၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ သစ်တောစိုက်ခင်းတည်ထောင်ခြင်း၊ သစ်တောပြုစုထိန်းသိမ်းခြင်း နှင့် တောရိုင်းတိရစ္ဆာန်များအတွက် နေရင်းဒေသပြန်လည်တည်ထောင်ခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးဖွင့်ပွဲအခမ်းအနားကျင်းပ

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ သစ်တောစိုက်ခင်းတည်ထောင်ခြင်း၊ သစ်တောပြုစုထိန်းသိမ်း ခြင်းနှင့် တောရိုင်းတိရစ္ဆာန်များအတွက် နေရင်းဒေသပြန်လည်တည်ထောင်ခြင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးဖွင့်ပွဲအခမ်းအနားအား ၇-၉-၂၀၁၉ ရက်နေ့၊ နံနက်(၀၈:၀၀)နာရီ၌ သစ်တောဦးစီးဌာန၊အင်ကြင်းခန်းမ၊နေပြည်တော်တွင်ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပါသည်။
အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုအခြေအနေသည် ကမ္ဘာ့ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO)မှ ထုတ်ပြန်ခဲ့သည့် သစ်တောဖုံးလွှမ်းမှုဆန်းစစ်လေ့လာ ခြင်း (FRA ၂၀၁၅) အရ နိုင်ငံဧရိယာအကျယ်အဝန်း၏ ၄၂.၉၂% ရှိသည့်အတွက် ဤမြန်မာနိုင်ငံ သစ်တောများပြန်လည်တည်ထောင်ရေးစီမံချက် (၂၀၁၇-၂၀၁၈ မှ ၂၀၂၆-၂၀၂၇)ထိ (၁၀)နှစ်တာ စီမံကိန်းအား အကောင်အထည်ဖော်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ယခုဆိုလျှင် စီမံကိန်း၏ တတိယနှစ်သို့ ရောက်ရှိပြီဖြစ်ကြောင်း၊ စီမံကိန်းလုပ်ငန်း၏ ယခင်နှစ်များတွင်တွေ့ကြုံရသော အားနည်းချက်များအား ကျော်လွှားပြီး ယခုနှစ် ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ရန်ဖြစ်ကြောင်း၊ ဤ စီမံကိန်းသည် အထက်ဌာနမှ သတ်မှတ်ပေးသည့်လုပ်ငန်း(Top down)မျိုးမဟုတ်ဘဲ အောက်ခြေမှ မိမိတို့ အမှန်တကယ်ဆောင်ရွက်နိုင်မည့် လုပ်ငန်းများအား တင်ပြပြီး တင်ပြသည့် အတိုင်း ဆောင်ရွက်စေသည့် (Bottom up)လုပ်ငန်းဖြစ်ကြောင်း၊
လုပ်ငန်းများဆောင်ရွက်ရန် လိုအပ်သော ရန်ပုံငွေအလုံအလောက် ခွင့်ပြုချထားပြီးဖြစ်၍ သုံးစွဲသည့်ငွေနှင့် ပြီးစီးသည့်လုပ်ငန်းများအချိုးညီရန်နှင့် အချိန်ကိုက် ပြီးစီးအောင်ဆောင်ရွက်စေ လိုကြောင်း၊ MRRP စီမံကိန်းတွင်ပါဝင်သော လုပ်ငန်းစဉ်တစ်ခုချင်းအလိုက် ရည်ရွယ်ချက်များကို နားလည်သဘောပေါက်ရန်လိုအပ်ကြောင်း၊ Plantation Policy အစား Plantation Strategy အား ရေးဆွဲနေပြီဖြစ်ကြောင်း၊ MRRP လုပ်ငန်းတွင် တောခုတ်မီးရှို့သည့် နည်းအစား မီးမရှို့ရသည့် နည်းဖြင့် ဆောင်ရွက်နိုင်ရေး ဦးစားပေးရမည်ဖြစ်ကြောင်း၊
