ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်ရှိ ဒီရေတောစိုက်ခင်းများအားကွင်းဆင်းကြည့်ရှုစစ်ဆေး

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အတူ တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများ လိုက်ပါလျက် ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေး မြို့နယ်ရှိ ဒီရေတောစိုက်ခင်းများ၏ ရှင်သန်အောင်မြင်မှု အခြေအနေအား ကွင်းဆင်း ကြည့်ရှု စစ်ဆေးသည်။
စက်တင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်ဝန်ကြီးချုပ်တို့သည် ဘိုကလေးမြို့နယ်၊ ကဒုံကနိကြိုးဝိုင်း၊ အကွက် ၄၇ ရှိ ၄/၂၀၁၈ ကျေးရွာထင်းစိုက်ခင်း ၁၀၀ ဧက၏ ရှင်သန်အောင်မြင်မှု အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး စိုက်ပျိုးထားသောအပင်များ ရေရှည် တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက်သွားရန် မှာကြားသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် ကဒုံကနိကြိုးဝိုင်း၊ အကွက် ၄၉ ရှိ ဗြုံးမွှေးကျွန်းပျိုးဥယျာဉ်သို့ရောက်ရှိရာ ရှင်းလင်း ဆောင်တွင်တာဝန်ရှိသူများ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် ပတ်သက်၍ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှု ပြန်လည်ကောင်းမွန် လာစေရေးနှင့် သစ်တောဖုံးလွှမ်းမှု ၅၀ ရာခိုင်နှုန်း ရရှိစေရေးအတွက် ကြိုးပမ်းဆောင်ရွက်ရှိရာ သဘာဝဒီရေတော များထိန်းသိမ်းကာကွယ်ရေးနှင့် ဒီရေတောစိုက်ခင်းများ ထပ်မံတိုးချဲ့ တည်ထောင်ရေးသည် အရေး ကြီးသောအခန်းကဏ္ဍတွင် ပါဝင်ကြောင်း၊ အလားတူ သဘာဝဒီရေတောများနှင့် ဒီရေတောစိုက်ခင်း များကို ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် ရာသီဥတု ဖောက်ပြန်မှုကို လျော့ကျစေခြင်း၊ သဘာဝ ဘေးအန္တရာယ် ကျရောက်မှုကြောင့် ဖြစ်ပေါ်လာမည့် ထိခိုက်ပျက်ဆီးမှုများကို အဟန့်အတားဖြစ် စေခြင်း၊ ငါးပုစွန်တို့ ပေါက်ဖွားရာနေရာများ တိုးပွားလာစေခြင်း၊ ဒေသခံများ၏ လူနေမှုဘဝ တိုးတက် လာစေရန် အထောက်အကူပြုခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်သည့်အတွက် ဒေသခံ များအနေဖြင့် မိမိဒေသရှိ ဒီရေတောများ ရေရှည်တည်တံ့စေရေး ထိန်းသိမ်းစောင့်ရှောက်သွားရန် အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်သွားရန်လိုကြောင်း မှာကြားသည်။ ဆက်လက်၍ တိုင်းဝန်ကြီးချုပ်က ဧရာဝတီတိုင်းဒေသကြီးအတွင်း ပင်လယ်ကမ်းရိုးတန်းနှင့် ဒီရေ ရောက်ဒေသများတွင် ပင်လယ်ရေမျက်နှာပြင်မြင့်တက်မှု၊ ကမ်းရိုးတန်းရေတိုက်စားမှုနှင့် မုန်တိုင်း ဒဏ်ကာကွယ်ရန်၊ ရေနေသတ္တဝါများ၏ ဂေဟစနစ်ကို အကာအကွယ်ပေးနိုင်ရန်အတွက် လမုပင်နှင့် အုန်းပင်များ တိုးမြှင့်စိုက်ပျိုးခြင်းအား တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ဒီရေတောများ ထိန်းသိမ်းကာကွယ်ရေးနှင့် ဒီရေတောစိုက်ခင်းများ တိုးချဲ့တည်ထောင်ရေးလုပ်ငန်းများကိုလည်း ဝန်ကြီးဌာနနှင့် ပေါင်းစပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဗြုံးမွှေးကျွန်းပျိုးဥယျာဉ်အတွင်း ဒီရေတောပျိုးပင်များ ပျိုးထောင်နေမှုအခြေအနေနှင့် ဗြုံးမွှေးကျွန်းအတွင်း သဘာဝဒီရေတောအား ထိန်းသိမ်းစောင့်ရှောက်ထားမှု အခြေအနေအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။ ထို့မှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကဒုံကနိကြိုးဝိုင်း၊ အကွက်အမှတ် ၆၄ ရှိ ၁/၂၀၁၇ ဒီရေတောစိုက်ခင်း ၈၅၀ ဧက၏ ရှင်သန်အောင်မြင်နေမှုနှင့် ထိန်းသိမ်း စောင့်ရှောက်ထားမှု အခြေအနေအားလည်းကောင်း၊ အကွက်အမှတ် ၆၃ ရှိ ၁/၂၀၀၉ ဒီရေတော စိုက်ခင်း ၅၀၀ ဧက၏ ရှင်သန်အောင်မြင်မှု အခြေအနေအားလည်းကောင်း၊ အကွက်အမှတ် ၆၂ ရှိ ၃/၂၀၂၅ ဒီရေတောစိုက်ခင်း ၂၀၀ ဧက စိုက်ပျိုးပြီးစီးမှု အခြေအနေအားလည်းကောင်း လှည့်လည် ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များ မှာကြားသည်။
မြန်မာနိုင်ငံအနေဖြင့် ဒီရေတောဖုံးလွှမ်းမှုဧရိယာဧက စုစုပေါင်း ၁.၂၆ သန်းရှိပြီး ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၅ ခုနှစ်အတွင်း ဒီရေတောဖုံးလွှမ်းမှုဧရိယာ ဧက ၁.၂ သိန်းခန့်တိုးတက်လာသည်ကို တွေ့ရှိရသည်။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့် နှစ်စဉ် ဒီရေတောစိုက်ခင်း ၂၃၀၀ ဧက၊ အပင် ၂.၇၈ သန်း တည်ထောင်စိုက်ပျိုးလျက်ရှိပြီး ၂၀၂၆ မိုးရာသီမှ စတင်၍ ဒီရေတောစိုက်ခင်း ၃၃၀၀ ဧက၊ အပင် ၄ သန်းခန့်အား တို့ချဲ့တည်ထောင် စိုက်ပျိုးသွားမည် ဖြစ်ကြောင်းသိရသည်။

date: 
Wednesday, October 1, 2025 - 14:00