ဝမ်ဗိုက်ကြိုးဝိုင်း၊ မိန်းမလှကျွန်းတောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၊ မြောက်ဇာမရီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောနှင့် တနင်္သာရီသဘာဝကြိုးဝိုင်းတို့၏ မြေယာဖုံးလွှမ်းမှုမြေပုံတို့ကိုRemote Sensing နည်းပညာအသုံးပြု၍ ဆန်းစစ်လေ့လာရေးဆွဲခြင်းဆိုင်ရာ ဆွေးနွေးပွဲကျင်းပ

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့တွင် သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမ၌ “ဝမ်ဗိုက် ကြိုးဝိုင်း၊ မိန်းမလှကျွန်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ မြောက်ဇာမရီတောရိုင်းတိရစ္ဆာန် ဘေးမဲ့ တောနှင့် တနင်္သာရီသဘာဝကြိုးဝိုင်းတို့၏ မြေယာဖုံးလွှမ်းမှုမြေပုံတို့ကို Remote Sensing နည်းပညာ အသုံးပြု၍ ဆန်းစစ်လေ့လာရေးဆွဲခြင်းဆိုင်ရာ ဆွေးနွေးပွဲ” ကို ကျင်းပခဲ့ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန/တက္ကသိုလ်မှ ကိုယ်စားလှယ် (၃၀) ဦး တက်ရောက်ခဲ့သည်။
ဆွေးနွေးပွဲတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်စိုးဝင်းက ၎င်း၏ မဟာသိပ္ပံဘွဲ့သုတေသနစာတမ်းဖြစ်သည့် Change Detection of Mangrove Forests Using Deep Learning with Medium-resolution Satellite Imagery: A Case Study of Wunbaik Mangrove Forest ၏ တွေ့ရှိချက်ရလဒ်များအားလည်းကောင်း၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဖြိုးသက် နိုင်က မိန်းမလှကျွန်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောရှိ ဒီရေတောများနှင့် ၂၀၂၅ ခုနှစ်၊ မြန်မာ့ဒီရေ တောများ ပေါက်ရောက်မှုအခြေအနေအား Advanced Remote Sensing နည်းပညာ အသုံးပြု၍ ဆန်းစစ်လေ့လာခြင်းအားလည်းကောင်း၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးချမ်းမြေ့အောင်-၂ က မြောက်ဇာမရီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောရှိ သစ်တောဖုံးလွှမ်းမှု ဆန်းစစ်လေ့လာတွေ့ရှိချက် များအားလည်းကောင်း၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဖြိုးဝေက တနင်္သာရီ သဘာဝကြိုး ဝိုင်း၌ မြေအသုံးချမှုဆန်းစစ်လေ့လာတွေ့ရှိချက်များအားလည်းကောင်း အသီးသီး ရှင်းလင်းတင်ပြ မှုများအပေါ် တက်ရောက်လာသူများ၏ဆွေးနွေးချက်များအား ပြန်လည်ဖြေကြားခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင် စုဝန်ကြီး၏လမ်းညွှန်မှုဖြင့် သစ်တောဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ မြေတိုင်း ဦးစီးဌာန၊ ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာနနှင့် သစ်တောနှင့် ပတ်ဝန်းကျင် ဆိုင်ရာ တက္ကသိုလ်မှ ဘာသာရပ်ဆိုင်ရာ စိတ်ပါဝင်စားသူများဖြင့် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ခေတ်မီနည်းပညာများအသုံးပြုသည့် သုတေသနရလဒ်များမှ သစ်တောဖုံးလွှမ်းမှုအား စောင့်ကြည့် လေ့လာအကဲဖြတ်ရာတွင်လည်းကောင်း၊ သစ်တောစီမံအုပ်ချုပ်လုပ်ကိုင်မှုစီမံကိန်းများ ရေးဆွဲရာတွင် လည်းကောင်း အသုံးပြုသွားနိုင်ရန် ရည်ရွယ်ပြီး သစ်တောဦးစီးဌာန၊ စီမံကိန်းနှင့် စာရင်းအင်းဌာနမှ ဦးဆောင်ကျင်းပကြောင်းသိရသည်။

date: 
Friday, August 1, 2025 - 19:45