သစ်တောဦးစီးဌာန၏ စိုက်ခင်းထူးချွန်ဆု၊ တရားမဝင်သစ်ဖမ်းဆီးရမိမှု ထူးချွန်ဆုနှင့် လွတ်လပ်ရေးနေ့အကြို အားကစားပြိုင်ပွဲများတွင် ဆုရရှိ သော ဝန်ထမ်းများအား ဆုချီးမြှင့်ခြင်း အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၏ စိုက်ခင်း ထူးချွန်ဆု၊ သစ်ဖမ်းဆီးရမိမှု ထူးချွန်ဆုနှင့် လွတ်လပ်ရေးနေ့အကြို အားကစားပြိုင်ပွဲများတွင် ဆုရရှိ သော ဝန်ထမ်းများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာနရုံးချုပ်တွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်နှင့်ဌာနအကြီးအကဲများ၊ သစ်တောဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် အားကစားပြိုင်ပွဲ ဗိုလ်လုပွဲ ယှဉ်ပြိုင်မှုအား ကြည့်ရှုအားပေးသည်။ ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနားအား အင်ကြင်းခန်းမတွင် ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက သစ်တောဖုံးလွှမ်းမှု ပြန်လည်ကောင်းမွန် လာစေရေး၊ သဘာဝ ပတ်ဝန်းကျင်နှင့် ဂေဟစနစ်တည်ငြိမ်ရေး၊ ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ် လျော့ပါး သက်သာစေရေးအတွက် အရေးပါသော သစ်တောစိုက်ခင်းများ တည်ထောင်ရာတွင် ဝန်ထမ်းများ၏ ကျွမ်းကျင်မှုနှင့် စိုက်ခင်းလုပ်ငန်းစဉ်များ အချိန်မီပြီးစီးအောင် လုံ့လစိုက်ကြိုးစားမှသာ အောင်မြင်သော စိုက်ခင်းများ ဖြစ်ထွန်းလာမှာဖြစ်ကြောင်း၊ အလားတူ သစ်တောသယံဇာတများ ထာဝစဉ် တည်တံ့ စေရန်နှင့် သစ်နှင့်သစ်တောထွက်ပစ္စည်း ခိုးယူထုတ်လုပ်မှုများ လျော့နည်းပပျောက်စေရေး အတွက် တရားမဝင်သစ် တားဆီးကာကွယ်ရေးသည်လည်း အထူးအရေးကြီးကြောင်း၊ ၂ဝ၂၄ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ တရားမဝင်သစ် စုစုပေါင်း ၅၆၇၂ တန် ဖမ်းဆီးဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ဝန်ထမ်းများ ကျန်းမာပျော်ရွှင်စေရေးအတွက် လွတ်လပ်ရေးနေ့အကြို အားကစားပြိုင်ပွဲအား အားကစားနည်း ၆ မျိုး ဖြင့် ကျင်းပပေးခဲ့ကြောင်း၊ စိုက်ခင်းထူးချွန်ဆု၊ တရားမဝင်သစ် ဖမ်းဆီးရမှုထူးချွန်ဆုနှင့် အားကစား ပြိုင်ပွဲ ဆုရသူများအား ဂုဏ်ပြုပါကြောင်းနှင့် နှစ်သစ်တွင် ဝန်ထမ်းမိသားစုများအားလုံး ကျန်းမာပျော် ရွှင်စွာဖြင့် တိုင်းပြည်အကျိုးကို ထမ်းဆောင်နိုင်ပါစေဟု ဆုမွန်ကောင်း တောင်းအပ်ပါကြောင်း ပြောကြားသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက စိုက်ခင်း၊ တရားမဝင်သစ်ဖမ်းဆီးရမှုနှင့် အားကစားပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယ ရရှိသူများ နှင့် ဆုရအသင်းများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

date: 
Wednesday, January 22, 2025 - 07:00