သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်ဦးသည် မန္တလေးတိုင်းဒေသကြီးအတွင်း ဝန်ကြီးဌာနအောက်ရှိ ဌာနအသီးသီးမှ ဝန်ထမ်းများအားတွေ့ဆုံခြင်းနှင့် လုပ်ငန်းများကြည့်ရှုစစ်ဆေး

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်ဦးသည် မေလ(၈)ရက်နေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးအတွင်း ဝန်ကြီးဌာနအောက်ရှိ ဌာနအသီးသီးမှ ဝန်ထမ်းများအားတွေ့ဆုံခြင်းနှင့် လုပ်ငန်းများဆောင်ရွက် နေမှုအခြေအနေများကို သွားရောက်ကြည့်ရှု့စစ်ဆေးရာ မန္တလေးတိုင်းဒေသကြီး၊ သစ်တောဦးစီး ဌာန၊ ညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများ လိုက်ပါခဲ့သည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးသည် ရမည်းသင်းမြို့နယ်၊ သစ်တောဦးစီးဌာနရုံး၊ ရှင်းလင်းဆောင်တွင် ရမည်းသင်းခရိုင်အတွင်းရှိ သစ်တောဦးစီးဌာန၊ အပူပိုင်းဒေသစိမ်းလန်း စိုပြည်ရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့မှ ဝန်ထမ်းများအားတွေ့ဆုံ၍ အမှာစကားပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနအောက်ရှိ ဝန်ထမ်းများအနေဖြင့် ရာသီဥတု ပြောင်းလဲမှုကိုလျော့ချနိုင်ရေးနှင့် သဘာဝသယံဇာတများကို ထိန်းသိမ်းစောင့်ရှောက်နေကြသူ များဖြစ်သည့်အတွက် မိမိတို့၏လုပ်ငန်းကဏ္ဍများအပေါ် ဂုဏ်ယူကြရန်လိုအပ်ကြောင်း၊ မိမိတို့ ဦးစီးဌာနအလိုက် လက်ရှိဆောင်ရွက်လျက်ရှိသော စိုက်ခင်းတည်‌ထောင်ခြင်းလုပ်ငန်းများနှင့် စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများအား မိုးဦးကျရာသီအချိန်မှီ ပြီးစီးအောင်ဆောင်ရွက်‌ရေး၊ တစ်ပင်စိုက်တစ်ပင်ရှင်သန်ရေးနှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် အဂတိကင်းရှင်းစွာဆောင်ရွက်ရေး၊ မီးခိုးမြူ‌ငွေ့နှင့်ပတ်သက်သည့် အန္တရာယ် များအား ပြည်သူများပိုမိုသိရှိစေရန် အသိပညာပေးမှုများ စဉ်ဆက်မပြတ်ဆောင်ရွက်ရေး၊ နိုင်ငံ၏ သစ်‌တောသယံဇာတများဆုံးရှုံးမှုမရှိစေရေး တရားမဝင်သစ်ဖမ်းဆီးခြင်းများအား သတင်းရယူ၊ စုံစမ်းဖော်ထုတ်ဖမ်းဆီးရေးနှင့် အပူပိုင်းဒေသ(၁၃)ခရိုင် စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ အရှိန် အဟုန်မပြတ် ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ရမည်းသင်းမြို့နယ်၊ မြို့မပျိုးဥယျာဉ်အတွင်း ပျိုးထောင်ထားရှိသည့် လူထုဖြန့်ပျိုးပင်များ၊ အထူးပျိုးပင်များအား လှည့်လည်ကြည့်ရှုပြီး မိုးရာသီ ကာလ ပြည်သူလူထုသို့ ဖြန့်ဝေချိန်တွင် ကြံ့ခိုင်သန်မာသောပျိုးပင်များဖြစ်စေ‌ရေး၊ ပြည်သူများသို့ ဖြန့်ဝေရာတွင် စနစ်တကျ ဖြန့်ဝေစိုက်ပျိုးစေရေးနှင့် သစ်ပင်စိုက်ပျိုးပွဲများအတွက်လည်း ပျိုးပင်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန်မှာကြားခဲ့ပါသည်။ ထို့နောက် ပြင်ဦးလွင် မြို့နယ်၊ ပြင်စာပျိုးဥယျာဉ်နှင့်ဒိုးကွင်းပျိုးဥယျာဉ်သို့ သွားရောက်စစ်ဆေးရာ ပျိုးဥယျာဉ်အတွင်း ဒေသနှင့် ကိုက်ညီသည့် ပျိုးပင်များစနစ်တကျ ပြုစုပျိုးထောင်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ‌ဒေသနှင့်အကိုက်ညီဆုံးဖြစ်သော သစ်မျိုးများအားပျိုးထောင်ရန်၊ ၂၀၂၇ ခုနှစ် အထူးစိမ်းလန်းစိုပြည်ရေးစိုက်ခင်းများအတွက် ပျိုးပင်များလုံလောက် စွာကြိုတင်ပြုစု ပျိုးထောင် ထားရန်နှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးအတွက် အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားသည်။
ထို့နောက် ပြင်ဦးလွင်မြို့၊ မြန်မာနိုင်ငံသစ်တောကျောင်းရှိ အမှတ်စဉ်(၁၉၉) နှင့် အမှတ်စဉ် (၁၂၀) ရှိ သင်တန်းသားများကိုသွားရောက်တွေ့ဆုံပြီး သင်တန်းသားများ အနေဖြင့် သင်တန်းကာလအတွင်း စာတွေ့လက်တွေ့သင်ကြားရာတွင် စည်းကမ်းလိုက်နာပြီး ကြိုးစား သင်ယူကြရန်၊ ပညာကိုကြိုးစားသင်ယူမှုနှင့်အတူ လူမှုဆက်ဆံရေးတွင်လည်း ကောင်းမွန်အောင် ကြိုးစားကြရန်၊ စာတွေ့လက်တွေ့ကျွမ်းကျင်ပိုင်နိုင်အောင် လေ့လာသင်ယူကြရန်၊ ဌာနမှ အားကိုးရသော လူကောင်းလူတော်များဖြစ်အောင် ကြိုးစားကြရန်နှင့် ရိုးသားမှုသည် အောင်မြင် မှု၏အခြေခံဖြစ်သောကြောင့် အလုပ်တာဝန်များထမ်းဆောင်ရာတွင်လည်း ရိုးသားကြိုးစား ကြရန် မှာကြားခဲ့ကြောင်းသတင်းရရှိသည်။

date: 
Sunday, May 10, 2026 - 14:15