သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်ဦးသည် ပြင်ဦးလွင်မြို့နယ်သစ်တောမြေအတွင်း လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် မွေမြူရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ သောင်းနိုင်ဦးသည်၂၀၂၆ခုနှစ်၊ မေလ(၉)ရက်နေ့ နေ့လယ်ပိုင်းတွင် ဒိုးကွင်ပျိုးဥယျာဉ် ရှင်းလင်း ဆောင်ခန်းမ၌ ပြင်ဦးလွင်မြို့နယ် သစ်တောမြေအတွင်း လုပ်ကိုင်ဆောင်ရွက် လျက်ရှိသည့် မွေမြူရေး လုပ်ငန်းရှင်များနှင့် သွားရောက်တွေ့ဆုံသည်။
တွေ့ဆုံပွဲသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ စိုက်ပျိုး‌ရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ ဦးလှမျိုး၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဆက်စပ်ဌာနမှတာဝန်ရှိပုဂ္ဂိုလ်များနှင့် မွေးမြူရေး လုပ်ငန်းရှင်များ စုစု‌ပေါင်း ၈၀ကျော်တက်ရောက်သည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့ ဝန်ကြီးဌာနအနေ ဖြင့် သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ သစ်နှင့်သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းများကို သားစဉ် မြေးဆက် စနစ်တကျထုတ်ယူသုံးစွဲနိုင်ရေးအတွက် စနစ်တကျ စီမံအုပ်ချုပ်လျက်ရှိပါကြောင်း၊ သစ်ပင်များသည် ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ်များကို တားဆီးကာကွယ် ပေးနိုင်ပါကြောင်း၊ သစ်တောသယံဇာတများကို ရေရှည်တည်တံ့စေရန်အတွက် မူဝါဒ၊ ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများနှင့် သဘာဝထိန်းသိမ်း ရေးနယ်မြေများဖွဲ့စည်းပြီး စနစ်တကျစီမံအုပ်ချုပ်လျက်ရှိပါကြောင်း၊ သစ်တောဖုံးလွှမ်းမှုကို နိုင်ငံ့ ဧရိယာ၏ ၅၀ ရာခိုင်နှုန်းအထိရောက်ရှိစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ သစ်တော နယ်မြေများအတွင်း တရားဝင်ခွင့်ပြုချက်မရှိဘဲ မွေးမြူရေးလုပ်ငန်းများ ပြုလုပ်နေခြင်းသည် ဥပဒေနှင့် ညီညွတ်မှုမရှိသည့်အပြင် သစ်တောမြေအသုံးချမှုကိုလည်း ပြောင်းလဲစေသဖြင့် ခွင့်ပြု နိုင်ခြင်းမရှိပါကြောင်း၊ ထို့ကြောင့် မွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် နိုင်ငံတော်က ခွင့်ပြုထားသော နေရာများတွင်သာ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီသာဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်မှ သစ်တောဥပဒေနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး လုပ်ငန်းရှင်များ၏ ဆွေးနွေးမေးမြန်း များအပေါ် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ကြောင်းသိရသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် အင်းယားပျိုးဥယျာဉ်အတွင်း ပျိုးပင်များ ပျိုးထောင် ထားရှိမှုအခြေအနေများအားလည်းကောင်း၊ ပြင်ဦးလွင် အထူးစိမ်းလန်းရေးစိုက်ခင်း ၆/၂၀၂၆ (၁၀၀)ဧက စိုက်ပျိုးရန်ပြင်ဆင်နေမှုများအားလည်းကောင်း၊ ၄/၂၀၂၆ (၂၂၀)ဧက နှင့် ၂/၂၀၂၆ (၂၇၀)ဧက စိုက်ပျိုးထားရှိမှုအခြေအနေများအားလှည့်လည်ကြည့်ရှု့ပြီး လိုအပ်သည်များ မှာကြားခဲ့ သည်။ ထို့နောက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှုးရုံးတွင် ဝန်ကြီးဌာန အောက်ရှိ ဝန်ထမ်းများနှင့် ရင်းရင်းနီးနီးတွေ့ဆုံခဲ့ပြီး တာဝန်ရှိသူများမှ ဌာနအလိုက် လုပ်ငန်းဆောင်ရွက် နေမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးမှ လိုအပ်သည်များ ပေါင်းစပ်လမ်းညွှန် မှာကြားခဲ့သည်။ ထို့အပြင်၂၀၂၆ -၂၀၂၇ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ သစ်တောကျောင်းအတွက် နှစ်ထပ်စာသင်ဆောင်၊ နှစ်ထပ်သင်တန်းသားအိပ်ဆောင်နှင့် ဘက်စုံသုံးသင်တန်းခန်းမ ဆောက် လုပ်ရန်အတွက် မြေနေရာရွေးချယ်ထားရှိမှု အခြေအနေများကို သွားရောက်ကြည့်ရှုရာ တာဝန်ခံ ကျောင်းအုပ်ကြီးမှ ရှင်းလင်းတင်ပြခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်းသတင်းရရှိသည်။

date: 
Monday, May 11, 2026 - 07:30