တာချီလိတ်မြို့နယ်၊ ကျိုင်းလပ်မြို့၌ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှုလျော့ချရေး တွေ့ဆုံဆွေးနွေးပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့နယ်၊ ကျိုင်းလပ်မြို့၌ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှု လျော့ချရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကို ဇန်နဝါရီ ၂၀ ရက် နံနက် ၉ နာရီက နမ့်ခင်းကျေးရွာအုပ်စု၊ ဝမ်တုံကျေးရွာ ဘုန်းတော်ကြီးကျောင်းဝင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် ဆက်စပ်ဌာနဆိုင်ရာတို့မှ တာဝန်ရှိသူများ၊ တာလေမြို့ပေါ်(၃)ရပ်ကွက်၊ကျေးရွာအုပ်စု(၃)စုနှင့် ကျိုင်းလပ်မြို့ပေါ်(၃)ရပ်ကွက်၊ကျေးရွာအုပ်စု(၃)စုမှဒေသခံပြည်သူ(၅၀၀)ဦးတို့ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိပါသည်။

ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊ ဦးမင်းကိုက မြန်မာနိုင်ငံအတွင်း မီးလောင်မှု(Fire Hotspot) ဖြစ်ပေါ်မှုများ၊ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးအတွက် သက်ဆိုင်ရာဌာနများက ကဏ္ဍအလိုက်ပူးပေါင်းဆောင်ရွက်နေမှုများ၊ မြူမှုန်ကင်းစင်သော ကောင်းကင်ဖြစ်ပေါ်စေရေး မြန်မာ၊ လာအို၊ ထိုင်း သုံးနိုင်ငံ ပူးတွဲလုပ်ငန်းစီမံချက် Clear Sky Strategy (2024-2030) ၏ လုပ်ငန်းစဉ်များ၊ မီးခိုးမြူငွေ့များကြောင့် လေထုညစ်ညမ်းပြီး ကျန်းမာရေးထိခိုက်ခြင်းနှင့် အရွယ်မတိုင်ခင် သေဆုံးခြင်းဖြစ်ပေါ်မှုများနှင့် Fire Hotspot လျော့ချရေး ဒေသန္တရအမိန့်ဖောက်ဖျက် ကျူးလွန်သူများအား ထိရောက်စွာအရေးယူနိုင်ရေးဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊ ဦးကျော်စွာမျိုးက မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးလုပ်ငန်းစဉ်များတွင် ပြည်သူလူထုပူးပေါင်းပါဝင်ဆောင်ရွက်ရေးတို့ကိုလည်းကောင်း၊ ခရိုင်သစ်တောလက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ထွန်း-၃ က တောမီးလောင်ကျွမ်းမှုအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် သစ်တောသစ်ပင်ထိန်းသိမ်းရေးကိုလည်းကောင်း၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ၊ ဒေါ်အေးဝင်းသူက လေထုညစ်ညမ်းမှုနှင့် မီးခိုးမြူငွေ့အန္တရာယ် ဝိုင်းဝန်းကာကွယ်ရေးကိုလည်းကောင်း၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး၊ ဦးမိုးကျော်စွာဝင်းက လယ်ယာထွက်စွန့်ပစ်ပစ္စည်းများမီးမရှို့ဘဲ စိုက်ပျိုးရေးနှင့် မွေးမြူးရေးလုပ်ငန်းများ တွင် စနစ်တကျပြန်လည်အသုံးပြုရေးကိုလည်းကောင်း ၊ခရိုင်မီးသတ်ဦးစီးဌာနမှူး၊ ဦးလှမင်းက မီးဘေးကြိုတင်ကာကွယ်ရေးကိုလည်းကောင်း အသီးသီးဆွေးနွေးပြောကြားကာ တက်ရောက်သူများ၏ဆွေးနွေးချက်များအပေါ် သက်ဆိုင်ရာဌာနများက ပြန်လည်ဖြေကြားပေးပြီးနောက် မမြင်နိုင်သောလူသတ်သမားPM 2.5 အသိပညာပေး ဗီဒီယိုကို ပြသ၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း တင်ပြအပ်ပါသည်။

date: 
Friday, January 24, 2025 - 10:15