၁၉၁၉ ခုနှစ်တွင်တည်ထောင်ခဲ့သော ကျွန်းစိုက်ခင်းနှစ်(၁၀၀)ပြည့်အခမ်းအနားကျင်းပ

၁၉၁၉ ခုနှစ်တွင်တည်ထောင်စိုက်ပျိုးခဲ့သည့် ကျွန်းစိုက်ခင်းသက်တမ်းနှစ် (၁၀၀)ပြည့် အခမ်း အနားကို ၂၄-၁၁-၂၀၁၉ရက်နေ့၊ နံနက်(၀၉:၀၀) နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ တောင်နဝင်းကြိုးဝိုင်း၊ အကွက်အမှတ်(၂၀)အတွင်း ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပါသည်။
အဖွင့်အမှာစကားပြောကြားရာတွင် ကျွန်းစိုက်ခင်းတစ်ခင်း၏ နှစ်(၁၀၀)ပြည့် အခမ်းအနား တွင် အမှာစကားပြောကြားရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ မြန်မာနိုင်ငံတွင်သိပ္ပံ နည်းကျ သစ်တောစီမံအုပ်ချုပ်မှုကို ၁၈၅၆ ခုနှစ်မှစတင်ဆောင်ရွက်ခဲ့ပြီး သစ်တောဌာနပေါ်ပေါက် ခဲ့ကြောင်း၊ ၁၈၇၀ ခုနှစ်မှစတင်၍ ပထမဆုံးသစ်တောကြိုးဝိုင်း(၁၇)ခုကိုဖွဲ့စည်းနိုင်ရန် ဆောင်ရွက် ခဲ့ပြီး တောင်နဝင်းကြိုးဝိုင်းသည် အမိန့်ကြော်ငြာစာအမှတ်၊ ၃၅၁/၆-၈-၁၈၉၆ ဖြင့် (၃၅၀၄၃)ဧကကို ဖွဲ့စည်းခဲ့ပါသည်။ ရှေးယခင်ကပင် ထာဝစဉ်တည်တံ့စေသည့်သစ်တောစီမံအုပ်ချုပ်မှု၏ အနှစ်သာရ ဖြစ်သော မြန်မာ့ရွေးချယ်ခြင်းစနစ် (MyanmaSlection System-MSS)ကို ကျင့်သုံးပြီး ကန့်သတ် လုံးပတ်ပြည့်မီသော ကျွန်းပင်များကိုသာ သင်းသတ်ခုတ်လှဲထုတ်ယူခဲ့ပြီး မျိုးဆက်မှု လိုအပ်သည့် နေရာများတွင် ကျွန်းစိုက်ခင်းငယ်များကို ကွက်လပ်ဖြည့်စိုက်ပျိုး တည်ထောင်နိုင်ခဲ့သဖြင့် နှစ်(၁၀၀) ပြည့်စိုက်ခင်းကို မျက်ဝါးထင်ထင်တွေ့မြင်နေရခြင်းဖြစ်ပါသည်။ မှတ်တမ်းများအရကရင်တောင်ယာ သမားကြီး ဦးပန်းဟီမှ သစ်တောပညာရှင် ဒေါက်တာဘရန်းဒစ်အား တောင်ယာနည်းစနစ်ဖြင့် စိုက်ပျိုးထားသည့် ကျွန်းစိုက်ခင်းကို ၁၈၅၆ခုနှစ်တွင် ခရစ္စမတ်လက်ဆောင်အဖြစ် ပေးခဲ့သည့် နောက်ပိုင်း စိုက်ခင်းသစ်တောပညာ (Plantation Forestry)ဖွံ့ဖြိုးခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ၏ ပထမဦးဆုံး ကျွန်းစိုက်ခင်းကို ချင်းပြည်နယ်၊ ပလက်ဝနယ်မှာ စိုက်ပျိုးခဲ့သည်ဟု သိရသော်လည်း အချက်အလက် မရရှိနိုင်ခြင်းကြောင့် ၁၈၅၆ ခုနှစ် နောက်ပိုင်းပဲခူးရိုးမတွင် စိုက်ပျိုးခဲ့သည့့် စိုက်ခင်း များသည်သာလျှင် ကျွန်းစိုက်ခင်းများ၏ အစဖြစ်ကြောင်း၊ ပဲခူးရိုးမ၏ အစောဆုံး ကျွန်းစိုက်ခင်း တစ်ခုကိုဒေါက်တာဘရန်းဒစ်က ၁၈၅၇ခုနှစ်တွင် တည်ထောင်ခဲ့ပြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် (၂၄)ဧက ရှိပါကြောင်း၊ ယခုကဲ့သို့ သမိုင်းဝင် အခမ်းအနားတစ်ရပ်ကို ကျွန်းစိုက်ခင်း တစ်ခုတွင် ကျင်းပနိုင်ခြင်းသည်၁၉ ရာစုမှ ၂၁ ရာစုအတွင်း ပဲခူးရိုးမနှင့်ပြည်ခရိုင်မှာ တာဝန်ထမ်းဆောင်ခဲ့သူ များနှင့် ထမ်းဆောင်ဆဲသစ်တောအရာထမ်း/အမှုထမ်းများအတွက် ဂုဏ်ယူစရာဖြစ်ပါကြောင်း။
ပဲခူးရိုးမသည် ဧရာဝတီမြစ်နှင့် စစ်တောင်းမြစ်၏ ရေဝေရေလဲဧရိယာဖြစ်ပြီး ဧရိယာအားဖြင့် ဧက(၁၂၅)သိန်း ရှိကြောင်း၊ ပဲခူး၊ ရန်ကုန်၊မကွေး၊ မန္တလေးစသည့် တိုင်းဒေသကြီးများ နှင့် နေပြည်တော်ကောင်စီနယ်မြေတို့အတွင်း ကျရောက်ပါကြောင်း၊ ၁၉၈၁ မှ စတင်ဆောင်ရွက်ခဲ့တဲ့ အမျိုးသားသစ်တော သယံဇာတစာရင်းကောက်စီမံကိန်း (NFI) အချက်အလက်များအရ တစ်ဧက ကျွန်းပေါက်ရောက်မှုသည် (၁.၈)ရာခိုင်နှုန်းရှိသည်ကို သိရှိရပါသည်။ ၁၉၈၈ မှ ၂၀၁၀ ကာလ အတွင်းနိုင်ငံ၏ အမျိုးမျိုးသော အမျိုးသားသယံဇာတများကို အလွန်အကျွံ ထုတ်ယူခဲ့ကြပါကြောင်း၊ မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုသည် FRA 2015 အရနိုင်ငံဧရိယာ၏ (၄၂.၉၂)ရာခိုင်နှုန်း ဖြစ်ပါ ကြောင်း၊ နှစ်စဉ်ပြုန်းတီးမှုနှုန်းသည် နိုင်ငံဧရိယာ၏ (၁.၇)ရာခိုင်နှုန်းခန့်ဖြစ်သည့် အတွက် ကြီးမား သည့် စိန်ခေါ်မှုတစ်ခုဖြစ်ပါကြောင်း၊ ထို့ကြောင့် သစ်တောဖုံးလွှမ်းမှု ပြန်လည်ကောင်းမွန်လာစေ ရေးမြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေးစီမံကိန်း(Myanmar Reforestation and Rehabiltation Programme –MRRP)ကို ၂၀၁၇-၂၀၁၈ မှ ၂၀၂၆-၂၀၂၇ ထိ (၁၀)နှစ်စီမံကိန်း ရေးဆွဲပြီးအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာယခုဆိုလျှင်(၃)နှစ်တာရှိပြီဖြစ်ပါကြောင်း။
ပဲခူးရိုးမဒေသတွင် သစ်ထုတ်ယူမှုများကို မြန်မာဘုရင်များလက်ထက်မှ ၂၀၁၅ ခုနှစ်အထိ နှစ်ပေါင်းများစွာ စဉ်ဆက်မပြတ်ထုတ်ယူခဲ့ကြသဖြင့် အဆိုပါထုတ်ယူမှုများကိုပြန်လည် ဖြည့်တင်း ချိန်ညှိနိုင်ရန် ရည်ရွယ်ချက်ဖြင့် စီးပွားရေးကျွန်းစိုက်ခင်းများကို စီးပွားဖြစ် စိုက်ပျိုးတည်ထောင်ခဲ့ သည်ကိုတွေ့ရှိရပါကြောင်း။
