ဘေးကင်း၍ အဟာရပြည့်ဝသော စားရေရိက္ခာများဖူလုံဖို့၊ စိုက်ပျိုးရေး နှင့် သစ်တော ဂေဟစနစ်များ ထိန်းသိမ်းစို့

ခံနိုင်ရည်ရှိသော စိုက်ပျိုးရေး အစားအစာစနစ်များနှင့် သစ်တောဂေဟစနစ်များ
စားရေရိက္ခာဖူလုံရေးသည် မိသာစုတိုင်းအတွက် အခြေခံအကျဆုံး လိုအပ်ချက် တစ်ရပ်ဖြစ် သကဲ့သို့ နိုင်ငံတည်ငြိမ်ရေး၊ အေးချမ်းသာယာဝပြောရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုး တက်ရေးအတွက် အရေးအကြီးဆုံး လိုအပ်ချက်တစ်ရပ်ဖြစ်ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးသည် စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် စားရေရိက္ခာအမျိုးမျိုး ထုတ်လုပ်ရေးအတွက် နေ့စဉ်ကြိုးပမ်း လုပ်ကိုင်ဆောင်ရွက်လျှက်ရှိပါသည်။
စိုက်ပျိုးရေး အစားအစာစနစ်များ (Agrifood Systems) နှင့် သစ်တော ဂေဟစနစ်များ(Forest Ecosystems) သည် အစားအစာများ၊ ဇီဝလောင်စာများ ၊ သစ်တောထွက်ပစ္စည်းများ၊ စွမ်းအင်၊ ဆီထွက် သီးနှံများ၊ စားရေရိက္ခာများ စသည့် ထုတ်ကုန်များ ထုတ်လုပ်ရုံ သာမက အပန်းဖြေမှု၊ ယဉ်ကျေးမှု အပါအဝင် ဂေဟစနစ် ဝန်ဆောင်မှုအမျိုးမျိုးကို လူသားများနှင့် လူ့အဖွဲ့အစည်းအတွက် ဖြည့်ဆည်းပေးလျက်ရှိ ပြီး အလွန်အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။ "အစားအစာစနစ်" ဟူသော ဝေါဟာရတွင် အစားအစာထုတ်လုပ်ခြင်း၊ စီမံဆောင် ရွက်ခြင်း၊ သယ်ယူပို့ဆောင်ခြင်းနှင့် စားသုံးခြင်း တို့ ပါဝင်ပါသည်။ အစားအစာစနစ်များ မှန်ကန်ကောင်းမွန်ပါမှသာ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး၊ ရိုးရာ ယဉ်ကျေးမှု ဓလေ့များနှင့် ပတ်ဝန်းကျင်အပေါ်တွင် ကောင်းကျိုး သက်ရောက်မည်ဖြစ်သည်။ အစားအသောက် ဘေးကင်း ရေး သည် လူ့အသက်ပေါင်း များစွာကို ကယ်တင်နိုင်ပြီး စားရေရိက္ခာဖူလုံမှုအတွက် အရေးပါသော အစိတ်အပိုင်း တစ်ခုသာမက အစားအသောက်ကြောင့်ဖြစ်သော ရောဂါများကို လျှော့ချရာ တွင်လည်း အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။
ကမ္ဘာလုံးဆိုင်ရာ ဇီဝစီးပွားရေး (Global Bioeconomy) သည် ကမ္ဘာ့စီးပွားရေး၏ အရေးပါသော အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်ဖွဲ့စည်း ထားရုံသာမက အထူးသဖြင့် ဖွံ့ဖြိုးဆဲ နိုင်ငံများ နိုင်ငံများ၏ အရေးပါသော အစိတ်အပိုင်း တစ်ခုလည်း ဖြစ်သည်။ စိုက်ပျိုးရေး အစားအစာနှင့် သစ်တောဂေဟစနစ်များသည် တစ်ခုနှင့်တစ်ခု နီးကပ်စွာ ချိတ်ဆက် လျက်ရှိ ပြီး အဆိုပါစနစ်များ၏ ကုန်ပစ္စည်းထုတ်လုပ်မှုများသည် ရေ၊ မြေဆီလွှာ၊ ဇီဝအဟာရ ကြွယ်ဝမှု၊ စွမ်းအင်၊ ရာသီဥတု စသည့် သဘာဝ ပတ်ဝန်းကျင်အခြေအနေများ ပေါ်တွင် မူတည်လျက်ရှိပါသည်။ တစ်ချိန်တည်းမှာပင် စိုက်ပျိုးရေး အစားအစာစနစ်များနှင့် သစ်တော ဂေဟစနစ်များသည် မြေဆီလွှာဖွဲ့စည်းပုံနှင့် မြေဩဇာထိန်းသိမ်းခြင်း၊ ဒေသဆိုင်ရာ ဇလဗေဒ ထိန်းညှိခြင်းစသည့် အရေးကြီးသော အခန်းကဏ္ဍများတွင် အကျိုးကျေးဇူးများစွာ ဖြစ်ထွန်း စေနိုင်သကဲ့သို့ စနစ်တကျစီမံခန့်ခွဲနိုင်ခြင်း မရှိပါက ရေနှင့် မြေဆီလွှာညစ်ညမ်းမှုနှင့် မြေဆီလွှာနှင့် သဘာဝမြေ သယံဇာတများ ပျက်စီးခြင်းတို့ကို ဖြစ်ပေါ်စေနိုင်သည်။
ယခုအခါ စိုက်ပျိုးရေး စားရေရိက္ခာများ၊ လယ်ယာ ထွက်ကုန်များနှင့် သစ်တော သယံ ဇာတများ၊ အစားအစာစနစ်နှင့် သစ်တောဂေဟစနစ်များသည် ရာသီဥတု ဖောက်ပြန်ခြင်း၊ မကြုံစဖူး ဇီဝမျိုးစုံမျိုးကွဲများ ဆုံးရှုံးခြင်း၊ ကျူးကျော်မျိုးစိတ်များ ဝင်ရောက်မှု၊ ရေ၊ လေနှင့် မြေဆီလွှာညစ်ညမ်းမှုနှင့် မြေအသုံးချမှု ပြောင်းလဲခြင်း (ဥပမာ မြို့ပြ အဖြစ်ပြောင်းလဲခြင်း အပါအဝင်) စိန်ခေါ်မှု များစွာနှင့် ရင်ဆိုင်ရလျက်ရှိသည်။ ကမ္ဘာ့လူဦးရေ တိုးပွားလာသည် နှင့်အမျှ စားရေရိက္ခာ နှင့် သစ်တောထွက်ပစ္စည်းများ ဝယ်လိုအားသည် အရှိန်အဟုန် ဖြင့် မြင့်တက် လာလျက်ရှိပါသည်။ အကန့်အသတ်ဖြင့်သာရှိသော သဘာဝ သယံဇာတ အရင်း အမြစ်များအပေါ်မှီခိုမှု အဆမတန် များပြားလာခြင်း၊ လိုအပ်ချက်များ မြင့်တက်၍ ဝယ်လိုအား တိုးပွား လာခြင်းသည် သဘာဝသယံဇာများ ပျက်စီးဆုံးရှုံးခြင်းများ ဖြစ်ပေါ်စေရန် ဉီးတည်လျ က်ရှိသဖြင့် ပိုမိုထိရောက်သော အသုံးချမှုနှင့် ကာကွယ်ထိန်း သိမ်းမှုများ ကို အလေးထား ဆောင်ရွက်ကြ ရန် မီးမောင်းထိုးပြလျက်ရှိပါသည်။

ဘေးကင်းပြီး အာဟာရပြည့်ဝသည့် စားရေရိက္ခာများ
စားရေရိက္ခာဆိုသည်မှာ သက်ရှိသတ္တဝါများ ရှင်သန်ကြီးထွားနိုင်ရန်အတွက် လိုအပ် သော အာဟာရဖြစ်စေသည့်အရာများဖြစ်ပြီး လူသားတို့ အသက်ရှင်မှုအတွက် စွမ်းအင်ကို ပြည့်ဝစေရန် အဓိက ထောက်ပံ့သော ပစ္စည်းများဖြစ်ပါသည်။ စားရေရိက္ခာများသည် လူ့ဘ၀၏ ဗဟိုချက်ဖြစ်ပြီး လူသားများ၏ တည်ရှိမှုအတွက် သာမက လူသားများ၏ ယဉ်ကျေးမှု စံနှုန်းများနှင့် လူမှုဘဝနေထိုင်မှုအတွက်လည်း အခြေခံ အုတ်မြစ်ဖြစ်သည်။ လူတို့နေ့စဉ် သွားလာနိုင်ရန်၊ ခန္ဓာကိုယ်ဖွံ့ဖြိုးရန်၊ ဉာဏ်ရည် ဖွံ့ဖြိုးရန်နှင့် ရောဂါဘယ များအန္တရာယ်မှ ကာကွယ်နိုင်ရန်အတွက် အဓိက လိုအပ်သော စွမ်းအင်ကို အစာအာဟာရမှ ရရှိနိုင်မည်ဖြစ် ပါသည်။ အစား အစာများ၊ စားရေရိက္ခာများသည် လူသားတစ်ဦး၏ လူနေမှုဘဝတွင် အခြေခံ အကျဆုံး လိုအပ်ချက်လည်းဖြစ်ပါသည်။
