သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းများဆိုင်ရာပြည်သူအခြေပြု အသေးစားစီးပွားရေး လုပ်ငန်းများသရုပ်ပြတည်ထောင်ခြင်း စီမံကိန်း”၏ စီမံကိန်းညှိနှိုင်းရေး ကော်မတီ (PCC) အစည်းအဝေး” ကျင်းပ
သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇေယျ ဦးဆောင်၍ အာရှဒေသ သစ်တောကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (AFoCO)နှင့် မြန်မာနိုင်ငံ သစ်တောဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းများ (NTFP) စီမံကိန်းအတွက် စီမံကိန်းညှိနှိုင်းရေးကော်မတီ (PCC) အစည်းအဝေးကို ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့၊ ၁၃:၃၀ နာရီအချိန်တွင် ကျင်းပသည်။ ဦးစွာညွှန်ကြားရေးမှူးချုပ်ကအဖွင့်အမှာစကားပြောကြားရာတွင်အစည်းအဝေးသည် ဒုတိယ မြောက် PCC အစည်းအဝေး ဖြစ်ပြီးပထမအကြိမ် PCC အစည်းအဝေးကို နိုဝင်ဘာလအတွင်းစီမံကိန်းစောင့်ကြည့်လေ့လာရေးခရီးစဉ်အတွင်း ကျင်းပခဲ့ပြီးဖြစ်ရာ အဆိုပါ အစည်းအဝေးမှ PCC အဖွဲ့ဝင်များအကြား တွေ့ရှိချက်များ၊ စိန်ခေါ်မှုများ၊ အောင်မြင်မှုများနှင့် ပတ်သက်၍ ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ ဆွေးနွေးမှုရလဒ်ကောင်းများ ရရှိစေခဲ့ပါကြောင်း၊ ရေရှည်အတွက် သဘာဝ သယံဇာတရရှိနိုင်မှု၊ လုပ်ငန်းများ ဆက်လက်ဖွံ့ဖြိုးအောင်မြင်နိုင်မှုနှင့် စီမံကိန်းရလဒ်များ ရေရှည်တည်တံ့စေရန် ထည့်သွင်းစဉ်းစား၍ AFoCOအတွင်းရေးမှူးရုံးက သစ်တောဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် မူလစီမံကိန်းလုပ်ငန်းစဉ်များအပြင် ၂၀၂၆ ခုနှစ်တွင် ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်ရန် ထပ်ဆောင်းရလဒ်တစ်ခုအဖြစ် ရေရှည်တည်တံ့သော သယံဇာတစီမံခန့်ခွဲမှု (SRM) နှင့် ဆက်စပ်သော လုပ်ငန်းစဉ်များ ထည့်သွင်းဆောင်ရွက်ရန် အဆိုပြုခဲ့ပြီး ထပ်ဆောင်းစီမံကိန်းရန်ပုံငွေ ပံ့ပိုးပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ အဆိုပါ စီမံကိန်း လုပ်ငန်းများသည်သဘာဝသယံဇာတများ၏ ရေရှည်တည်တံ့သော အသုံးချမှုကို မြှင့်တင်ရန်၊ ရပ်ရွာလူထု၏ အသက်မွေးဝမ်းကျောင်းမှုဖွံ့ဖြိုးတိုးတက်စေရန်နှင့် သဘာဝသယံဇာတများ စီမံအုပ်ချုပ်မှုနှင့် ဒေသခံပြည်သူများ၏ အကျိုးကျေးဇူးရရှိစေရေးတို့အကြား ဆက်စပ်မှုကို အားကောင်းစေသည့် သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို အထောက်အကူ ပြုနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ပါကြောင်း ပြောကြားသည်။ အစည်းအဝေးသို့ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့်တကွ ညွှန်ကြားရေးမှူးများ၊ PMT (Project Monitoring Team) အဖွဲ့ဝင်များ၊ AFoCo အတွင်းရေးမှူးရုံးမှ တာဝန်ရှိသူများနှင့် စီမံကိန်းညှိနှိုင်းရေးမှူးများ တက်ရောက်၍ ၂၀၂၅ ခုနှစ်အတွက် စီမံကိန်း၏ တိုးတက်မှုနှင့် အဓိကအောင်မြင်မှုများ၊ ၂၀၂၆ ခုနှစ်အတွက် အဆိုပြုထားသော လုပ်ငန်းအစီအစဉ်နှင့် ရန်ပုံငွေလျာထားချက်များ၊ ထပ်ဆောင်းရလဒ်နှင့် စီမံကိန်းလုပ်ငန်းစဉ်များကို အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရန် အထွေထွေ ကြိုတင်ပြင်ဆင်ထားရှိမှုများအား ရှင်းလင်းတင်ပြခဲ့ကြောင်းသိရသည်။