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် ၁၉၈၁ မှ ၂၀၁၉ အထိ ကျွန်းစိုက်ခင်းဧရိယာ (၃၆၀၈၀)ဧကကို တည်ထောင်ပြီးဖြစ်ပါကြောင်း၊ တည်ထောင်ခဲ့သည့် အဆိုပါစိုက်ခင်းများအနက် အကြောင်းအမျိုးမျိုးကြောင့် လျော့နည်းခဲ့ရသည့် စိုက်ခင်းများကို (MRRP) စီမံကိန်းအရ စီးပွားရေး စိုက်ခင်းဟောင်း ပြန်လည်ဆယ်တင်ခြင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး စိုက်ခင်း ဧရိယာများ ပြန်လည်ဖြစ်ထွန်းလာစေရေးကိုလည်း ဉီးတည်ဆောင်ရွက်လျက်ရှိပါကြောင်း။
လွန်ခဲ့သည့် နှစ်ပေါင်း(၁၀၀)က စိုက်ပျိုးခဲ့သည့် ကျွန်းစိုက်ခင်းတစ်ခင်း၏ လက်ရှိပကတိ တည်ရှိမှုကို လေ့လာသုံးသပ်ခြင်းဖြင့် သမိုင်းထဲက စိုက်ခင်း၏ ဖြစ်ပေါ်တိုးတက်မှုများကို မှန်းဆ နိုင်မည်ဖြစ်ပြီး အနာဂါတ်စိုက်ခင်းများရဲ့ လားရာကိုလည်းတွက်ဆမျှော်မှန်းနိုင်မည်ဖြစ်ပါကြောင်း။
ရှေးယခင်က သစ်တောပညာရှင်များသည် သဘာဝရဲ့အတိုးအပွားကိုသာ ထုတ်ယူခဲ့ကြပြီး သဘာဝသစ်တောများအပေါ် ထိခိုက်မှုအနည်းဆုံးဖြစ်စေမည့် လူသားစွမ်းအားဖြင့် တည်ထောင် သော သစ်တောစိုက်ခင်း (Man-made Plantation)များ၏ ပမာဏအရွယ်အစားကို ချင့်ချိန် တည်ထောင်ခဲ့ကြသည်ဟု ယူဆမိပါကြောင်း၊ ယခုရောက်ရှိနေသည့် တောင်နဝင်းကြိုးဝိုင်း၊ အကွက် အမှတ်(၂၀)အတွင်း ၁၉၁၈ ခုနှစ်တွင် (၈၀)ဧက၊ ၁၉၁၉ ခုနှစ်တွင်(၈၀)ဧက၊ ၁၉၂၀ ခုနှစ်တွင်(၃၀) ဧကနှင့် ၁၉၂၁ ခုနှစ်တွင် (၇၈)ဧကဖြင့်ကျွန်းစိုက်ခင်းများကိုစုစုပေါင်း (၂၆၈)ဧကသာတည်ထောင် ခဲ့သည်ကိုကြည့်ခြင်းအားဖြင့် သိရှိ၊သတိပြုမိနိုင်မည်ဖြစ်ကြောင်း၊ အဆိုပါ ကျွန်းစိုက်ခင်း(၂၆၈)ဧက အတွင်း၂၀၀၃ ခုနှစ်တွင် ကောက်ယူခဲ့သည့် စာရင်းအရ အပင်စုစုပေါင်း(၇၃၄၆)ပင်ရှိ၍ လုံးပတ် (၄)ပေနှင့်အထက်(၅၆၆၃)ပင်ရှိတဲ့အတွက် ကြီးထွားမှုကောင်းမွန်သည့် စိုက်ခင်းများ ဖြစ်ပါကြောင်း၊ ၂၀၀၃ ခုနှစ်မှာ မြန်မာ့သစ်လုပ်ငန်းက အဆိုပါ (၂၆၈)ဧကအနက် (၂၄၃)ဧကအတွင်း အပြောင်ရှင်း စနစ်ဖြင့် ခုတ်လှဲထုတ်ယူခဲ့ရာ စုစုပေါင်း(၅၁၅၂.၀၇)တန် ထွက်ရှိ၍ (၁)ဧကပျမ်းမျှ တန်(၂၀)ခန့် ထွက်ရှိသည်ကို တွေ့ရှိရပါကြောင်း။