မြေထု၊ ရေထုတွင် ထွက်ရှိသော သဘာဝ ပေါက်ပင်နှင့် ရေထွက် ပစ္စည်းများ၊ လူသား များစီမံ လုပ်ဆောင်သော လယ်ယာထွက်ကုန် အစုဝေးများ၊ မွေးမြူရေး အင်အားစုများ သည် စားရေရိက္ခာ၏ ထုတ်ကုန်များ ဖြစ်ကြသည်။ အပင်အမျိုးမျိုးမှ အစေ့ အဆန်များ၊ ဟင်းသီး ဟင်းရွက်များ၊ အသီးအနှံများ၊အဆီများနှင့်တိရစ္ဆာန်များမှအသား နှင့်အဆီစသည့် စားရေ ရိက္ခာ တို့ကိုရရှိပါ သည်။ မြေထု၊ ရေထုတွင် ထွက်ရှိသော သဘာဝပေါက်ပင်နှင့် ရေထွက် ပစ္စည်း များ၊ လူသားများစီမံ လုပ်ဆောင်သော လယ်ယာ ထွက်ကုန်အစုဝေးများ မွေးမြူရေး အင်အား စုများသည် စားရေရိက္ခာ၏ ထုတ်ကုန်များ ဖြစ်ကြပါသည်။ စားရေရိက္ခာသည် လူသားတို့ အသက်ရှင်မှု အတွက် စွမ်းအင်ကိုပြည့်ဝ စေရန်အဓိက ထောက်ပံ့သော ပစ္စည်း များဖြစ်ပါသည်။
ကုလသမဂ္ဂ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက် ပန်းတိုင် ၂ သည် “ဆာလောင်မွတ်သိပ်မှု လုံးဝမရှိ” ရန် ဖြစ်ပြီး "ငတ်မွတ်မှု ရပ်တန့်ရေး၊ စားရေရိက္ခာဖူ လုံရေးနှင့် ပိုမိုကောင်းမွန်သော အာဟာရရရှိရန်နှင့် ရေရှည်တည်တံ့သော စိုက်ပျိုးရေးကို မြှင့်တင်ရန်" ဖြစ်သည်။ ၂၀၃၀ ပြည့်နှစ် တွင် ငတ်မွတ်ခေါင်းပါးမှုနှင့် အာဟာရ ချို့တဲ့မှုပုံစံ အားလုံးကို အဆုံးသတ်ရန် ရည်မှန်းထားပြီး လူသားအားလုံး အထူးသဖြင့် ကလေးငယ်များ တစ်နှစ်ပတ်လုံး အာဟာရပြည့်ဝပြီး လုံလောက်သောအစားအစာရရှိကြောင်း သေချာစေရန် ချမှတ်ထား သည့် ရည်မှန်းချက်လည်း ဖြစ်ပါသည်။
အစားအစာဖူလုံရုံသာမက ဘေးကင်းပြီး အာဟာရပြည့်ဝသောအစားအစာ၊ အရည် အသွေးပြည့်ဝသော အစားအစာ လုံလောက်စွာ ရရှိရေးသည် အလွန်အရေးကြီးသည်။ အစားအသောက် ကြောင့်ဖြစ် သော ရောဂါအမျိုးပေါင်း ၂၀၀ ခန့်ကြောင့် နှစ်စဉ် သန်း ၆၀၀ ဖျားနာကြပြီး နှစ်စဉ် သေဆုံးမှု ၄၂၀,၀၀၀ ကျော် ရှိကြောင်း သိရှိရသည်။၂၀၁၉ ခုနှစ်တွင် ကမ္ဘာပေါ်ရှိ ခန့်မှန်းခြေလူပေါင်း ၂ ဘီလီယံခန့်သည် ဘေးကင်းသော၊ အာဟာရပြည့်ဝပြီး လုံလောက်သော အစားအစာကို ပုံမှန်လက်လှမ်းမီနိုင်ခြင်း မရှိကြောင်း သိရှိရပြီး အဆိုပါ အတိုင်း ဆက်လက်ဖြစ်ပေါ်နေပါက ငတ်မွတ်မှုဒဏ်ခံရသော လူဦးရေသည် ၂၀၃၀ ပြည့်နှစ်တွင် သန်း ၈၄၀ သို့မဟုတ် ကမ္ဘာ့လူဦးရေ၏ ၉.၈ ရာခိုင်နှုန်း ကျော်သွားမည်ဖြစ်သည်။

သစ်တောဂေဟစနစ်ဝန်ဆောင်မှုများ
