သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်ဦးသည် မကွေးတိုင်းဒေသကြီးအတွင်း ဒေသခံပြည်သူများနှင့်တွေ့ဆုံပြီး လမ်းဘေးဝဲယာစိမ်းလန်းစိုပြည်ရေးစိုက်ခင်းများ၊သစ်တောစိုက်ခင်းများနှင့်ပျိုးဥယျာဉ်များအားကြည့်ရှုစစ်ဆေး
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ သောင်းနိုင်ဦးသည် ၂၀၂၆ခုနှစ်၊ မေလ (၂၄) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်နှင့် ရေနံချောင်းမြို့နယ်အတွင်း ဒေသခံပြည်သူများနှင့်တွေ့ဆုံပြီး လမ်းဘေးဝဲယာစိမ်းလန်းစိုပြည်ရေး စိုက်ခင်းများ၊ ကျေးရွာသုံးထင်းစိုက်ခင်းများ၊ သစ်တောစိုက်ခင်းများနှင့်ပျိုးဥယျာဉ်များအား ကြည့်ရှု စစ်ဆေးသည်။
ဒုတိယဝန်ကြီးသည် မကွေးတိုင်းဒေသကြီး၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဦးစိုင်းမြင့်အေး၊ သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ သစ်တောဦးစီးဌာနနှင့် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ တာဝန်ရှိသူများလိုက်ပါ၍ မကွေးမြို့နယ်၊ မုန်ချောင်းပေါက်ကျေးရွာတွင် ဒေသခံပြည်သူများနှင့်တွေ့ဆုံရာ သစ်တောသစ်ပင် များသည်ရာသီဥတုကိုထိန်းညှိပြီး အပူချိန်ကိုလျော့ကျစေပါကြောင်း မိုးရာသီကာလဖြစ်၍ မိမိတို့ အိမ်ခြံဝန်းများ၊ ကျေးရွာပတ်ဝန်းကျင်ရှိမြေကွက်လပ်များနှင့် ကျေးရွာချင်းဆက် လမ်းဘေးဝဲ/ယာများ တွင် သစ်ပင်များစိုက်ပျိုးကြရန်နှင့် သဘာဝတောကျန်များကိုလည်း ဆက်လက်ထိန်းသိမ်းသွားရန် အရေးကြီးပါကြောင်း၊ သို့မှသာမိမိတို့ကျေးရွာ၊ အရပ်ဒေသရာသီဥတုပိုမိုကောင်းမွန်လာပြီး စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ပိုမိုအောင်မြင်ဖြစ်ထွန်းလာမည်ဖြစ်ကြောင်း၊ နောင်လာ နောက်သားများအတွက် ကောင်းမွန်သောပတ်ဝန်းကျင်ဂေဟစနစ်ကို လက်ဆင့်ကမ်းပေးနိုင်မည် ဖြစ်ကြောင်း ဟောပြောဆွေးနွေးခဲ့သည်။ ထို့နောက်ဒုတိယဝန်ကြီးသည် ဒေသခံပြည်သူများအား စွမ်းအားမြှင့် အေဝမ်းမီးဖိုများအား အခမဲ့ဖြန့်ဝေပေးခဲ့ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး ဆောင်းပါး၊ စာအုပ်များနှင့် လစဉ်ထုတ်သစ်တောကြေးမုံစာစောင်များအား ကျေးရွာ စာကြည့်တိုက် အတွက်ပေးအပ်လှူဒါန်းခဲ့သည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဖန်ခါးစမ်းအမြဲတမ်းပျိုးဥယျာဉ်တွင် ပျိုးထောင်ထား ရှိသော ပျိုးပင်များ၏ရှင်သန်အောင်မြင်နေမှုအခြေအနေများအား သွားရောက် ကြည့်ရှု့စစ်ဆေးခဲ့ပြီး မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်နှင့် ရေနံချောင်းမြို့နယ်များတွင် သစ်တောဦးစီးဌာနနှင့် အပူပိုင်းစိမ်းလန်းစိုပြည်ရေးဦးစီးဌာနများမှ တည်ထောင်ထားရှိသည့် ကျေးရွာသုံးထင်းစိုက်ခင်းများ၊ လမ်းဘေးဝဲယာစိမ်းလန်းစိုပြည်ရေးစိုက်ခင်းများနှင့် ဘက်စုံသုံးစိုက်ခင်းများရှင်သန်အောင်မြင်နေမှု ကို ကြည့်ရှု့စစ်ဆေးသည်။ထို့နောက်အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ရေနံချောင်းမြို့နယ် စံပြတမာ (၁၀၀) ဧက စီမံကိန်းသို့ရောက်ရှိရာ စီမံကိန်း တာဝန်ခံမှ လုပ်ငန်းဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီးမှ စိုက်ခင်းများရှင်သန်အောင်မြင်မှုများအား လိုက်လံကြည့်ရှု့ စစ်ဆေးခဲ့ပြီးလိုအပ်သည်များမှာကြားခဲ့ကြောင်း သတင်းရရှိသည်။



