သစ်တောမြေပြင်ပရှိ သတ္တုတူးဖော်သည့် လုပ်ကွက်များအတွက် ၂၀၂၅ ခုနှစ် မိုးရာသီတွင် ဂေဟစနစ်ဖြည့်တင်းရေးစိုက်ခင်းများ စိုက်ပျိုးတည်ထောင်ရန် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ညှိနှိုင်းအစည်းအဝေးကျင်းပ
(၄-၁၂-၂၀၂၄) ရက်နေ့ နံနက် (၁၀:၀၀) နာရီတွင် သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမ၌ သစ်တောမြေပြင်ပရှိ သတ္တုတူးဖော်သည့် လုပ်ကွက်များအတွက် ၂၀၂၅ ခုနှစ် မိုးရာသီတွင် ဂေဟစနစ်ဖြည့်တင်းရေးစိုက်ခင်းများ စိုက်ပျိုးတည်ထောင်ရန် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ရာ သစ်တော ဦးစီးဌာနနှင့် အမှတ် (၁) သတ္တုတွင်းလုပ်ငန်းမှ တာဝန်ရှိသူများ၊ သစ်တောမြေပြင်ပတွင် သတ္တု တူးဖော်သည့် ကုမ္ပဏီ (၂၀) ခုမှ ကိုယ်စားလှယ်များနှင့် Royal Tree Services မှ ကိုယ်စားလှယ် စုစုပေါင်း (၃၀)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။
အစီအစဥ်အရ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (မူဝါဒနှင့်စီမံကိန်း)က အဖွင့်အမှာစကားပြောကြားပြီး အမှတ်(၁) သတ္တုတွင်းလုပ်ငန်း အထွေထွေမန်နေဂျာက သစ်တောမြေပြင်ပရှိလုပ်ကွက်များအတွက် ဂေဟစနစ်ဖြည့်တင်းရေးစိုက်ခင်းများ တည်ထောင်ရန်နှင့်ပတ်သက်၍ ဆောင်ရွက်ရသည့် အကြောင်းအရင်းများကိုလည်းကောင်း၊ နေပြည်တော် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးက ဂေဟစနစ် ဖြည့်တင်းရေးစိုက်ခင်းများတည်ထောင်ရန် မြေနေရာရွေးချယ် ထားရှိမှုအခြေအနေကိုလည်းကောင်း၊ Royal Tree Services မှ ၂၀၂၄ ခုနှစ် ဂေဟစနစ်ဖြည့်တင်းရေး စိုက်ခင်းများတည်ထောင် စိုက်ပျိုးနေမှုအခြေအနေများကို အသီးသီးရှင်းလင်းတင်ပြမှုအပေါ် တက်ရောက်လာသူများမှ ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး သစ်တောမြေပြင်ပတွင် သတ္တုတူးဖော်သည့် ကုမ္ပဏီ ၂၀ တို့မှ လာမည့် ၂၀၂၅ မိုးရာသီတွင် ဂေဟစနစ်ဖြည့်တင်းရေးစိုက်ခင်းများ စိုက်ပျိုးတည်ထောင်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။