သစ်တောအခြေခံ စိုက်ပျိုးရေးစားရေရိက္ခာစနစ်များနှင့် အစားအစာစနစ်များ သည် စားရေရိက္ခာဖူလုံရေး၊ အာဟာရပြည့်ဝစေရေး နှင့် ပတ်ဝန်းကျင်ရေရှည် တည်တံ့ ခိုင်မြဲရေးတို့ကို ပေါင်းစည်းထားသည့် စနစ်များဖြစ်ပါသည်။ သစ်တောအခြေခံ စိုက်ပျိုးရေး အစားအစာ စနစ်များ (Forests-based agrifood systems) သည် သဘာဝဂေဟစနစ်များနှင့် လူသားများ၏ ခံနိုင်ရည်အားကို ကောင်းမွန်စေပြီး ရာသီဥတုပြောင်းလဲမှုလျှော့ချရေးနှင့် လိုက်လျောညီထွေ ဖြစ်စေရေး ကို အထောက် အကူပြုစေပါသည်။ ရာသီဥတုနှင့် လိုက်လျော ညီထွေရှိသော သစ်တောစီမံအုပ်ချုပ်မှုစနစ်၊ စိုက်ပျိုးရေးစနစ်နှင့် အာဟာရဆိုင်ရာ အလေ့ အကျင့်ကောင်းများကို ကျယ်ပြန့်စွာ ကျင့်သုံးခြင်းဖြင့် ပျက်စီးယိုယွင်းနေသော မြေဆီလွှာ များကို ပြန်လည်ထိန်းသိမ်း မည်ဖြစ်ပါသည်။
သစ်တောများက အထောက်အပံ့ပြုသော ပတ်ဝန်းကျင် ဆိုင်ရာ ဝန်ဆောင်မှုများသည် စားရေရိက္ခာထုတ်လုပ်မှုတိုးတက်စေရေးအတွက်သာမက ငွေကြေးဖြင့် တန်ဖိုးမဖြတ်နိုင် သော အကျိုးကျေးဇူးအမျိုးမျိုး ပံ့ပိုးလျက်ရှိသောကြောင့် သက်ရှိလောက အတွက် အဖိုး တန်လှသည်။ သစ်တောများမှ (က) ထောက်ပံ့မှု ဆိုင်ရာ ဝန်ဆောင်မှု (Provisional Services) ၊ ဥပမာ သစ်နှင့် သစ်မဟုတ်သော သစ်တော ထွက် ပစ္စည်းများ၊ ဇီဝမျိုးစုံမျိုးကွဲများ၊ စားရေရိက္ခာ၊ ရေကောင်းရေသန့် ရရှိစေခြင်း စသည့် ဝန်ဆောင်မှု လုပ်ငန်းများ၊ (ခ) ပတ်ဝန်းကျင် ထိန်းညှိမှုဆိုင်ရာ ဝန်ဆောင်မှု (Regulating Services) ၊ ဥပမာ ရာသီဥတုပြောင်းလဲမှုအား ထိန်းညှိခြင်း၊ လေထုအတွင်းမှ ကာဗွန်စုတ် ယူသို လှောင်ခြင်း ဆိုင်ရာဝန်ဆောင်မှု၊ ရေ၊ လေသန့်စင်မှု လုပ်ငန်းများ၊ မြေတိုက်စားမှု မြေပြိုမှုများမှ ကာကွယ်ခြင်း၊ ဝတ်မှုန်ကူးခြင်းနှင့် ပိုးမွှားကျရောက်မှုများမှ ကာကွယ်ခြင်း စသည့် ဝန်ဆောင်မှု လုပ်ငန်းများ၊ (ဂ) ယဉ်ကျေးမှုနှင့် စိတ်ပိုင်းဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းများ (Cultural and Spiritual Spirit)၊ ဥပမာ အပန်းဖြေမှု၊ အလှအပနှင့် မျက်စိပသာဒဆိုင်ရာ ဝန်ဆောင်မှု၊ ယုံကြည်မှု ကိုး ကွယ်မှု ရိုးရာဓလေ့ဆိုင်ရာ ဝန်ဆောင်မှုများ နှင့် (ဃ) ဝန်ဆောင်မှု လုပ်ငန်း များအား အထောက်အကူပေးသည့် လုပ်ငန်းများ (Supporting Services) ၊ ဥပမာ မြေဆီလွှာ ဖြစ်ပေါ်လာမှု ဖြစ်စဉ်အဆင့်ဆင့် အပါအဝင် ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှု များအား ချိတ်ဆက်ပေါင်းစပ် ထောက်ပံ့ပေးသည့် ဝန်ဆောင်မှုများ ကို သစ်တောများက ပံ့ပိုးထောက်ပံ့ပေးလျက်ရှိပါသည်။

ကောင်းမွန်သောဂေဟစနစ်နှင့် ဘေးကင်းသော စားရေရိက္ခာများ
