ဝါးလက်မှုအခြေခံပစ္စည်းများထုတ်လုပ်ခြင်းဆိုင်ရာ အဆင့်မြင့် နည်းပညာသင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

(၃၀-၆-၂၀၂၅) ရက်နေ့တွင် ညနေ (၁၅:၃၀)နာရီ တွင် သစ်တောဦးစီးဌာန၊ သစ်တောသုတေသနဌာန (ရေဆင်း) စုဝေးခန်းမ၌ FD-AFoCO NTFP စီမံကိန်း၏ ဝါးလက်မှု အခြေခံပစ္စည်းများ ထုတ်လုပ်ခြင်းဆိုင်ရာ အဆင့်မြင့်နည်းပညာသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်ရာ သစ်တော ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ၊ဒေါက်တာသောင်းနိုင်ဦးတက်ရောက်၍ သင်တန်းဆင်းအမှာစကား ပြောကြားခဲ့သည်။ ညွှန်ကြားရေးမှူးချုပ်က ၂၆-၆-၂၀၂၅ ရက်နေ့မှ ၃၀-၆-၂၀၂၅ ရက်နေ့အထိ ရက်သတ္တပတ် (၁) ပတ်ကြာ ဖွစ်လှစ်တဲ့ အခုသင်တန်းကို တက်ရောက်ခဲ့ကြတဲ့ လဲလူးအိုင်ကျေးရွာ အနေနဲ့ ဝါးအခြေခံ လက်မှုပစ္စည်းများဖြစ်တဲ့ ဆန်ကော၊ ဆန်ခါ၊ အုပ်ဆောင်း ထုတ်လုပ်ရောင်းချခြင်းကို မိရိုးဖလာ အသက်မွေး ဝမ်းကျောင်းတစ်ခုအနေနဲ့ လွန်ခဲ့သောနှစ်ပေါင်း(၇၀)ကျော်ခန့်ကပင် ဆောင်ရွက် ခဲ့ကြကြောင်း၊ ယခုဖွင့်လှစ်တဲ့ ကျေးလက်ဒေသဖွံ့ဖြိုးမှု အထောက်အကူပြု ဝါးလက်မှု အခြေခံပစ္စည်းများထုတ်လုပ်ခြင်းဆိုင်ရာ အဆင့်မြင့် နည်း ပညာသင်တန်းဟာဆိုရင် ဝါးလက်မှု အခြေခံပစ္စည်းများ အဆင့်မြင့်ထုတ်လုပ်ခြင်းအား နားလည်တတ်မြောက်စေဖို့နဲ့ အရောင်အသွေးနှင့် ဈေးကွက်ဝင်ဝါးလက်မှုပစ္စည်းများ ထုတ်လုပ် နိုင်စေဖို့ ရည်ရွယ်ပြီး ဝါးလက်မှု ပညာရှင်များမှ စာတွေ့လက်တွေ့ ပို့ချခဲ့ကြကြောင်း၊ သင်တန်းသားများအနေနဲ့ ဈေးကွက်ဝင် ဝါးအုပ်ဆောင်း အမျိုးမျိုး၊ ဝါးမီးအိမ် အမျိုးမျိူး နဲ့ အခြားသော ဝါးလက်မှု ပစ္စည်းများကို အချိန်တို အတွင်းစုံလင်ပြီးတော့ သေသပ် လှပတဲ့ လက်ရာတွေ ထုတ်လုပ်နိုင်တဲ့အထိ သင်ယူနိုင်ခဲ့တဲ့ အတွက် မိရိုးဖလာဆန်ကော စကာ အုပ်ဆောင်းများအပြင် အဆင့်မြင့် ဝါးလက်မှုပစ္စည်းများကိုပါ ရောင်းချနိုင်တော့မှာဖြစ်ကြောင်း၊ ဒီလိုဆောင်ရွက်ခြင်းအားဖြင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ ကျေးလက် ဒေသများဖွံ့ဖြိုးရေး၊ ဒေသအလိုက် အဓိက ထုတ်ကုန်များကို အခြေခံသည့် ကုန်ထုတ်လုပ်မှုများကို အားပေး ဆောင်ရွက်ရေးနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် မိမိတို့နိုင်ငံက ဦးတည်ဆောင်ရွက် နေတဲ့ ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်ခု (One Village One Product)၊ ဒေသတစ်ခု ထုတ်ကုန်တစ်ခု (One Region One Product) ဟူသော အစီအစဉ်ကိုလည်း တစ်ဖက်တစ်လမ်းမှ ပံ့ပိုး ကူညီပေး နိုင်မယ်လို့ယုံကြည်ပါကြောင်း ပြောကြားခဲ့ပါသည်။ သင်တန်းဆင်းပွဲ အခမ်းအနားသို့ ဒုတိယညွှန်ကြားရေးမှုးချုပ် (မူဝါဒနှင့်စီမံကိန်း)၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ သင်တန်းဆရာ/ဆရာမများ၊ ဝါး/ကြိမ်လက်မှုလုပ်ငန်းရှင်များ၊ သစ်တော သုတေသနဌာနမှ အရာထမ်းများ၊ သင်တန်းသူများ စုစုပေါင်း(၈၀)ဦးခန့်တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

date: 
Tuesday, July 1, 2025 - 11:45