သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်ဦးသည် မကွေးတိုင်းဒေသကြီးအတွင်း သစ်တောစိုက်ခင်းများ၊ ပျိုးဥယျာဉ်များအား ကြည့်ရှုစစ်ဆေးခြင်းနှင့် ဒေသခံပြည်သူများနှင့်တွေ့ဆုံ
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ သောင်းနိုင်ဦးသည် ၂၀၂၆ခုနှစ်၊ မေလ ၂၃ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် နှင့်မကွေး မြို့နယ်များအတွင်း သစ်တောစိုက်ခင်းများ၊ ပျိုးဥယျာဉ်များအား ကြည့်ရှုစစ်ဆေးပြီး ဒေသခံပြည်သူ များနှင့်တွေ့ဆုံသည်။
ဒုတိယဝန်ကြီးသည် မကွေးတိုင်းဒေသကြီး၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဦးစိုင်းမြင့်အေး၊ သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ သစ်တောဦးစီးဌာနနှင့် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ တာဝန်ရှိသူများလိုက်ပါ၍ မင်းဘူးမြို့နယ်၊ ကန်ရေပျိုးဥယျာဉ်နှင့်ရွှေတပင်အမြဲ တမ်းပျိုးဥယျာဉ်များ၌ ပျိုးထောင်ထားရှိသော ပျိုးပင်များရှင်သန်အောင်မြင်မှုအခြေအနေများနှင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများအတွက် မြေနေရာ ပြင်ဆင်ထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးသည် မင်းဘူးမြို့နယ်၊ ချောင်းဖြူကျေးရွာ၏ တစ်ရွာ (၂) ဧက ကျေးရွာပိုင်စိုက်ခင်း စိုက်ပျိုးဆောင်ရွက်မှု အခြေအနေများနှင့် ပုဂံစစ်ကျေးရွာတွင် (၂၀၂၅-၂၀၂၆)ဘဏ္ဍာနှစ်က ဆောင်ရွက်ခဲ့သည့် ဂါလန် (၂၀၀) ဆံ့ မိုးရေစုကန်၏ ရေသုံးစွဲမှုအခြေအနေများအား လိုက်လံစစ်ဆေးခဲ့သည်။
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် မင်းဘူးမြို့နယ်၊ ရွာသာယာကျေးရွာတွင် ဒေသခံပြည်သူများအား သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများတွင် ပြည်သူများမှ ပူးပေါင်း ပါဝင်ကြရန်၊ မိုးရာသီတွင်ကျေးရွာချင်းဆက်လမ်းများ၊ ကျေးရွာဝင်လမ်းများ၊ ကျေးရွာပတ်ဝန်း ကျင်ရှိ မြေကွက်လပ်ရှိသောနေရာများတွင်သစ်ပင်များစိုက်ပျိုးကြရန်နှင့်၊ ကျေးရွာပတ်ဝန်းကျင်ရှိ သဘာဝ တောကျန်များကိုဝိုင်းဝန်းထိန်းသိမ်းကြရန်ပြောကြားပြီး သစ်တောသစ်ပင်များ၏ အကျိုးကျေးဇူးများ ကိုသိရှိစေရန်အတွက်လည်း ဟောပြောဆွေးနွေးခဲ့သည်။ ထို့နောက်တက်ရောက်လာသော ဒေသခံ ပြည်သူများအား စွမ်းအားမြှင့်အေဝမ်းမီးဖိုများ ဖြန့်ဝေပေးခဲ့ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာ အသိပညာပေးရေးဆောင်းပါး၊ စာအုပ်များနှင့် လစဉ်ထုတ်သစ်တောကြေးမုံ စာစောင်များကို ရွာသာယာ အထက်တန်းကျောင်းစာကြည့်တိုက်အတွက် ပေးအပ်လှူဒါန်းခဲ့သည်။
ဆက်လက်၍ သစ်တောဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် မကွေးမြို့နယ်၊ ဒေါင်းနေ (တိုးချဲ့) ကြိုးပြင်ကာကွယ်တောအတွင်းရှိ (၁/၂၀၂၆) အထူးစိမ်းကွက်လပ်ဖြည့်စိုက်ခင်း၊ မကွေး-ရေနံချောင်း ကားလမ်းမိုင်တိုင်အမှတ် (၃၄၀/ ၂) အနီးလမ်းဘေးဝဲ/ယာတွင် တည်ထောင်စိုက်ပျိုးထားသည့် အပင် (၄၀၀) စိုက်ခင်းအားလည်းကောင်း၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနနှင့် သစ်တောဦးစီးဌာန တို့မှ (၂၀၂၄/၂၀၂၅) မိုးရာသီတွင် စိုက်ပျိုးခဲ့သော လမ်းဘေးဝဲ/ ယာစိမ်းလန်း စိုပြည်ရေး စိုက်ခင်းများ၏ ရှင်သန်အောင်မြင်မှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့ ကြောင်း သတင်းရရှိသည်။