တည်ငြိမ်ကောင်းမွန်သော ဂေဟစနစ်များသည် အပင်များနှင့်တိရစ္ဆာန်များ ရှင်သန်ကြီး ထွားရန်အတွက် အခြေခံ အုတ်မြစ်ဖြစ်သည်။ စားရေရိက္ခာ ထုတ်လုပ်သည့် နည်းလမ်းနှင့် အစားအစာများသည် သဘာဝ ပတ်ဝန်းကျင်နှင့် နက်ရှိုင်းစွာ ဆက်စပ်နေပါ သည်။ ဂေဟစနစ် တည်ငြိမ်ပြီး ရာသီဥတုမျှတကောင်းမွန်မှသာ စားရေရိက္ခာထုတ်လုပ်မှု ဖြစ်ထွန်းအောင်မြင် နိုင်သည်။ ရေရှည် မတည်တံ့နိုင်သော အစားအစာ ထုတ်လုပ်မှုနှင့် စားသုံးမှုအလေ့အထများ ကျယ်ပြန့်လာပြီး အစားအစာစနစ်များ ပျက်စီးလာ သောအခါ အကျိုးဆက်အနေဖြင့် ကျန်းမာရေးဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်လာရပါသည်။
အစားအစာ အရင်းအမြစ်များဖြစ်သော စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို ရေရှည်တည်တံ့ ခိုင်မြဲအောင်၊ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေ ဖြစ်အောင် စနစ်တကျဆောင်ရွက်နိုင် ခြင်း မရှိပါက စားနပ်ရိက္ခာ ထုတ်လုပ်ရေးကို ထိခိုက်စေရုံသာမက မြေထု၊ ရေထု၊ လေထု ညစ်ညမ်းခြင်း၊ ရာသီဥတု ပြောင်းလဲဖောက်ပြန်ခြင်း၊ သဘာဝ ပတ်ဝန်းကျင် ယိုယွင်းခြင်း၊ မိုးခေါင် ခြင်း၊ မြေပြိုခြင်းနှင့် ရေလွှမ်းမိုးခြင်းကဲ့သို့သော ဘေးအန္တရာယ်များ ကျရောက်ခြင်း၊ ဇီဝမျိုးစုံ မျိုးကွဲများ ဆုံးရှုံးခြင်း စသည့် ဆိုးကျိုးများစွာ ဖြစ်လာစေနိုင်ပါသည်။
သဘာဝဂေဟစနစ်များသည် စားရေရိက္ခာများ တိုက်ရိုက်ထုတ်လုပ်ပေးသည့် အရင်း အမြစ်များဖြစ်ပြီး ဝတ်မှုန်ကူးခြင်း၊ မြေဆီလွှာဖွဲ့စည်းခြင်း၊ အာဟာရ စက်ဝန်း လည်ပတ်ခြင်း နှင့် ရေထိန်းညှိခြင်း စသည့် ဂေဟစနစ် ဝန်ဆောင်မှုများ ကို ပံ့ပိုးပေးသကဲ့သို့ စိုက်ပျိုးရေး လုပ်ငန်းများ၊ စားရေရိက္ခာဖူလုံရေးနှင့် အာဟာရပြည့်စုံကြွယ်ဝစေရေး အတွက် ပံ့ပိုးပေးပါ သည်။ ရေရှည်တွင် သဘာဝနှင့် လိုက်လျောညီထွေရှိသော ခံနိုင်ရည်ရှိသော အစားအစာ စနစ်များ၊ စားရေရိက္ခာထုတ်လုပ်မှုပုံစံများသာလျှင် လူသားများအတွက် ကျန်းမာ၊ ဘေးကင်းပြီး ယုံကြည် စိတ်ချရသော အစားအစာအရင်းအမြစ်ကို ထုတ်လုပ်ပေး စွမ်းနိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် လက်ရှိနှင့် အနာဂတ်မျိုးဆက်များ၏ ကောင်းကျိုး ချမ်းသာ အတွက်၊ စားရေရိက္ခာ ပြည့်စုံဖူလုံ စေရေးအတွက် သစ်ပင်သစ်တောများ၊ ဂေဟစနစ်များ၊ သဘာဝအရင်း အမြစ်များကို ထိန်းသိမ်း ကာကွယ်စောင့် ရှောက်ရန် အလွန်အရေးကြီးပါသည်။

အပြည်ပြည်ဆိုင်ရာသစ်တောများနေ့
ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေညီလာခံက ပြည်သူများအကြား သစ်ပင်သစ်တော ထိန်းသိမ်းခြင်း ဆိုင်ရာ အသိပညာဗဟုသုတများ တိုးပွားစေရန်၊ သစ်တောများ၏ အရေး ပါသည့် အခန်းကဏ္ဍ ကို ပိုမိုနားလည်လာစေရန်၊ သစ်တောထိန်းသိမ်းရေး လုပ်ငန်းများတွင် ပိုမိုပူးပေါင်းပါဝင် လာစေရန် နှင့် သစ်ပင်သစ်တောများကို ပိုမိုချစ်ခင် မြတ်နိုးတတ်စေရန် ရည်ရွယ်ပြီး ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့ တွင် ဆုံးဖြတ် ချက်အမှတ် A/C.2/67/L.4 ဖြင့် မတ်လ (၂၁) ရက်နေ့ကို “အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့” (International Day of Forests) အဖြစ် သတ်မှတ်ကြေငြာခဲ့သည်။ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၁ ရက်တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ (International Day of Forests) ၏ ဆောင်ပုဒ်မှာ “သစ်တောများနှင့် စားရေရိက္ခာများ” (Forests and Foods) ဖြစ်သည်။ သစ်ပင် သစ်တောများသည် စားရေရိက္ခာဖူလုံခြင်း၊ လုံခြုံစိတ်ချရခြင်း၊ အာဟာရပြည့်ဝ စေခြင်းနှင့် အသက်မွေးဝမ်း ကြောင်း လုပ်ငန်းများ အတွက် အလွန်အရေးပါသော အခန်းကဏ္ဍများမှ ပါဝင်နေခြင်းကို မီးမောင်းထိုးပြသည့် အနေဖြင့် အဆိုပါ ဆောင်ပုဒ်ကို သတ်မှတ် ထားခြင်း ဖြစ်သည်။
ယခုနှစ် အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ တွင် ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) က ထုတ်ပြန်ထားသော သစ်တောများနှင့် စားရေ ရိက္ခာ ဆက်စပ်နေ သည့် အဓိက သတင်းစကားများ မျှဝေ ထားသည် ကို အောက်ပါအတိုင်း တွေ့နိုင်ပါသည်-
 ရာသီဥတုပြောင်းလဲမှုများ ဆက်တိုက်ဖြစ်ပွားမှု၊ ပဋိပက္ခများဖြစ်ပွားမှု၊ စီးပွားရေး ကျဆင်းမှု၊ မညီမျှမှုနှင့် ကပ်ရောဂါဖြစ်ပွားမှုတို့ကြောင့် ကမ္ဘာပေါ်ရှိ လူပေါင်း (၇၃၃) သန်းခန့်သည် ငတ်မွတ်မှုနှင့် ရင်ဆိုင်ရလျက်ရှိပါသည်။ ခန့်မှန်းခြေအားဖြင့် လူပေါင်း ၈၁၅ သန်းသည် အာဟာရချို့တဲ့လျက်ရှိပြီး တစ်နေ့လျှင် ကလေး ၁၆,၀၀၀ ကျော်သည် ငတ်မွတ် ခေါင်းပါးခြင်းကြောင့်သေ ဆုံးနေကြောင်း၊
 သစ်တောများသည် လူသန်းပေါင်းများစွာအတွက် စားရေရိက္ခာ၊ ဆေးဝါးနှင့် အသက် မွေးဝမ်းကြောင်းများကို ပံ့ပိုးပေးကြောင်း၊ ကမ္ဘာတစ်ဝှမ်းရှိ လူငါးဘီလီယံကျော်သည် သစ်တောနှင့် သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းများကို အစားအစာ၊ ဆေးဝါးနှင့် အသက်မွေးဝမ်းကျောင်းအတွက် အသုံးပြုကြလျက်ရှိကြောင်း၊ နောက်ဆုံး ပေါ် ဆေးဝါးများ ၏ ၂၅ ရာခိုင်နှုန်းကျော်သည် အပူပိုင်းသစ်တောများမှ ရရှိကြောင်း၊
 အပူပိုင်းသစ်တောများသည် နှစ်စဉ် အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံနှင့်ညီမျှသော စိုက်ပျိုးရေးအတွက် ဝတ်မှုန်ကူးခြင်းကို ကူညီထောက်ပံ့ပေးကြောင်း၊ ကမ္ဘာ့စားရေ ရိက္ခာ၏ ၃ ပုံ ၁ ပုံခန့်ကို တစ်နိုင်တစ်ပိုင်လယ်ယာလုပ်ကိုင်သူများမှ ထုတ်လုပ်ပေး ကြောင်း၊
