ဆားပြင် (တိုးချဲ့) ကြိုးပြင်ကာကွယ်တော သတ်မှတ်ခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်တွင် ပြဌာန်းထားသည့် သစ်တောဥပဒေပုဒ်မ (၆)၊ ပုဒ်မ ခွဲ(င)အရ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်များကိုကျင့်သုံးလျက် ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်ရှိ ဧရိယာအကျယ်အဝန်း (၁၀၅,၈၁၅)ဧကရှိသောနယ်မြေကို ဆားပြင်(တိုးချဲ့) ကြိုးပြင်ကာကွယ်တောအဖြစ် အမိန့်ကြော်ငြာစာအမှတ် ( ၈/၂၀၂၆ )အရ (၁၃၈၇)ခုနှစ်၊ တပေါင်း လဆန်း(၃)ရက်၊ (၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်)မှစ၍ သတ်မှတ်ကြောင်း ကြေညာလိုက်သည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ရေမြေထိန်းသိမ်း ကာကွယ်ရန်၊ သဘာဝဝန်းကျင်နှင့် ဇီဝမျိုးများထိန်းသိမ်းကာကွယ်ရန်၊ ရခိုင်ပြည်နယ်အတွင်းရှိ သဘာဝတောကျန်များအား ထိန်းသိမ်းခြင်းကြောင့် သစ်တောဖုံးလွှမ်းမှုတိုးတက်စေရန်၊ သစ်တော ဖုံးလွှမ်းလျက်ရှိသည့် မြေလွတ်မြေရိုင်းများအား ထိန်းသိမ်းကာကွယ်ရန်နှင့် သစ်တောထွက်ပစ္စည်း များ စဉ်ဆက်မပြတ် ထုတ်ယူသုံးစွဲနိုင်ရန်ရည်ရွယ်၍ ကြိုးပြင်ကာကွယ်တောများ သတ်မှတ်ဖွဲ့စည်း ခြင်းဖြစ်ပါသည်။
ဆားပြင်(တိုးချဲ့)ကြိုးပြင်ကာကွယ်တောသတ်မှတ်ခြင်းဖြင့် အမြဲစိမ်းတောနှင့် ရွက်ပြတ် ရော နှောတောအမျိုးအစားဖြစ်သည့် ပျဉ်းကတိုး၊ သင်္ကန်း၊ ကညင်၊ ကညောင်း၊ စကားဝါ၊ သင်္ဂဒူ၊ တောင်ပိန္နဲ၊ တောင်သရက်၊ သပြေ၊ ကြက်ရိုး၊ မျောက်ငို၊ ဘင်္ဂ၊ စစ်စသည့် ဒေသသစ်မျိုးများနှင့် ကရင်ဝါး၊ မဒေးဝါး၊ တရဂူဝါးများအပြင် နဘက်ကြိမ်၊ ကြက်ဥကြိမ်များအား ထိန်းသိမ်းပြုစု နိုင်မည်ဖြစ်ခြင်း၊ ပြောင်၊ ဆတ်၊ ချေ၊ တောင်ဆိတ်၊ တောဝက်၊ ဝက်ပံ၊ ကျားသစ်၊ တောကြောင်၊ စပါးကြီးမြွေ၊ မျောက်၊ မျောက်လွှဲကျော်၊ ကုန်းလိပ်၊ ရခိုင်တောင်လိပ်စသည့် ရှားပါးတောရိုင်း တိရစ္ဆာန်များ၏ နေထိုင်ကျက်စားရာဒေသများကို ထိန်းသိမ်းကာကွယ်နိုင်မည်ဖြစ်ခြင်း၊ မြေဆီလွှာ တိုက်စားမှုလျော့နည်းစေခြင်းနှင့် မြေအောက်ရေထိန်းသိမ်းရေးလုပ်ငန်းများအတွက် အထောက် အကူဖြစ်စေခြင်း၊ သဘာဝ ဘေးအန္တရာယ်များမှ တာဆီးကာကွယ်စေနိုင်ခြင်း၊ သစ်တောဖုံးလွှမ်းမှု တိုးတက်လာပြီး ရာသီဥတုပိုမိုတိုးတက်ကောင်းမွန်မျှတလာနိုင်စေခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပါသည်။

