အောင်နိမိတ်ဒီရေတောကြိုးပြင်ကာကွယ်တောသတ်မှတ်ခြင်း
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၈ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် သစ်တောဥပဒေပုဒ်မ၆၊ ပုဒ်မခွဲ (င)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံးလျက် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း ၂၈,၃၉၂ ဧကရှိသော နယ်မြေကို “အောင်နိမိတ်ဒီရေတောကြိုးပြင်ကာကွယ်တော”အဖြစ် အမိန့်ကြော်ငြာစာအမှတ် (၄၂/၂၀၂၅)အရ ၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း(၄)ရက်(၂၀၂၅ ခုနှစ်၊ ဧပြီလ ၃၀ ရက်)မှစ၍ သတ်မှတ်ကြောင်း ကြေညာလိုက်သည်။
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ဒီရေတောဂေဟစနစ် ရေရှည်တည်တံ့စေရန်၊ ဇီဝမျိုးစုံမျိုးကွဲများပေါကြွယ်ဝစေရန်၊ လှိုင်းဒဏ်/ လေမုန်တိုင်းဒဏ်ခံစား ရမှုများအား သဘာဝအစိမ်းရောင်တံတိုင်းကြီးများသဖွယ် ကာကွယ်ရန်၊ ကမ်းရိုးတန်းဒေသ ရေရှည်တည်တံ့စေရေးကို အထောက်အကူပြုနိုင်ရန်၊ ဒေသခံပြည်သူများအတွက် ငါး၊ ပုစွန်၊ ကဏန်း စသော ရေသယံဇာတများ စဉ်ဆက်မပြတ် ထုတ်ယူသုံးစွဲနိုင်ရန်၊ ကုန်းတွင်းပိုင်းသို့ ဆားငံရေ ဝင်ရောက်မှုများမှ တားဆီးကာကွယ်နိုင်ရန်နှင့် ဒီရေတောဂေဟစနစ်စီမံအုပ်ချုပ်မှု ပိုမို ကောင်းမွန်လာစေရန်ရည်ရွယ်၍ ဒီရေတောကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တောများ ဖွဲ့စည်းသတ် မှတ်ခြင်းဖြစ်ပါသည်။
အောင်နိမိတ်ဒီရေတောကြိုးပြင်ကာကွယ်တောသတ်မှတ်ခြင်းဖြင့် အဆိုပါဧရိယာအတွင်း ပေါက်ရောက်လျက်ရှိသော ဒီရေတောသစ်မျိုးများဖြစ်သည့် သမဲ့၊ လမု၊ သရော၊ ကန့်ပလာ၊ သခွတ်၊ ရေခရားသစ်မျိုးများအား ထိန်းသိမ်းနိုင်မည်ဖြစ်ခြင်း၊ ငါးမျိုးစုံ၊ ပုစွန်မျိုးစုံ၊ ခရုမျိုးစုံ၊ ကဏန်းမျိုးစုံတို့၏ရှင်သန်ပေါက်ဖွားရာဂေဟစနစ်ပိုမိုကောင်းမွန်လာစေခြင်း၊ ဘုတ်၊ ဒင်ကြီးငှက်၊ ဗျိုင်း၊ ငှက်ကြား၊ ခရုစုပ်ငှက်၊ ဘီလုံးငှက်၊ စင်ရော်ငှက်စသည့် ငှက်မျိုးများ၏ နေရင်းဒေသအား ထိန်းသိမ်းနိုင်မည်ဖြစ်ခြင်း၊ဒေသခံပြည်သူများ၏လူမှုစီးပွါးဖွံ့ဖြိုးတိုးတက်မှုအထောက်အကူပြုနိုင် ခြင်း၊ ဒီရေတောများသည်အဏ္ဏဝါဂေဟစနစ်ကို တည်ငြိမ်မှုအတွက် အရေးပါသည့် ဂေဟစနစ် တစ်ခုဖြစ်ခြင်းနှင့် သဘာဝဘေးအန္တရာယ်မှ ကာကွယ်ပေးနိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိ နိုင်မည်ဖြစ်ပါသည်။