မြန်မာနိုင်ငံသစ်တောကျောင်း၊ ကျောင်းအုပ်ချုပ်ရေးအဖွဲ့အစည်းအဝေးအခမ်းအနားကျင်းပ

၁၇-၂-၂၀၂၅ ရက်၊ တနင်္လာနေ့ နံနက် ၀၈:၃၀ နာရီအချိန်တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံသစ်တောကျောင်း၊ ကျောင်းအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးကျင်းပရာ အဖွဲ့ဥက္ကဋ္ဌ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးချုပ် ဒေါက်တာသောင်းနိုင်ဦး တက်ရောက် အမှာစကားပြောကြားပြီး အစည်းအဝေးသို့ မြန်မာ့သစ်လုပ်ငန်းမှ ဦးဆောင်ညွန်ကြားရေးမှူး၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ မြေတိုင်းဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ၊ ကျောင်းအုပ်ကြီးနှင့် ဆရာများတက်ရောက်ကြပါသည်။ ဦးစွာ ကျောင်းအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌက အမှာစကားပြောကြားရာ မြန်မာနိုင်ငံသစ်တောကျောင်းသည် သမိုင်းအစဥ်အလာကြီးမားပြီးရည်ရွယ်ချက်ကောင်းများဖြင့် ၁၈၉၈ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ရာ ယနေ့ထိ သင်တန်းသား ၆၆၁၄ ဦးမွေးထုတ်ခဲ့ပါကြောင်း၊ ယခုဖွင့်လှစ်ဆဲ အမှတ်စဥ် (၁၁၈) သင်တန်းတွင် သင်တန်းသား ၇၈ ဦးအား အခြေခံသစ်တောပညာ ဘာသာရပ် ၁၅ ခုကို စာတွေ့ လက်တွေ့ သရုပ်ပြ သင်ကြားလျက်ရှိပါကြောင်း၊ အမှတ်စဥ် (၁၁၉) သင်တန်း ဆက်လက်ဖွင့်လှစ်ရာတွင် ခေါ်ယူမည့်သင်တန်းသား၊ သင်ကြားမည့်ဘာသာ၊ သင်တန်းအချိန်ဇယား၊ စတင်ဖွင့်လှစ်မည့်အချိန်၊ ခေတ်နှင့်လျော်ညီသည့်သင်တန်းစည်းကမ်းများ သတ်မှတ်နိုင်ရေးကို တက်ရောက်လာသည့် ကျောင်းအုပ်ချုပ်ရေးအဖွဲ့ဝင်များမှလည်း ဆွေးနွေးပေးစေလိုပါကြောင်းပြောကြားပါသည်။ ဆက်လက်၍ မြန်မာနိုင်ငံသစ်တောကျောင်း၊ ကျောင်းအုပ်ကြီးမှ အခြေခံသစ်တောပညာသင်တန်း အမှတ်စဥ် (၁၁၉) ဖွင့်လှစ်မည့် အစီအစဥ်အားရှင်းလင်းတင်ပြရာ တက်ရောက်လာသူများမှ ဝိုင်းဝန်းဆွေးနွေးကြကြောင်းသတင်းရရှိပါသည်။

date: 
Monday, February 17, 2025 - 13:30