ဝါးစိုက်ပျိုးပြုစုခြင်းနှင့် ဝါးလက်မှုပစ္စည်းထုတ်လုပ်ခြင်းသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပခြင်း

သစ်တောဦးစီးဌာနနှင့် ကိုရီးယားသစ်တောဌာန (KFS) တို့ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော “ကိုရီးယား-မြန်မာ REDD+ လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်း (FD-KFS REDD+ Project)” အစီအစဉ်ဖြင့် “ဝါးစိုက်ပျိုးပြုစုခြင်းနှင့် ဝါးလက်မှုပစ္စည်း ထုတ်လုပ်ခြင်းသင်တန်း” ဖွင့်ပွဲအခမ်းအနားကို (၁၇.၆.၂၀၂၄) ရက်နေ့ နံနက် (၉:၀၀) နာရီတွင် သစ်တောသုတေသနဌာန စုဝေးခန်းမ၊ ရေဆင်း၊ နေပြည်တော်၌ကျင်းပပြုလုပ်ရာ သစ်တောဦးစီး ဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (မူဝါဒနှင့်စီမံကိန်း) ဦးဖေချစ် တက်ရောက်၍ အဖွင့်အမှာ စကားပြောကြားပါသည်။
ဒုတိယညွှန်ကြားရေးမှူးချုပ်(မူဝါဒနှင့်စီမံကိန်း) ကယခုသင်တန်းသည် ကိုရီးယား-မြန်မာ REDD+ စီမံကိန်းလုပ်ငန်းစဉ်တစ်ရပ်ဖြစ်သော ကျေးလက်ဒေသဖွံ့ဖြိုးရေး အထောက်အကူပြု လုပ်ငန်းအတွက် ဖွင့်လှစ်သောသင်တန်းဖြစ်ပါကြောင်း ယခုစီမံကိန်းသည် ၂၀၁၆ ခုနှစ်ကတည်း က စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် REDD+ လုပ်ငန်းစဉ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပထမဦးဆုံးအကောင်အထည်ဖော်ဆောင်ရွက်နေသော ရှေ့ပြေး စီမံကိန်းတစ်ခုလည်းဖြစ်ပါကြောင်းနှင့် စီမံကိန်းတွင် အသက်မွေးဝမ်းကြောင်းဖွံ့ဖြိုးမှု အထောက် အကူပြုလုပ်ငန်းလည်း ပါဝင်ပါကြောင်း၊ ယခု “ဝါးစိုက်ပျိုးပြုစုခြင်းနှင့် ဝါးလက်မှုပစ္စည်း ထုတ်လုပ်ခြင်း” သင်တန်းကို စီမံကိန်းဧရိယာရှိ ဒေသခံပြည်သူအလုပ်အကိုင်အခွင့်အလမ်း တိုးပွားလာကာ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ပြီး သစ်တောအပေါ်မှီခိုမှုလျော့နည်းစေရန် အတွက် ဝါးနှင့် ပတ်သက်သော ပျိုးထောင်ခြင်း၊ စိုက်ပျိုးပြုစုခြင်း၊ စီမံအုပ်ချုပ်ခြင်းဆိုင်ရာ နည်းစနစ်များကို ကျယ်ကျယ်ပြန့်ပြန့်နားလည်သိရှိပြီး တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ် ရောင်းချခြင်းဖြင့် မိသားစု ဝင်ငွေတိုးပွားစေရန်၊ ဝါးဈေးကွက်တန်ဖိုးကို သိမြင်နားလည် လာစေရန်နှင့် တစ်ပိုင်တစ်နိုင် ထုတ်လုပ်မှုမှတစ်ဆင့် စီးပွားဖြစ်ထုတ်လုပ်နိုင်ရန် ရည်ရွယ် ဖွင့်လှစ်ခြင်းဖြစ်၍ သင်တန်းသားများအနေဖြင့် သင်တန်းကာလအတွင်း ကိုယ်စွမ်းဉာဏ် စွမ်းရှိသမျှ ကြိုးပမ်းလေ့လာ သင်ယူကြရန် တိုက်တွန်းမှာကြားသွားပါသည်။
အခမ်းအနားသို့ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (မူဝါဒနှင့်စီမံကိန်း) နှင့် ညွှန်ကြားရေးမှူးများ၊ အရာထမ်း/အမှုထမ်းများ တက်ရောက်ကြပြီး သင်တန်းကာလမှာ (၁၇.၆.၂၀၂၄) ရက်နေ့မှ (၂၄.၆.၂၀၂၄) ရက်နေ့အထိဖြစ်ပြီး ပြည်သူသင်တန်းသား/သင်တန်းသူ (၂၀) ဦး တက်ရောက်ကြ မည်ဖြစ်ပါသည်။

date: 
Monday, June 17, 2024 - 14:45