ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံခရိုင်နှင့် တာချီလိတ်ခရိုင်များအတွင်း မီးခိုမြူငွေ့ဖြစ်ပေါ်မှု လျှော့ချရေးအတွက် Fire hotspot ဖြစ်ပွားမှုများနှင့် မြေအသုံးချမှုများအားဝေဟင်မှကြည့်ရှုစစ်ဆေး

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအောက်ရှိ သစ်တောဦးစီး ဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် မြေတိုင်းဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများသည် ကျိုင်းတုံခရိုင်နှင့် တာချီ လိတ်ခရိုင်အတွင်း Fire hotspot ဖြစ်ပွားလေ့ရှိသည့်နေရာများနှင့် မြေအသုံးချမှု ပြောင်းလဲမှု များကို ဝေဟင်မှကြည့်ရှုစစ်ဆေးရန် ၆-၄-၂၀၂၆ ရက်နေ့၊ နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှ ချက်နိုင်ငံထုတ် Let L 410 အမျိုးအစား သယ်ယူပို့ဆောင်ရေးလေယာဉ်ဖြင့် ထွက်ခွာလာကြရာ ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့သို့ ရောက်ရှိကြသည်။
ထို့နောက် ညွှန်ကြားရေးမှူးချုပ်များနှင့် အဖွဲ့သည် ရှမ်းပြည်နယ် အစိုးရအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဌ၊ ကျိုင်းတုံခရိုင် စီမံခန့်ခွဲရေးအဖွဲ့ ဥက္ကဌတို့နှင့်အတူ ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ လိုက်ပါ လျက် ကျိုင်းတုံခရိုင်နှင့် တာချီလိတ်ခရိုင်များအတွင်း မြေအသုံးချမှုများ၊ Fire hotspot ဖြစ်ပွား မှုများနှင့် မီးခိုမြူငွေ့ဖြစ်ပေါ်မှုလျှော့ချနိုင်ရေးအတွက် ဝေဟင်မှကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ဆက်လက်၍ နေ့လယ် (၁၄:၁၅)နာရီအချိန်တွင် ကျိုင်းတုံမြို့၊ မြို့တော်ခန်းမ၌ နယ်စပ် ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးဆိုင်ရာ အသိပညာပေးရေးဟောပြောပွဲ အခမ်းအနား ကျင်းပပြုလုပ်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဆန်းဦး က “နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ ညစ်ညမ်းမှုထိန်းချုပ်ရေး အားလုံးပူးပေါင်းပါဝင်ပေး” ခေါင်းစဉ် ဖြင့်လည်းကောင်း၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦးက “ရာသီ ဥတုပြောင်းလဲမှု၊ တောမီးနှင့် မီးခိုးမြူငွေ့တားဆီးကာကွယ်ရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စိုက် ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက “မီးခိုးမြူငွေ့ကင်းစင်ဖို့ စိုက်နည်း စနစ်များပြောင်းကြစို့” ခေါင်းစဉ်ဖြင့်လည်းကောင်း အသိပညာပေးဟောပြောရာ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ တပ်ရင်းတပ်ဖွဲ့များမှ ဝန်ထမ်း များ၊ ဒေသခံပြည်သူများ စုစုပေါင်း(၄၅၄)ဦး တက်ရောက်ခဲ့ကြပါသည်။ ဆက်လက်၍ ညနေ (၁၆:၄၀) နာရီအချိန်တွင် ကျိုင်းတုံမြို့နယ်၊ လွိုင်မွေမြို့၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းခန်းမတွင် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေး ဆိုင်ရာ အသိပညာပေးရေးဟောပြောပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ရာ ဌာနဆိုင်ရာဝန်ထမ်း များ၊ ဒေသခံပြည်သူများ စုစုပေါင်း (၁၈၀)ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်နှင့် တာချီလိတ်ခရိုင်များအတွင်း သစ်တောဖုံးလွှမ်းမှု တိုးတက်လာစေ ရေး၊ စိမ်းလန်းစိုပြည်ရေး၊ ‌ရေဝေရေလဲဒေသသစ်တောများထိန်းသိမ်းရေး၊ သဘာဝရေထွက်များ ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသကဲ့သို့ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ ညစ်ညမ်း မှုလျှော့ချရေးအတွက် တောမီးလောင်ကျွမ်းမှုများ တားဆီးကာကွယ်ခြင်း၊ စိုက်ပျိုးရေး စွန့်ပစ် ပစ္စည်းများမီးရှို့ခြင်းနှင့် ကျေးရွာအမှိုက်များ မီးရှို့ခြင်းတို့အား တားဆီးကာကွယ်ခြင်း၊ အသိပညာ ပေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းရရှိသည်။

date: 
Thursday, April 9, 2026 - 11:45