မြန်မာနိုင်ငံသစ်တောကျောင်း၌ အခြေခံသစ်တောပညာသင်တန်းအမှတ်စဉ် (၁၂၀)ဖွင့်ပွဲအခမ်းအနားကျင်းပ

ပြင်ဦးလွင်မြို့ရှိ မြန်မာနိုင်ငံသစ်တောကျောင်း၊ ကျွန်းရတနာခန်းမ၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံသစ်တောပညာသင်တန်း အမှတ်စဉ် (၁၂၀) ဖွင့်ပွဲအခမ်းအနားကို (၈-၅-၂၀၂၆) ရက် သောကြာနေ့ နံနက် ၉:၀၀ နာရီအချိန်တွင် ကျင်းပရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇေယျ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။အခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအောက်ရှိ သက်ဆိုင်ရာ လုပ်ငန်း/ဌာနတို့မှ ညွှန်ကြားရေးမှူးများ၊ ဒုတိယအထွေထွေမန်နေဂျာနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊မြန်မာနိုင်ငံသစ်တောကျောင်းမှ တာဝန်ရှိသူများနှင့် သင်တန်းသားများ စုစုပေါင်း (၂၂၉) ဦး တက်ရောက်ခဲ့ကြသည်။ဦးစွာသစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇေယျက အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံသစ်တောကျောင်း၏ သမိုင်းကြောင်းနှင့် သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားပြီးသင်တန်းသားများအနေဖြင့် သင်တန်းစည်းကမ်းနှင့် အမှတ်ပေးစည်းမျဉ်းများကို စနစ်တကျ လိုက်နာရန်၊ ဘာသာရပ်များကို ကြိုးစားသင်ယူလေ့လာ၍ နိုင်ငံနှင့်ဌာနအကျိုးကို သယ်ပိုးနိုင်သည့် စွမ်းဆောင်ရည်မြင့်မားသော ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးစားကြရန် တိုက်တွန်းမှာကြားသည်။
အခမ်းအနားအပြီးတွင် တက်ရောက်လာသည့် ဧည်သည်တော်များ၊ မြန်မာနိုင်ငံသစ်တောကျောင်းမှ ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများ၊ သင်တန်းသားများ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး နံနက် ၉:၃၀ နာရီအချိန်တွင် အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။
ယခုဖွင့်လှစ်သည့် အခြေခံသစ်တောပညာသင်တန်းသည် သင်တန်းကာလ တစ်နှစ်ခွဲ ကြာမြင့်မည်ဖြစ်ပြီး သစ်တောဦးစီးဌာနမှ ၈၁ ဦး၊ မြန်မာ့သစ်လုပ်ငန်းမှ ၆ ဦးနှင့် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ၂ ဦး သင်တန်းသား စုစုပေါင်း (၈၉) ဦးတို့သည့် ကျောင်းမှ ပို့ချမည့် ဘာသာရပ်များကို စာတွေ့လက်တွေ့ လေ့လာသင်ယူရမည်ဖြစ်ကြောင်းသိရသည်။

date: 
Friday, May 8, 2026 - 20:15