နိဂုံးချုပ်အနေဖြင့် ယနေ့အခမ်းအနားသည် အတိတ်ရဲ့အမွေအနှစ်တစ်ခုကို ပစ္စုပ္ပန်၏ အကျိုးစီးပွားအဖြစ် ပြောင်းလဲပြီး အနာဂါတ်အတွက် ရင်းနှီးမြုပ်နှံမှုအဖြစ် လက်ဆင့်ကမ်းနိုင်ဖို့ သဘာဝသစ်တောများကို ပြုစုထိန်းသိမ်းစောင့်ရှောက်ခြင်းနဲ့ တစ်ချိန်တည်းမှာဘဲ သဘာဝသယံ ဇာတများတိုးပွားရေးအတွက် လူသားတို့ရဲ့ အားထုတ်မှုနဲ့ သစ်တောစိုက်ခင်းများ တည်ထောင်ခြင်း ကိုဟန်ချက်ညီစွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေဖို့ ပြည့်စုံတဲ့ လုပ်ငန်းစဉ်တစ်ရပ် ချမှတ်ဖို့လိုအပ်တယ်ဆိုတာကို ထင်ရှားစေပါကြောင်း၊ ၁၉၁၉ ခုနှစ် ကျွန်းစိုက်ခင်း၊ သစ်စေ့ထုတ်ဧ ရိယာ(၂၀)ဧကရှိ (၆၄၂)ပင်ကို လေ့လာသုံးသပ်ရန် လိုအပ်သကဲ့သို့ လွန်ခဲ့တဲ့၂၀၀၃ ခုနှစ်၊ သစ်ထုတ်ယူစဉ်ထွက်ရှိခဲ့တဲ့ သစ်တန်ပမာဏများအပေါ်မှာလည်း အခြေခံစဉ်းစားပါက ယခုစိုက်ခင်း များကို တည်ထောင်ခဲ့ကြသော၊ ခေတ်အဆက်ဆက် ပြုစုထိန်းသိမ်းခဲ့ကြသော သစ်တောအရာထမ်း၊ အမှုထမ်းများ၏ အားထုတ်မှုကို အသိအမှတ်ပြုရာရောက်ပြီး အနာဂါတ်စိုက်ခင်း စီမံအုပ်ချုပ်မှု လုပ်ငန်းစဉ်များအတွက်လည်း လေ့လာသင်ယူဖို့ အခွင့်အလမ်းကောင်းအဖြစ် အသုံးချနိုင်မည် ဖြစ်ပါကြောင်း၊ သစ်တောများပြုစုထိန်းသိမ်းရာတွင် ဒေသခံပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှု သည် လွန်စွာအရေးကြီးပါကြောင်း၊ ယခုစိုက်ခင်းကို အနီးဝန်းကျင်ရှိ ဒေသခံများမှပူးပေါင်းဝိုင်းဝန်း ထိန်းသိမ်းပေးသည်ကိုလည်းကျေးဇူးတင်ရှိပါကြောင်းနိဂုံးချုပ် ပြောကြားပါသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ဦးမှ ပဲခူးတိုင်း ဒေသကြီးအတွင်းရှိ စိုက်ခင်းများစိုက်ပျိုးတည်ထောင်ပြီးစီးမှု အခြေအနေနှင့် ပြည်ခရိုင်၊ ပေါက်ခေါင်း မြို့နယ်၊ တောင်နဝင်းကြိုးဝိုင်းအတွင်းရှိ နှစ်(၁၀၀) ကျော်စိုက်ခင်းများ၏ အခြေအနေများကို တင်ပြ ပါသည်။
၁၉၁၉ ခုနှစ် ကျွန်းစိုက်ခင်း၏ နှစ်(၁၀၀)ပြည့် အခမ်းအနားသို့ သစ်တောဦးစီးဌာနတွင် ခေတ်အဆက်ဆက်၌ တာဝန်ထမ်းဆောင်ခဲ့ကြသည့် အငြိမ်းစား သစ်တောအရာရှိကြီးများ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ဝန်ကြီးဌာန အောက်ရှိ လုပ်ငန်းဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူး၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများ၊ အရာထမ်းများ၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ၊ ပေါက်ခေါင်းမြို့နယ်မှ ဒေသခံပြည်သူများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြပြီး နံနက် ၁၀:၀၀ နာရီတွင် အခမ်းအနားပြီးစီးပါသည်။
