ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွာငံမြို့နယ်၊ ဇော်ဂျီကြိုးဝိုင်းအတွင်း အခြေချနေထိုင်သူများ၏ သစ်တောသယံဇာတအပေါ် မှီခိုအသုံးပြုမှုများကြောင့် သစ်တောကြိုးဝိုင်းများအပေါ် သက်ရောက်မှုများအားလေ့လာခြင်း
သစ်တောနယ်မြေများအတွင်း အခြေချနေထိုင်သူ ဒေသခံပြည်သူတို့၏ လူဦးရေတိုးတက်မှု နှင့် လူမှုစီးပွားရေးအခြေအနေများသည် သစ်တောမြေအသုံးချမှုနှင့် သယံဇာတများအပေါ် တိုက်ရိုက် အကျိုးသက်ရောက်လျက်ရှိပါသည်။ သို့ဖြစ်ပါ၍ သစ်တောသယံဇာတများ စနစ်တကျ စီမံအုပ်ချုပ် နိုင်ရေးအတွက် ဇော်ဂျီကြိုးဝိုင်းအတွင်းရှိ ကျူးကျော်အိမ်ထောင်စုများ၏ မြေအသုံးချမှု ပြောင်းလဲ လာပုံနှင့် သယံဇာတ ထုတ်ယူသုံးစွဲမှုများ၊ ၎င်းတို့အပေါ် သက်ရောက်သည့် အခြေအနေများနှင့် တိုးပွားလာသည့် လူဉီးရေနှင့် စားဝတ်နေရေးအတွက် မြေယာချဲ့ထွင်နိုင်မှုနှင့် သစ်တောသယံဇာတ များအပေါ် မှီခိုမှု အလားအလာများအား လေ့လာခဲ့ပါသည်။ သုတေသနလေ့လာတွေ့ရှိချက်များအရ စာရင်းကောက်ယူခဲ့သည့် ကျေးရွာများသည် ကြိုးဝိုင်းမဖွဲ့စည်းမီ အချိန်ကပင် တည်ရှိခဲ့သည့်အတွက် ကြိုးဝိုင်းဖွဲ့စည်းချိန်၌ ဆိုင်ရာဆိုင်ခွင့်သတ်မှတ်ပေး၍ ရွာမြေနှင့် လယ်မြေများအား ကြိုးဝိုင်း ဧရိယာအတွင်းမှ ချန်လှပ်ခဲ့သော်လည်း လူဦးရေ တိုးပွားမှုလာမှုကြောင့် ကျေးရွာမြေနှင့် လယ်မြေ များ ထပ်မံချဲ့ထွင် နေထိုင်လျက်ရှိပါသည်။ စိုက်ပျိုးရေးသည် အခြေခံစားဝတ်နေရေးလုပ်ငန်းဖြစ်ရာ မြေယာဖော်ထုတ်ခြင်း၊ သစ်တောဧရိယာအချို့ ခုတ်ထွင်ရှင်းလင်း၍ ကော်ဖီစိုက်ပျိုးခြင်းနှင့် ယခင် ဆိုင်ရာဆိုင်ခွင့်သတ်မှတ်ချက်များထပ်ပိုမို၍ တရားမဝင်သစ်ထုတ်ယူခြင်းများ ဆောင်ရွက်လျက်ရှိ ကြောင်း တွေ့ရှိရပါသည်။ တောင်ကျချောင်းရေစီးဆင်းမှုအပေါ် မူတည်၍ လယ်မြေတည်မြဲမှုမရှိ ခြင်း၊ သွားလာရခက်ခဲခြင်းတို့ကြောင့် လူမှုစီးပွားရေးအတွက် သစ်တောဧရိယာအချို့ ခုတ်ထွင် ရှင်းလင်း၍ ကော်ဖီနှင့် ဥယျာဉ်ခြံ စိုက်ပျိုးခြင်း၊ တရားမဝင်သစ်ခုတ်ခြင်းများအပေါ် အဓိကမှီခိုလျက် ရှိရာ ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးခြင်း၊ ဒေသခံပြည်သူများ ပူးပေါင်းပါဝင်သော သစ်တောထိန်းသိမ်းခြင်း၊ သစ်တောသယံဇာတများစနစ်တကျ ထုတ်ယူသုံးစွဲ ခြင်း စသည်များ ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း လေ့လာတွေ့ရှိရပါသည်။
