သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ Knowledge Sharing Presentation ကျင်းပ
(၁၈-၈-၂၀၂၅) ရက်၊ တနင်္လာနေ့ (၁၀:၀၀) နာရီတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ပြည်တွင်း/ပြည်ပနိုင်ငံများမှ သင်တန်း/အလုပ်ရုံဆွေးနွေးပွဲများ တက်ရောက်ခဲ့ကြသည့် သစ်တောဝန်ထမ်းများ၏ အတွေ့အကြုံနှင့် ဗဟုသုတများ ပြန်လည်မျှဝေခြင်းဆိုင်ရာ Knowledge Sharing Presentation အစီအစဉ်ကျင်းပခဲ့ရာ ညွှန်ကြားရေးမှူးချုပ်ရုံးမှ တောအုပ်ကြီးမှဒုတိယညွှန်ကြားရေးမှူးထိ သစ်တောဝန်ထမ်းများ တက်ရောက်ပြီး ပြည်နယ်/တိုင်းဒေသကြီးများမှ တောအုပ်ကြီး/ ဦးစီးအရာရှိ (၂) ဦးစီက online စနစ်ဖြင့်တက်ရောက်ခဲ့သည်။
အစီအစဉ်အရ ဒေါ်ဖြူဖြူခိုင် (လက်ထောက်ညွှန်ကြားရေးမှူး၊ သဘာဝတောနှင့်စိုက်ခင်းလုပ်ငန်းဌာန)က သဘာပတိအဖြစ် ဆောင်ရွက်ပြီး လက်ထောက်ညွှန်ကြားရေးမှူး ဦးခိုင်ဇော်ဝင်းမှ အင်ဒိုနီးရှားနိုင်ငံတွင် ပြုလုပ်သည့် အာဆီယံဒေသတွင်း ဒီရေတောဂေဟစနစ်စီမံအုပ်ချုပ်ခြင်းဆိုင်ရာ အပြီးသတ်စီမံကိန်းအလုပ်ရုံဆွေးနွေးပွဲအားလည်းကောင်း၊ ဦးစီးအရာရှိ ဒေါ်ခြူးသဉ္ဇာဉာဏ်မှ ကမ္ဘောဒီးယားနိုင်ငံတွင် ပြုလုပ်သည့် ရာသီဥတုပြောင်းလဲမှုလိုက်လျောညီထွေဖြစ်စေခြင်းနှင့် ကမ်းရိုးတန်းဒေသထိန်းသိမ်းကာကွယ်ခြင်းတို့အတွက် ရေဝေရေလဲဒေသစီမံအုပ်ချုပ်မှုဆိုင်ရာ ဒေသအဆင့်အလုပ်ရုံဆွေးနွေးပွဲတက်ရောက်မှုအားလည်းကောင်း၊ တောအုပ်ကြီး ဒေါ်ဆုနဒီအောင်မှ CLMV နိုင်ငံများရှိ တောမီးလောင်ကျွမ်းခြင်းဆိုင်ရာ ကြံ့ကြံ့ခံနိုင်မှုနှင့် ဒေသခံပြည်သူများ၏ အသက်မွေးဝမ်းကျောင်းနှင့် ဈေးကွက်ချိတ်ဆက်မှုအပေါ် စွမ်းဆောင်ရည် မြှင့်တင်ခြင်းဆိုင်ရာ လေ့လာရေးခရီးစဉ်အားလည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြရာ တက်ရောက်လာသူများ၏ မေးခွန်းမေးမြန်းမှုများအပေါ် ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြောင်းသိရှိရသည်။
