ပုဂ္ဂလိကသစ်တောစိုက်ခင်းများနှင့် သစ်အခြေခံစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပခြင်းနှင့် အလုပ်ရုံဆွေးနွေးပွဲအစီအစဥ်များနှင့်အညီ ဆက်လက်ဆောင်ရွက်

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် (၂.၁၂.၂၀၂၄) ရက်၊ တနင်္လာနေ့တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ကျင်းပပြုလုပ်သည့် ပုဂ္ဂလိကသစ်တောစိုက်ခင်းများနှင့် သစ်အခြေခံစက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနား သို့ တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဖွင့်ပွဲအခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်နှင့် သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ဆက်စပ်ဌာနများမှ တာဝန်ရှိသူများ၊ သစ်အခြေခံအသင်းအဖွဲ့များ၊ ကြိမ်ဝါးနှင့်ပရိဘောက လုပ်ငန်းရှင်များ၊ ပုဂ္ဂလိကသစ်တောစိုက်ခင်း လုပ်ငန်းရှင်များ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက အဖွင့်အမှာစကား ပြောကြားရာတွင် သစ်အခြေခံစက်မှုလုပ်ငန်းများအတွက် ကုန်ကြမ်းလိုအပ်ချက်များ ဖြည့်ဆည်းပေးရန်အတွက် နိုင်ငံပိုင်သစ်တောစိုက်ခင်းများ တည်ထောင်လျက်ရှိသကဲ့သို့ ပုဂ္ဂလိကသစ်တောစိုက်ခင်းများ တည်ထောင်ခြင်းကိုလည်း အားပေးလျက်ရှိကြောင်း၊ သစ်အခြေခံစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လုပ်ငန်းရှင်များအနေဖြင့် စျေးကွက်သစ်များရှာဖွေခြင်း၊ ဒေသတွင်းနိုင်ငံများ၏ ပြည်ပတင်ပို့မှု/တင်သွင်းမှု အခြေအနေများကို လေ့လာပြီး ကြိုးစားဆောင်ရွက်သွားရန်လိုကြောင်း၊ နိုင်ငံအတွင်း ပြည်တွင်းပြည်ပ သစ်အခြေခံ လုပ်ငန်းရှင်များ ပိုမိုရင်းနှီးမြှုပ်နှံလာစေရန် ပြည်ပသို့ သစ်အလုံးလိုက်တင်ပို့ခြင်းအား ၂၀၁၄ ခုနှစ်တွင် စတင်ရပ်ဆိုင်းခဲ့ပြီး သစ်ခွဲသားများကိုသာ တင်ပို့ခွင့် ပြုခဲ့ရာမှ ၂၀၂၃ ခုနှစ်တွင် သစ်အချောထည်နှင့် တစ်ဝက်တစ်ပျက်အချောထည်များကိုသာ ပြည်ပ တင်ပို့ခွင့် ပြုခဲ့ကြောင်း၊ ထုတ်လုပ်တင်ပို့ရောင်းချရာ တွင်လည်း ပွင်းလင်းမြင်သာမှုရှိပြီး တရားဝင်သစ် ဖြစ်ကြောင်း အာမခံနိုင်သည့်စနစ်တစ်ခုအဖြစ် ရပ်တည်နိုင်အောင် စည်းမျဉ်းစည်းကမ်းများ ရေးဆွဲထားပြီးဖြစ်ကြောင်း၊ သစ်အခြေခံပုဂ္ဂိလကဏ္ဍ၏ ပြည်တွင်း/ပြည်ပဝင်ငွေများ ယခုထက်ပို၍ ရရှိအောင် လုပ်ငန်းရှင်များအနေဖြင့် ကြိုးပမ်းဆောင်ရွက်သွားရန် လိုအပ်သကဲ့သို့ ဌာနအပိုင်းကလည်း လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ စျေးကွက်လိုအပ်ချက်နှင့် ကိုက်ညီသော သစ်၊ ဝါး၊ ကြိမ် အချောထည်များကို နည်းပညာအသုံးပြု၍ တိုးမြှင့်ထုတ်လုပ်တင်ပို့ နိုင်ပါက အလုပ်အကိုင်အခွင့်အရေးများပိုမိုရရှိစေမည့်အပြင် နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက် လည်း အထောက်အကူပြုစေမှာဖြစ်သည့်အတွက် သစ်အခြေခံစက်မှုလုပ်ငန်းနှင့် ဝါးကြိမ်လုပ်ငန်းများ ဖွံ့ဖြိုးတိုက်တက်လာစေရန်အတွက် ဌာနနှင့် လုပ်ငန်းရှင်များ ပေါင်းစပ်၍ ကြိုးပမ်းဆောင်ရွက်သွားရန် တိုက်တွန်းပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ခင်းကျင်းပြသထားသော သစ်၊ ဝါး၊ ကြိမ် အခြေခံ အချောထည်များအား လှည့်လည်ကြည့်ရှုရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရှိရသည်။