၎င်းနောက် နေ့လည်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အုတ်တွင်း-ပေါက်ခေါင်းကားလမ်း မိုင်တိုင်အမှတ် ၈၉/၃အနီးရှိ တောင်ငူခရိုင်၊ဖြူးမြို့နယ်၊ဖြူးကွန်းကြိုးဝိုင်း၊အကွက်အမှတ်(၈)အတွင်း စိုက်ပျိုးတည်ထောင်ထားသော ၁/၂၀၁၉ စီးပွားရေးကျွန်းစိုက်ခင်း(၂၀၀)ဧကသို့ ရောက်ရှိခဲ့ရာ တာဝန်ရှိသူများမှ စိုက်ခင်းအချက်အလက်များရှင်းလင်းတင်ပြခဲ့ခြင်းအပေါ် ပြည်ထောင်စုဝန်ကြီးမှ ပျိုးပင်များအား စိုက်ပျိုးမည့် အကွက်အတွင်းသို့ ကြိုတင်သယ်ပို့ထားခြင်းဖြင့် သေပင်ရာခိုင်နှုန်း လျော့ချနိုင်မည်ဖြစ်သဖြင့် အချိန်ယူကြိုတင်ဆောင်ရွက်ရန် ဝန်ထမ်းများအား အထူးမှာကြားလို ကြောင်း၊ မြေဆီလွှာတိုက်စားမှုကြောင့် နုန်းပို့ချမှုမှ ကာကွယ်ရန်အတွက် နုန်းတားဆည်များကို စိုက်ခင်းမြေနေရာရှင်းလင်းချိန်ကတည်းက ကြိုတင်ပြုလုပ်ထားရန်၊ ပေါင်းရှင်းခြင်း၊ မြေသြဇာကျွေး ခြင်းများအတွက် သတ်မှတ်အချိန်ကာလ၊ ဆောင်ရွက်ရမည့် ပမာဏနှင့် ဆောင်ရွက်ရမည့်အကြိမ် အရေအတွက်တို့ကိုပညာရပ်ပိုင်းဆိုင်ရာရှု့ထောင့်မှစဉ်းစားပြီးဆောင်ရွက်ရန်တာဝန်ရှိသူ အဆင့်ဆင့် မှ ကြီးကြပ်ညွှန်ကြားပေးရန်လိုအပ်ကြောင်း လမ်းညွှန်မှာကြားခဲ့ပြီး ကျွန်းစိုက်ခင်း အတွင်း သီးနှံ သစ်တောရောနှောစိုက်ပျိုးသည့် တောင်ယာစနစ်ဖြင့် နနွင်းပင်နှင့် ကျွန်းပင်များ ရောနှောစိုက်ပျိုး ထားမှု အခြေအနေများအား စစ်ဆေး ကြည့်ရှု့ခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အုတ်တွင်း-ပေါက်ခေါင်းကားလမ်းဘေး မိုင်တိုင် အမှတ် (၉၀/၀)အနီး အုတ်တွင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ စိုက်ပျိုးတည်ထောင်ထားသည့် ၁/၂၀၁၆ ကျွန်းစိုက်ခင်း (၁၂၅)ဧက တတိယနှစ် ပေါင်းရှင်းဆောင်ရွက်ပြီးစီးမှုအား ကြည့်ရှု့စစ် ဆေးခဲ့ကြောင်းသတင်းရရှိသည်။

date: 
Tuesday, November 26, 2019 - 10:00