သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်နှင့် သစ်တောသုတေသနဌာနတို့ရှိ သင်ကြားရေးနှင့်သုတေသနလုပ်ငန်းများ စစ်ဆေး

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ (၅.၁၂.၂၀၂၀)ရက်နေ့ နံနက် ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်အတွင်းရှိ သစ်တောနှင့်ပတ်ဝန်း ကျင်ဆိုင်ရာ တက္ကသိုလ်၊ ရေဆင်းသို့ရောက်ရှိခဲ့ပြီး ဘွဲ့နှင်းသဘင်ခန်းမတွင် တက္ကသိုလ်သင်ကြားရေး ဘာသာရပ် ဆိုင်ရာ ဆရာ/ ဆရာမများနှင့် တွေ့ဆုံခဲ့သည်။
ထိုသို့ တွေ့ဆုံရာတွင် ရှေးဦးစွာ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် ပါမောက္ခချုပ်မှ တက္ကသိုလ်ဆိုင်ရာ အချက်အလက်များ၊ ဆရာ/ဆရာမများ ခန့်ထားနိုင်မှု၊ တက္ကသိုလ် ဝင်ခွင့် လက်ခံနိုင်မည့် ကျောင်းသား/ကျောင်းသူအရေအတွက်၊ တက္ကသိုလ်ဝင်ခွင့် သတ်မှတ်ထားသည့် စံအချက်များနှင့် စာသင်နှစ်အလိုက် သင်ကြားမည့် ဘာသာရပ်များအား ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးမှ ဘာသာရပ်ဆိုင်ရာ ဆရာ/ဆရာမ များအား ရာထူးတိုးမြှင့်ခန့်ထားရေးနှင့် ဖွဲ့စည်းပုံပါ ခွင့်ပြုအင်အားအတိုင်း ခန့်ထားနိုင်ရေးတို့အတွက် ဝန်ကြီးဌာနမှ “မူ” များ၊ ပညာရေး ဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် အချက်များနှင့်အညီ ဆောင်ရွက်နိုင်ရေး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဘာသာရပ်အလိုက် သင်ကြားရေးဆိုင်ရာ ဆရာ/ ဆရာမများအား ၄င်းတို့၏ စာသင်ကြားမှု အတွေ့အကြုံများ၊ အခက်အခဲများနှင့် ဖြေရှင်းနိုင်မည့် နည်းလမ်းများအား မေးမြန်းခဲ့ပြီး တက္ကသိုလ်သင်ကြားရေးအပိုင်းအား ပိုမိုအဆင့်မြှင်တင်နိုင်ရေး အတွက် လိုအပ်သည်များ ဆွေးနွေးလမ်းညွှန်မှာကြားခဲ့ပြီး ဆရာ/ဆရာမ များအား စဉ်ဆက်မပြတ် လေ့လာသင်ယူရန်နှင့် မိမိ၏ အားနည်းချက် လိုအပ်ချက်များအား အမြဲသုံးသပ်ပြင်ဆင်ရန် လမ်းညွှန် မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံတွင် သစ်တောပညာရပ်ကို ရန်ကုန် တက္ကသိုလ်၌ ၁၉၂၃ ခုနှစ်တွင် စတင်ဖွင့်လှစ်သင်ကြားပို့ချခဲ့ရာ လာမည့် ၂၀၂၃ ခုနှစ်တွင် နှစ် (၁၀၀) ပြည့်မည်ဖြစ်ပါကြောင်း၊ သစ်တောပညာ ရာပြည့်အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လိုအပ် သည်များ ကြိုတင်ဆွေးနွေးတိုင်ပင်ထားရန်နှင့် လုပ်ငန်းကော်မတီများဖွဲ့စည်း ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သစ်တောသုတေသနဌာန၊ ရေဆင်းရှိ Chinese Academy of Sciences နှင့်ပူးပေါင်းဆောင်ရွက်သည့် Southeast Asia Biodiversity Research Institute မှ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းကာရေး သုတေသနစီမံကိန်းရလဒ်များအား ကြည့်ရှု စစ်ဆေးခဲ့ရာ သိရှိလိုသည်များအား ဆွေးနွေးမေးမြန်းပြီး စီမံကိန်းရလဒ်များအား အင်္ဂလိပ်/ မြန်မာ နှစ်ဘာသာဖြင့် စာအုပ်ထုတ်ဝေနိုင်ရေး လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် သစ်တောသုတေသနဌာန တာဝန်ရှိသူများမှ (၃၂) ကြိမ်မြောက် သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲ အခမ်းအနားအတွက် Virtual Event စနစ်ဖြင့် ကျင်းပမည့်အစီအစဉ် သရုပ်ပြဆောင်ရွက်မှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး စာတမ်းအကျဉ်းချုပ်များအား အင်္ဂလိပ်/မြန်မာ နှစ်ဘာသာဖြင့်ပြုစု၍ အင်တာနက်ဝက်ဘ်ဆိုဒ်နှင့် Facebook Account များတွင် ကြိုတင် ဖြန့်ဝေကြေငြာထားရန် လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အပင်တစ်ရှုးမွေးမြူခြင်းဓါတ်ခွဲခန်း (Plant Tissue Culture Lab) အတွင်း တမလန်းပျိုးပင်များ မွေးမြူထုတ်လုပ်နေမှုနှင့် ပျိုးပင်ပေါက်များ စမ်းသပ်စိုက်ပျိုးထားမှုအား ကြည့်ရှု့စစ်ဆေးခဲ့သည်။ ထို့နောက် တာဝန်ရှိသူများမှ သစ်တောသုတေသနဌာန၊ စုဝေးခန်းမအတွင်း ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့အား (၃၂) ကြိမ်မြောက် သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ သုတေသနစာတမ်း ဖတ်ပွဲ အခမ်းအနားအတွက် အသေးစိတ်ပြင်ဆင်ထားရှိမှုများ၊ အာရှ-ပစိဖိတ်ဒေသ သစ်တောများ စဉ်ဆက်မပြတ် စီမံအုပ်ချုပ်ခြင်းနှင့် သစ်တောများ ပြန်လည်ထူထောင်ခြင်းကွန်ယက် (Asia Pacific Forest Rehabilitation and Sustainable management Network (APFNet) နှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် မဲခေါင်ဒေသ (မြန်မာနိုင်ငံ) တွင် သစ်တောဂေဟစနစ်များအား ဘက်စုံစီမံ အုပ်ချုပ်ခြင်းနှင့် သရုပ်ပြခြင်းစီမံကိန်း အကောင်အထည်ဖော်ဆောင် ရွက်ပြီးစီးမှုများနှင့် ထင်းရှုး စိုက်ခင်းများအတွင်း ပင်ကျပ်နှုတ်ခြင်းအတွက် သုတေသနတွေ့ရှိချက်များအား ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

date: 
Tuesday, December 8, 2020 - 13:45