 သစ်တောများနှင့် သစ်ပင်များသည် အစေ့အဆန်များ၊ သစ်သီးများ၊ အစေ့များ၊ အမြစ်များ၊ ဥများ၊ အရွက်များ၊ မှိုများ၊ ပျားရည်၊ တောရိုင်းအသားများနှင့် အင်းဆက် ပိုးမွှားများ ကြွယ်ဝသော အရင်းအမြစ်များဖြစ်ပြီး လူတို့၏ အစားအသောက်အတွက် မရှိမဖြစ်လိုအပ် သော အာဟာရများကို ပံ့ပိုးပေးလျက်ရှိကြောင်း၊
 သစ်တောများမှ တောရိုင်းတိရစ္ဆာန်အသားများသည် ပရိုတင်းနှင့် အဏုအာဟာရ ဓာတ်များ၏ မရှိမဖြစ်လိုအပ်သော အရင်းအမြစ်တစ်ခုဖြစ်ကြောင်း၊ အထူးသဖြင့် အပူပိုင်း ဒေသရှိ ဖွံ့ဖြိးဆဲနိုင်ငံများ၏ ဌာနေတိုင်းရင်းသားများနှင့် ကျေးလက်နေပြည် သူများ အတွက် အရေးကြီးသော ပရိုတင်းအရင်းအမြစ်တစ်ခုဖြစ်ကြောင်း၊ တောရိုင်း တိရိစ္ဆာန် မျိုးစိတ်ပေါင်း ၃၂၀၀ ကျော်ကို အစာအဖြစ် အသုံးပြုကြကြောင်း၊
 ပုံမှန်စားရေရိက္ခာရင်းမြစ်များ မရရှိနိုင်သောကာလများ၊ ကိုဗစ်-၁၉ ကဲ့သို့သော ကပ်ရောဂါ ကျရောက်သော ကာလများ၊ အကျပ်အတည်းကာလများတွင် သစ်တော များသည် စားရေ ရိက္ခာဘေးကင်းရေး နှင့် အစားအစာရရှိရေးအတွက် အရေးပါသော အရင်းအမြစ် တစ်ခု အဖြစ် ပံ့ပိုးကြောင်း၊
 လူဉီးရေ ၂ ဘီလီယံကျော်သည် အစားအစာ ချက်ပြုတ်ရန်အတွက် သစ်သားနှင့် အခြား ရိုးရာ လောင်စာ များ ကို မှီခိုအားထားနေရပြီး အဆိုပါ လောင်စာများကို သစ်တော များမှ ရရှိကြောင်း၊
 အပူပိုင်းသစ်တောများသည် လူများအတွက် ကျန်းမာရေးဂရုစိုက်မှုအဖြစ် နှစ်စဉ် အမေရိကန်ဒေါ်လာ ၁၀၈ သန်းနှင့် ညီမျှသည့် ဆေးဖက်ဝင်အပင်များကို ထောက်ပံ့ ပေး ကြောင်း၊
 ကမ္ဘာ့သစ်တောဧရိယာ ဟတ်တာသန်းပေါင်း ၃၃၀ သည် မြေဆီလွှာ ထိန်းသိမ်း ခြင်း၊ ရေဝေရေလဲထိန်းသိမ်းခြင်း၊ ရေခဲတောင်ပြိုကျမှုမှ တားဆီးကာကွယ်ခြင်း၊ သဲကန္တာရ ဖြစ် ထွန်းမှု ကာကွယ်တားဆီးခြင်းနှင့် ကမ်းရိုးတန်းဒေသများတွင် သဘာဝဘေး အန္တရာယ် များမှ ကာကွယ်တားဆီးပေးကြောင်း၊
 သစ်တောပြုန်းတီးသော ရေဝေရေလဲများသည် ကမ္ဘာ့မြို့ကြီးများ၏ ၈၅ ရာခိုင်နှုန်း ကျော် အတွက် ရေချိုကို ထောက်ပံ့ပေးပြီး ရေရှည်တည်တံ့သော သစ်တောစီမံခန့်ခွဲမှု သည် မြို့ပြကြီးများတွင် နေထိုင်သူ ၁.၇ ဘီလီယံကျော်အတွက် ရေအရည်အသွေးကို မြှင့် တင်ပေးနိုင်ကာ ၎င်းတို့၏ စားနပ်ရိက္ခာနှင့် ရေဖူလုံမှုကို အထောက်အကူ ပြုကြောင်း၊
 သစ်တောများမှ ထုတ်လုပ်ပေးသော စွမ်းအင်သည် ဆိုလာ၊ ရေအားလျှပ်စစ် (သို့မဟုတ်) လေအားလျှပ်စစ်တို့မှ ထုတ်လုပ်ပေးသော စွမ်းအင်ထက်ပိုမိုပြီး ကမ္ဘာ့ပြန် ပြည့်မြဲ စွမ်းအင်ထုတ်လုပ်မှု စုစုပေါင်း၏ ၄၀ ရာခိုင်နှုန်း ခန့်ရှိကြောင်း ဖော်ပြထား ပါသည်။
ဘေးကင်း၍ အဟာရပြည့်ဝသော စားရေရိက္ခာများဖူလုံဖို့၊ စိုက်ပျိုးရေး နှင့် သစ်တော ဂေဟစနစ်များ ထိန်းသိမ်းစို့
