေသအတွင်း သစ်တောကဏ္ဍပူးပေါင်း ဆောင်ရွက်မှုလုပ်ငန်း များကို အရှိန်အဟုန်ဖြင့် တိုးမြှင့်ဆောင်ရွက်ရန် တိုက်တွန်းကြောင်းပြောကြားခဲ့သည်။

date: 
Monday, July 29, 2019 - 15:45