မာရဝိဇယရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်ပွဲတော်တွင် သယံဇာတနှင့် သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ စိမ်းလန်းမြေအမည်ရှိ မီးပုံးပျံဖြင့် ပါဝင်ဆင်နွဲလွှတ်တင်ပူဇော်ခြင်းကျင်းပပြုလုပ်
ပြည်ထောင်စုနယ်မြေ ဒက္ခိဏသီရိမြို့နယ်အတွင်း တည်ထားပူဇော်ထားရှိသော မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်ပွဲတော်ကို မီးထွန်းပွဲတော် မီးပုံပျံလွှတ်တင်ပူဇော်ပွဲတော် မသိုးသင်္ကန်ရက်လုပ်ပူဇော်ပွဲတော်များ၊ တေးဂီတဇာတ်သဘင်ဖျော်ဖြေပွဲများ၊ ဈေးရောင်းပွဲတော် များနှင့် ပျော်ပွဲရွှင်ပွဲများဖြင့် (၂-၁၁- ၂၀၂၅ မှ ၄-၁၁-၂၀၂၅) အထိ (၃) ရက်တိုင်တိုင် စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။ ထိုပွဲတော်အတွင်း (၄-၁၁-၂၀၂၅) ရက် ညနေတွင် သယံဇာတနှင့် သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ စိမ်းလန်းမြေ မီးပုံးပျံကြီးဖြင့်ပါဝင်ဆင်နွဲရာ ဒုတိယဝန်ကြီးဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန် ဦးလှမောင်သိန်းနှင့် လုပ်ငန်း/ဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်အားပေးကြပြီး ဝန်ထမ်းများနှင့်ဝန်ထမ်းမိသားစုများက ယိမ်းလှပျိုဖြူများ အတီးအမှုတ် အကအခုန်များဖြင့် တပျော်တပါး အောင်မြင်စွာ လွှတ်တင်ပူဇော်ယှဉ်ပြိုင်ခဲ့သည်။ နှစ်စဥ်ကျင်းပသည့် မာရဝိဇယရုပ်ပွားတော်မြတ်ကြီးတန်ဆောင်တိုင်ပွဲတော်တွင် ဝန်ကြီးဌာနအနေဖြင့် ဒုတိယအကြိမ်မြောက် ပါဝင်ဆင်နွဲခြင်းဖြစ်ပါကြောင်းနှင့် ယခုနှစ် စိမ်းလန်းမြေ မီးပုံပျံကြီးသည် အမြင့် ၂၅ ပေ၊ ယမ်းအလေးချိန် ၃၅ ပိဿာရှိ ညမီးကျည်အမျိုးအစား ဖြစ်ကြောင်းသတင်းရရှိသည်။

