(၁၈)ကြိမ်မြောက် အာဆီယံလူမှုသစ်တောဆိုင်ရာလုပ်ငန်းအဖွဲ့အစည်းအဝေး ကျင်းပခြင်းသတင်း

အာဆီယံလူမှုသစ်တောဆိုင်ရာလုပ်ငန်းအဖွဲ့(ASEAN Working Group on Social Forestry–AWGSF)၏ (၁၈)ကြိမ်မြောက်အစည်းအဝေးကို (၂၇-၅-၂၀၂၄)ရက်နေ့၊ နံနက် (၀၈:၃၀) နာရီအချိန်တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်းကြင်းခန်းမ၊ နေပြည်တော်တွင် မြန်မာနိုင်ငံက အိမ်ရှင်အနေဖြင့် Video Conferencing စနစ်ဖြင့် ကျင်းပခဲ့ရာ အာဆီယံအတွင်း ရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ AWG-SF လုပ်ငန်းအဖွဲ့ဝင်များ၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (မူဝါဒနှင့် စီမံကိန်း)၊ ညွှန်ကြားရေးမှူးများ၊ AWG-SF အဖွဲ့ဝင်များနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။
သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ယခု အစည်းအဝေးသည် မြန်မာနိုင်ငံအနေဖြင့် AWG-SF အစည်းအဝေးကို Online စနစ်ဖြင့် အိမ်ရှင် နိုင်ငံအဖြစ် ကျင်းပခြင်းဖြစ်ပါကြောင်း၊ လူမှုသစ်တောကဏ္ဍတွင် အာဆီယံအသင်း၏ ပူးပေါင်း ဆောင်ရွက်မှု အခြေခံရည်ရွယ်ချက်မှာ အာဆီယံဒေသအတွင်း သစ်တောထွက်ပစ္စည်းများထုတ် လုပ်မှု နိုင်ငံတကာနှင့်ရင်ဘောင်တန်းနိုင်ရေးနှင့် ဒေသတွင်းရေရှည်တည်တံ့သော သစ်တောစီမံ အုပ်ချုပ်မှုကို မြှင့်တင်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုကို အထောက်အကူပြုရန်ဖြစ်ပါကြောင်း၊ ယခုအစည်းအဝေးတွင် အဓိကရလဒ်အနေဖြင့် အာဆီယံဒေသအတွင်း သစ်တောဖုံးလွှမ်းသည့် မြေ ယာရှုခင်းများ၌ ဓလေ့ထုံးတမ်းအရမြေပိုင်ဆိုင်မှုစနစ်များတွင် လွတ်လပ်သောကြိုတင်အသိပေး တိုင်ပင်မှုနှင့် လူထုသဘောထားရယူခြင်း(Free, prior and informed consent-FPIC)ကို ကျင့်သုံး ရေးအတွက်ရေးဆွဲထားသည့် လက်စွဲစာအုပ်အပေါ် အပြီးသတ်ဆွေးနွေးခြင်း၊ လူမှုသစ်တောကဏ္ဍ တွင် အာဆီယံပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစီမံချက်အကောင်အထည်ဖော်ဆောင်ရွက်မှုများနှင့် အဖွဲ့ဝင်နိုင်ငံအသီးသီးက မိမိတို့နိုင်ငံအလိုက် လူမှုသစ်တောဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆောင်ရွက် ချက်များ၊ မူဝါဒနှင့် ဥပဒေများ၊ အလေ့အထကောင်းများနှင့် တွေ့ကြုံရသည့်စိန်ခေါ်မှုများကို တင်ပြ သွားမည်ဖြစ်ပါကြောင်းနှင့် သစ်တောကဏ္ဍဆိုင်ရာကိစ္စရပ်များတွင် အဖွဲ့ဝင်နိုင်ငံများက လွတ်လပ် စွာဖြင့် တက်တက်ကြွကြွပါဝင်ဆွေးနွေးသွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားခဲ့ပါသည်။
အစည်းအဝေးတွင် သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(မူဝါဒနှင့်စီမံကိန်း)က သဘာပတိအဖြစ်ဆောင်ရွက်ခဲ့ပြီး နေ့လယ်(၁၅:၃၀)နာရီတွင် အစည်းအဝေးအား ရုတ်သိမ်းခဲ့ပါ ကြောင်း သတင်းရရှိပါသည်။

date: 
Monday, May 27, 2024 - 16:45