ကုလသမဂ္ဂစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရည်မှန်းချက်ပန်းတိုင် ၁၅ တွင် ကမ္ဘာလုံး ဆိုင်ရာ ဂေဟစနစ်အား ထိန်းသိမ်း ကာကွယ်ပြီး စဉ်ဆက်မပြတ် အသုံးပြုနိုင်ရေး၊ သစ်တော များ ထာဝစဉ်တည်တံ့စေရန် စီမံအုပ်ချုပ်ရေး ကို ရည်မှန်းချက်ပန်းတိုင် အဖြစ် သတ်မှတ် ထားပါသည်။ လူ့အဖွဲ့အစည်းတစ်ခု စားရေရိက္ခာဖူလုံစွာ ထုတ်လုပ်နိုင်ရေးအတွက် သဘာဝ အခြေခံ အရင်းအနှီးများဖြစ်သည့် မြေသယံဇာတ၊ ရေ အရင်းမြစ်၊ မြစ်၊ ချောင်း၊ အင်း၊ အိုင်၊ တော၊ တောင်၊ ပင်လယ် ကမ်းရိုးတန်းတို့သည် အရေးကြီးသော သဘာဝ အခြေခံအရင်း အမြစ်များဖြစ်ပါသည်။ ကျန်းမာကြံ့ခိုင်သော၊ သဟဇာတမျှတသော သစ်တော ဂေဟစနစ်များ သည် ဂေဟစနစ် ဝန်ဆောင်မှု အကျိုးကျေးဇူးများစွာကို ထောက်ပံ့နိုင်ပြီး နိုင်ငံ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုဉီးစားပေး လုပ်ငန်းများကို အောင်မြင်ရန် ပံ့ပိုးနိုင်သဖြင့် သစ်တော သစ်ပင်များ၊ သစ်တောဂေဟစနစ်များကို ဝိုင်းဝန်းပူး ပေါင်း ထိန်းသိမ်းရန် လိုအပ်ပါသည်။
သီးနှံသစ်တော ရောနှောစိုက်ပျိုးခြင်း (Agroforestry) ကဲ့သို့သော မြေအသုံးချမှု နည်းစနစ်များသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သစ်တောထိန်းသိမ်းရေး လုပ်ငန်းများ ပေါင်းစုဆောင်ရွက်နိုင်သည့် သဘာဝကိုအခြေခံသောဖြေရှင်းခြင်း နည်းလမ်းများ (Nature-based solutions)၊ စိုက်ပျိုးမွေးမြူရေး အလေ့အကျင့်ကောင်းများ ဖြစ်သဖြင့် အထူး အလေးထား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ပါက အကျိုးကျေးဇူးများစွာ ရနိုင် မည်ဖြစ်သည်။ စိုက်ပျိုးရေး အစားအစာစနစ်များ (Agrifood Systems) နှင့် သစ်တော ဂေဟစနစ်များ(Forest Ecosystems) ထိန်းသိမ်းရေး လုပ်ငန်းများတွင် ပိုမိုရင်းနှီးမြုပ်နှံခြင်း၊ သုတေသနနှင့် သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ် တီထွင်မှုများ စဉ်ဆက်မပြတ် တိုးမြှင့် ဆောင်ရွက်ခြင်း၊ ပညာပေးခြင်း၊ စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်း၊ အစိုးရများ၊ ပုဂ္ဂလိက ကဏ္ဍ၊ ပညာရေးနှင့် သုတေသနအဖွဲ့ အစည်းများနှင့် အရပ်ဘက်အဖွဲ့ အစည်းများ အပါအဝင် ဆက်စပ်ပတ်သက် သူများအားလုံး ကျယ်ပြန့်စွာ ပူးပေါင်းဆောင် ရွက်ခြင်းဖြင့် သစ်တော သယံဇာတများ ထာဝစဉ်တည်တံ့ပြီး စားရေရိက္ခာ ဖူလုံကာ နိုင်ငံတော် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူ ပြုမည်ဖြစ်ပါကြောင်း တင်ပြလျက် အပြည်ပြည် ဆိုင်ရာ သစ်တော များနေ့ (၂၀၂၅) အား ဂုဏ်ပြု အပ်ပါသည်။
သစ်တောမောင်

date: 
Friday, March 21, 2025 - 14:00