သစ်တောဦးစီးဌာနပေါ်ပေါက်လာသည်မှာ နှစ်ပေါင်း(၁၀၀)ကျော်ပြီဖြစ်သည့်အတွက် ဌာန ၏ အစဉ်အလာအား ထိန်းသိမ်းရန်လိုအပ်ကြောင်း၊ စီးပွားရေးစိုက်ခင်းများတည်ထောင်ရခြင်းသည် စီးပွားရေးတွက်ခြေကိုက်ရန်ဖြစ်၍ သူ့အချိန်နှင့်သူ ကြီးထွားရှင်သန်လာရန် လိုအပ်ကြောင်း၊ သစ်တောများ ရေရှည်တည်တံ့စေရေးအတွက် နည်းပညာအကိုးအကားများဖြင့် ကာကွယ်ထိန်း သိမ်းရမည်ဖြစ်ကြောင်း၊ ကျွန်း၏ မူရင်းဒေသဖြစ်သော ပဲခူးရိုးမကိုလည်း သဘာဝသစ်တောများ ပြန်လည်ကောင်းမွန်လာစေရန် ရည်ရွယ်၍ သစ်ထုတ်လုပ်ခြင်းအား (၁၀)နှစ်တာ အနားပေးခဲ့ ကြောင်း၊
တရားမဝင်သစ်ဖမ်းဆီးရေးကိစ္စများ ဆောင်ရွက်ရာတွင်လည်း ထိရောက်စွာ ဖမ်းဆီးမိရေး ဆောင်ရွက်ကြရန်၊ ကြိုတင်သတင်းရရှိနိုင်ရေး ကြိုးပမ်းကြရန် ဖမ်းဆီးရေးတွင် အခက်အခဲရှိပါက အထက်ရုံးအဆင့်ဆင့်သို့ အခြေအနေအမှန်ကို အချိန်မီ သတင်းပေးပို့တင်ပြရန်လိုအပ်ကြောင်း၊
တောရိုင်းတိရစ္ဆာန်များကာကွယ် ထိန်းသိမ်းခြင်းသည်လည်း အရေးကြီးသည့်အတွက် တောရိုင်းတိရစ္ဆာန်များအတွက် နေရင်းဒေသများ ပြန်လည်တည်ထောင်ခြင်း လုပ်ငန်းအစီအစဉ်
(Re-establishing Natural Habitats Programme - RNHP)ကိုလည်း ၂၀၁၉ - ၂၀၂၀ မှစ၍ သဘာဝထိန်းသိမ်းရေးနယ်မြေများ စီမံအုပ်ချုပ်ရာတွင် ပိုမိုထိရောက်လာစေရန် နိုင်ငံ၏ သဘာဝ အမွေအနှစ်များ ရေရှည်တည့်တံ့စေရန်၊ ဂေဟစနစ်များနှင့် ဇီဝမျိုးစုံမျိုးကွဲများကို ထိန်းသိမ်းခြင်းမှ ရရှိသည့်အကျိုးများကို ဒေသခံပြည်သူများဖွံ့ဖြိုးတိုးတက်ရေးအတွက် ခံစားရခြင်းဖြင့် ထိန်းသိမ်း ရေးလုပ်ငန်းများအပေါ် ပူးပေါင်းပါဝင်မှု မြင့်မားလာစေရန် နိုင်ငံ၏ သဘာဝထိန်းသိမ်းရေးနယ်မြေ တည်ထောင်ရေးဆိုင်ရာ ရည်မှန်းချက်ပြည့်မီစေရန်နှင့် နိုင်ငံတကာ သဘောတူညီချက်များ၊ အစီ အစဉ်များနှင့် ကွန်ဗန်းရှင်းများသို့ ထားရှိရသည့် ကတိကဝတ်များ ဖြည့်ဆည်းခြင်းကို အထောက် အကူပြုစေရန် ရည်ရွယ်ချက်များဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊
အစည်းအဝေးအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ သစ်တောစိုက်ခင်း တည်ထောင်ခြင်း၊ သစ်တောပြုစုထိန်းသိမ်းခြင်း နှင့် တောရိုင်းတိရစ္ဆာန်များအတွက် နေရင်းဒေသပြန်လည်တည် ထောင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုကောင်းမွန်သော ရလဒ်များ ရရှိစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားပါသည်။
အခမ်းအနားသို့ သစ်တောဉီးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ နှင့် အရာရှိကြီးများ၊ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ လက်ထောက်ညွှန်ကြားရေးမှူးများ၊ ညွှန်ကြားရေး မှူးချုပ်ရုံးရှိ အရာထမ်း/အမှုထမ်း တက်ရောက်ကြပြီး အစည်းအဝေးအား ၂၀၁၉ ခုနှစ်၊ စက်တင် ဘာလ(၇) ရက်နေ့မှ (၉)ရက်နေ့အထိ (၃)ရက်တာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။

date: 
Saturday, September 7, 2019 - 14:30