အရှေ့အာရှ-ဩစတြေးလျ ငှက်ပျံသန်းရာလမ်းကြောင်း၏ ကွန်ရက်နယ်မြေတစ်ခုဖြစ်သည့် အင်းတော်ကြီးတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတွင် ရေပျော်ငှက်နှင့် သစ်တောငှက်များအပြင် ဆောင်ခိုငှက်များ ကျရောက်လျက်ရှိ

၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၂) ရက်နေ့တွင် မြန်မာနိုင်ငံ၏ ဒုတိယမြောက်ရမ်ဆာရေဝပ်ဒေသအဖြစ် သတ်မှတ်ခြင်းခံရသော အင်းတော်ကြီးတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသည် အရှေ့အာရှ-ဩစတြေးလျ ငှက်ပျံသန်းရာလမ်းကြောင်း၏ ကွန်ရက်နယ်မြေတစ်ခုဖြစ်ပြီး အာဆီယံအမွေအနှစ်ဥယျာဉ်(၂၀၀၃) တစ်ခုလည်း ဖြစ်ပါသည်။

ငှက်မျိုးစိတ်စာရင်းကောက်ယူခြင်းနှင့် ဆန်းစစ်ခြင်းလုပ်ငန်းများကို လစဉ်ဆောင်ရွက်လေ့ရှိရာ အင်းတော်ကြီးကန်၏ ရေဝေရေလဲတောများတွင် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်း သစ်တောငှက် မျိုးစိတ်တွေ့ရှိမှုအနေဖြင့် သစ်တောငှက်မျိုးစိတ် (၆၀) မျိုး၊ ကောင်ရေ (၂,၀၁၇) ကောင်ကို တွေ့ရှိမှတ်တမ်းတင်နိုင်ခဲ့ပြီး အများဆုံးတွေ့ရှိမှတ်တမ်းတင်နိုင်ခဲ့သည့် ငှက်မျိုးစိတ်များမှာ ဘွတ်ကလုံ (Red-whiskered Bulbul)၊ ငှက်တော် (Black Drongo)၊ ပျံလွှား(ခေါ်) မိုးစွေငှက်(Barn Swallow)၊ ဘွတ်ဖင်နီ(Red-vented Bulbul)၊ ၊ စာပုတီး (Spotted Munia)၊ ၊ ပုဇင်းထိုး (Little Green Bee-eater)၊ ပျံလွှား (Barn Swallow)၊ စာဘူးတောင်း(Baya Weaver)၊ ဆက်ရက် (Common Myna)၊ ပျံလွှား (Ashy Woodswallow)၊ ကျေး (Red-breasted Parakeet) တို့ ဖြစ်ပါသည်။

ထို့အပြင် မျိုးသုဉ်းရန်အန္တရာယ်ကျရောက်နိုင်သောမျိုးစိတ်များဖြစ်သည့် အောင်လောင် (Great Hornbill) (၄) ကောင်၊ ကျွဲဆက်ရက် (White-vented Myna) (၁၀) ကောင်၊ မျိုးသုဉ်းရန် အန္တရာယ် ကျရောက်လုနီးပါးမျိုးစိတ်ဖြစ်သည့် စာဘုန်းကြီး (Asian Golden Weaver) (၁၅၀) ကောင်၊ ကျေး (Red-breasted Parakeet) (၁၅၀) ကောင်တို့ကိုလည်း တွေ့ရှိမှတ်တမ်းတင်နိုင်ခဲ့ပါသည်။

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ၌ အင်းတော်ကြီးကန်နှင့် ဆပ်စပ်ရေဝပ်ဒေသများတွင် အများဆုံး လာရောက်ကျက်စားလျက်ရှိသော ဆောင်းခိုရေပျော်ငှက်မျိုးစိတ်များဖြစ်သည့် ရေကြက်ဒုံ (Eurasian Coot) (၄၁၀၀) ကောင်၊ ဘဲဖြူနက် (Tufted Duck) (၄၂၀၀) ကောင်၊ ဘဲနီစပ် (Ferruginous Pochard) (၅၁၀) ကောင်၊ ပို့ချပ်ဘဲ (Common Pochard) (၆၅၀) ကောင်၊ စင်ရော် ခေါင်းညို (Brown-headed Gull) (၁၂၀၀) ကောင် နှင့် စင်ရော်ခေါင်းမဲ (Black-headed Gull) (၆၆၀) ကောင်တို့ အများဆုံး လာရောက်ကျက်စားလျက် ရှိပါသည်။ အင်းတော်ကြီးကန် အရှေ့ဖက်လမ်း ကြောင်း၊ အနောက်ဖက်လမ်းကြောင်း၊ အင်းတော်ချောင်းတစ်လျှောက် ချောင်းဘေး ဝဲ/ယာ နှင့် ဆက်စပ်ရေဝပ်ဒေသများရှိ ကိုင်းတောများအတွင်း ဆက်လက်ကွင်းဆင်းဆောင်ရွက်ခဲ့ရာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် ဆောင်းခိုရေပျော်ငှက် မျိုးစိတ် (၃၀) မျိုး၊ ကောင်ရေ (၁၅,၀၆၀) ၊ ဌာနေ ရေပျော် ငှက်မျိုးစိတ် (၁၉) မျိုး၊ ကောင်ရေ (၅,၈၀၉)၊ စုစုပေါင်း ရေပျော်ငှက် မျိုးစိတ် (၄၉) မျိုး နှင့် ကောင်ရေ (၂၀,၈၆၉) ကောင်တို့ကို တွေ့ရှိမှတ်တမ်းတင်နိုင်ခဲ့ပါကြောင်း ဖော်ပြရင်း ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၂) ရက်တွင် ကျရောက်မည့် “ကမ္ဘာ့ရေဝပ်ဒေသများနေ့ (World Wetlands Day 2025)” အား ဂုဏ်ပြုအပ်ပါသည်။

date: 
Thursday, January 23, 2025 - 14:15