ဆက်လက်၍ အလုပ်ရုံဆွေးနွေးပွဲအား အခမ်းအနားအစီအစဥ်များအတိုင်း ဆက်လက်ကျင်းပခဲ့ရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာသောင်းနိုင်ဦးမှ သစ်အခြေခံစက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ Key Note Presentation အား ဆွေးနွေးတင်ပြခဲ့ပြီး သစ်တောသုတေသနဌာနမှ တာဝန်ရှိသူများက FD-AFOCO IPDM
စီမံကိန်းလုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ကျွန်းစိုက်ခင်းများတွင်ကျရောက်တက်သည့်ဖျက်ပိုးများနှင့်ရောဂါများအကြောင်းအားလည်းကောင်း၊ သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး၊ ဦးသောင်းနိုင်က ပုဂ္ဂလိကသစ်တောစိုက်ခင်းများတည်ထောင်ခြင်းနှင့် ခုတ်လှဲထုတ်လုပ်၊ပြည်ပတင်ပို့ခွင့်ပြုခြင်းဆိုင်ရာအချက်အလက်များအားလည်းကောင်း၊ Royal Tree Service ကုမ္ပဏီလီမိတက်မှ ဦးသန်းဦးက ပုဂ္ဂလိကယူကလစ်စိုက်ခင်းများ တည်ထောင်ခြင်း၊ ကုန်ကြမ်းရောင်းချခြင်းနှင့် ပြုစုထိန်းသိမ်းခြင်းဆိုင်ရာ အချက်အလက်များအားလည်းကောင်း၊ JLPC ကုမ္ပဏီလီမိတက်မှ ဦးသန်းဇော်ဝင်းကပုဂ္ဂလိကစိုက်ခင်းများမှ ထုတ်လုပ်ထွက်ရှိ ကုန်ကြမ်းများအား တစ်ဝက်တစ်ပျက် အချောထည် (Semi-Finished) နှင့် အချောထည် (Finished Products) များ ထုတ်လုပ်ပြီး ပြည်ပတင်ပို့ခြင်းဆိုင်ရာ အချက်အလက်များအားလည်းကောင်း၊ ဝါးလုပ်ငန်းရှင် ဒေါ်နန်းခင်အုံးမှ သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းဖြစ်သည့် ဝါးမျှစ်မှ မျှစ်ခြောက်ပြုလုပ်ပြီး ပြည်ပသို့တင်ပို့ခြင်း ဆိုင်ရာ အချက်အလက်များအားလည်းကောင်း အသီးသီးဆွေးနွေးတင်ပြခဲ့ကြပြီး ဆွေးနွေးတင်ပြမှုများအပေါ် တက်ရောက်လာသူများမှ ဝိုင်းဝန်းဆွေးနွေးအကြံပြုခဲ့ကြကြောင်း သိရှိရသည်။

ထို့နောက် မွန်းလွဲပိုင်းတွင် ပုဂ္ဂလိကသစ်တောစိုက်ခင်းများနှင့် သစ်အခြေခံစက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးအတွက် အုပ်စုဖွဲ့ဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ရာ အဖွဲ့ (၁) အနေဖြင့် "သစ်အခြေခံစက်မှုလုပ်ငန်းများအတွက် ဌာနစိုက်ခင်းနှင့် ပုဂ္ဂလိကသစ်တောစိုက်ခင်းကဏ္ဍတို့မှ ကုန်ကြမ်း စဉ်ဆက်မပြတ်ထောက်ပံ့နိုင်ရေး" ခေါင်းစဥ်ဖြင့်လည်းကောင်း၊ အဖွဲ့ (၂) အနေဖြင့် "သစ်အခြေခံစက်မှုလုပ်ငန်းများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်လာရေးနှင့်ပြည်ပပို့ကုန်တိုးမြှင့်နိုင်ရေး"ခေါင်းစဥ်ဖြင့်လည်းကောင်းအသီးသီးဆွေးနွေးခဲ့ကြပြီး အဖွဲ့ဝင်များမှ မိမိတို့အဖွဲ့နှင့်သက်ဆိုင်သည့် ခေါင်းစဥ်များအပေါ် သစ်အခြေခံစက်မှုလုပ်ငန်းဖွံဖြိုးတိုးတက်ရေး၊ ဌာနနှင့် ပုဂ္ဂလိကစိုက်ခင်းကဏ္ဍမှ ကုန်ကြမ်းစဉ်ဆက်မပြတ်ရရှိရေး၊ သစ်အခြေခံစက်မှုလုပ်ငန်းများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် ပြည်ပပို့ကုန်တိုးမြှင့်နိုင်ရေးအတွက် အထောက်အကူပြုစေသည့် အကျိုးကျေးဇူးရလဒ်များရရှိခဲ့ကြကြောင်း သတင်းရရှိပါသည်။

date: 
Wednesday, January 22, 2025 - 02:00