သစ်တောဦးစီးဌာန၊ စီမံကိန်းလုပ်ငန်းများကြီးကြပ်မှုကော်မတီ၏ ၁/၂၀၂၅-၂၀၂၆ ကြိမ်မြောက် အစည်းအဝေးကျင်းပ

သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး အင်ကြင်းခန်းမ၌ စီမံကိန်းလုပ်ငန်းများကြီးကြပ်မှုကော်မတီ( Project Monitoring Committee - PMC) ၏ ၁/၂၀၂၅-၂၀၂၆ ကြိမ်မြောက် အစည်းအဝေးကို (၆-၈-၂၀၂၅) ရက် ၊ ဗုဒ္ဓဟူးနေ့ နံနက် ၀၈း၀၀ နာရီ အချိန်တွင်ကျင်းပရာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦး တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ဒုတိယညွှန်ကြားရေးမှူးချုပ်( မူဝါဒနှင့်စီမံကိန်း )၊ သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ၊ စီမံကိန်းအသီးသီးမှ တာဝန်ခံများနှင့်ကိုယ်စားလှယ်များ တက်ရောက်သည်။ ဦးစွာညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦးက သစ်တောကဏ္ဍသည် နိုင်ငံ့ဧရိယာ၏ ၅၀%ကို သစ်တောဖုံးလွမ်းရေးကြိုးပမ်းနေသလို တဖက်တွင်လည်း စိန်ခေါ်မှုများရှိနေကြောင်း၊ ပြည်ပ အကူအညီရငွေနှင့် နည်းပညာအထောက်အပံ့များရယူ၍ စီမံကိန်းဆောင်ရွက်သည့်တာဝန်ရှိသူများအနေဖြင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုအပေါ် အနည်းဆုံးကုန်ကျစရိတ်နှင့်အများဆုံးအကျိုးရှိအောင်ဆောင်ရွက်စေလိုကြောင်း၊ လုပ်ငန်းများကို သတ်မှတ်ကာလအတွင်း အရည်အသွေးပြည့်မီအောင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စီမံကိန်းအသစ်များ ဖော်ထုတ်နိုင်ရန် Project proposal များလည်း ကြိုတင်ပြုစုရမည်ဖြစ်ကြောင်း၊ PMC အနေဖြင့် ဆောင်ရွက်ဆဲစီမံကိန်းများ၏ Work plan, Budget planများကို စောင့်ကြည့်တည့်မတ်နေမည်ဖြစ်ကြောင်းနှင့် PMC အစည်းအဝေးကို ပုံမှန် ၆ လတစ်ကြိမ် ကျင်းပမည်ဖြစ်ကြောင်းပြောကြားသည်၊၊ အစီအစဥ်အရ သစ်တောဦးစီးဌာနနှင့် နိုင်ငံတကာအဖွဲ့အစည်းများ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများနှင့်စပ်လျဥ်း၍ စီမံကိန်းနှင့် စာရင်းအင်းဌာန ညွှန်ကြားရေးမှူးကလည်းကောင်း၊ ပြည်ပအကူအညီရငွေဖြင့်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစီမံကိန်း(၈)ခုနှင့်ပြည်ပနည်းပညာအထောက်အပံ့ဖြင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစီမံကိန်း(၈)ခု တို့၏ ဆောင်ရွက်မှုများနှင့်စပ်လျဥ်း၍ စီမံကိန်းတာဝန်ခံဌာနများမှ ကိုယ်စားလှယ်အသီးသီးတို့ကလည်းကောင်း ရှင်းလင်းတင်ပြရာ တက်ရောက်လာသူများက ဝိုင်းဝန်းဆွေးနွေးကြပြီးညွှန်ကြားရေးမှူးချုပ်က စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်မှုများအပေါ် အနှစ်ချုပ်သုံးသပ် လမ်းညွန်မှုပြုပြီး နိဂုံးချုပ်အမှာစကားပြောကြား၍ အစည်းအဝေးကို နေ့လယ် ၁၂း၀၀နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

date: 
Thursday, August 7, 2025 - 09:45