သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ Knowledge Sharing Presentation ကျင်းပ
(၁၈-၅-၂၀၂၆) ရက်၊ တနင်္လာနေ့ (၁၀:၀၀) နာရီတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ပြည်တွင်း/ပြည်ပနိုင်ငံများမှ သင်တန်း/အလုပ်ရုံ ဆွေးနွေးပွဲများ တက်ရောက်ခဲ့ကြသည့် သစ်တောဝန်ထမ်းများ၏ အတွေ့အကြုံနှင့် ဗဟုသုတများ ပြန်လည်မျှဝေခြင်းဆိုင်ရာ Knowledge Sharing Presentation အစီအစဉ်ကျင်းပခဲ့ရာ ညွှန်ကြားရေးမှူးချုပ်ရုံးမှ တောအုပ်ကြီးမှ ဒုတိယညွှန်ကြားရေးမှူးထိ သစ်တောဝန်ထမ်း (၁၀၆) ဦး တက်ရောက်ပြီး ပြည်နယ်/တိုင်းဒေသကြီးများမှ တောအုပ်ကြီး၊ ဦးစီးအရာရှိနှင့် လက်ထောက် ညွှန်ကြားရေးမှူး (၂၉) ဦးစီက online စနစ်ဖြင့် တက်ရောက်ခဲ့သည်။
အစီအစဉ်အရ ဒေါက်တာသင်းသင်း(လက်ထောက်ညွှန်ကြားရေးမှူး၊ စီမံကိန်းနှင့်စာရင်းအင်း ဌာနခွဲ) က သဘာပတိအဖြစ် ဆောင်ရွက်ပြီး ဒေါ်နွေးမွန်မွန်အောင် (လက်ထောက်ညွှန်ကြားရေးမှူး၊ ရေဝေရေလဲဒေသအုပ်ချုပ်ရေးဌာနခွဲ) မှ အပြာရောင်ကာဗွန်နှင့် ကမ်းရိုးတန်းပြန်လည်တည်ထောင်ခြင်းအတွက် နည်းပညာဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအား ရှင်းလင်းတင်ပြရာ တက်ရောက်လာသူများ၏ မေးခွန်းမေးမြန်းမှုများအပေါ် ပြန်လည်ဆွေးနွေး ဖြေကြားခဲ့ကြောင်း သိရှိရသည်။




