“ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်သည့် သီးနှံသစ်တော ရောနှောစိုက်ပျိုးခြင်းဆိုင်ရာ နည်းပညာအထောက်အကူပြုသင်တန်း" ဖွင့်ပွဲအခမ်းအနားကျင်းပ
“ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်သည့် သီးနှံသစ်တော ရောနှောစိုက်ပျိုးခြင်းဆိုင်ရာ နည်းပညာအထောက်အကူပြုသင်တန်း" ဖွင့်ပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ်၊ မေလ(၂၆)ရက်၊ အင်္ဂါနေ့၊ နံနက်(၀၈:၃၀)နာရီအချိန်တွင် သစ်တောသုတေသနဌာနခွဲ၊ ရေဆင်း၊ စုဝေးခန်းမ၌ ကျင်းပရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇေယျ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။ ဦးစွာ ညွှန်ကြားရေးမှူးချုပ်က ယခုသင်တန်းကို သစ်တောဦးစီးဌာနရှိ ဝန်ထမ်း များ၏ စွမ်းဆောင်ရည်မြှင့်တင်ပေးရန် ဖွင့်လှစ်သင်ကြားခြင်းဖြစ်ကြောင်းနှင့် ခေတ်မီ နည်းပညာများ၊ ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်စေသည့် စိုက်ပျိုးရေးစနစ်တွေကို ဝန်ထမ်းများမှ ကျွမ်းကျင်စွာ နားလည် သဘောပေါက်မှသာ တောင်သူလယ်သမားတွေကို ထိ ရောက်တဲ့ အကူအညီတွေ ပေးစွမ်းနိုင်မည်ဖြစ်ပါကြောင်း၊ ယခုသင်တန်းအား သစ်တောဦးစီးဌာနနှင့် အာရှဒေသသစ်တောကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (AFoCO) တို့ အကောင်အထည်ဖေါ် ဆောင်ရွက်လျက်ရှိတဲ့ FD-AFoCO Forest Fire စီမံကိန်း၏ အထောက်အပံ့ဖြင့် ဖွင့်လှစ်သင်ကြားခြင်းဖြစ်ကြောင်း ပြောကြားသည်။ ဆက်လက်၍ ယနေ့ ကမ္ဘာကြီးသည် ရာသီဥတု ဖောက်ပြန်မှုဒဏ်ကို သိသိသာသာခံစားနေရကာ မိုးခေါင်ခြင်း၊ ရေကြီးခြင်း၊ အပူချိန်လွန်ကဲခြင်းနှင့် ရာသီဥတုဖောက်ပြန်ခြင်းများသည် သစ်တောသစ်ပင်များ စိုက်ပျိုးရေးကဏ္ဍနဲ့ လူမှုစီးပွားဘဝတွေကို တိုက်ရိုက် ခြိမ်းခြောက်လျက်ရှိပါကြောင်း၊ ဒေသခံများအပါအဝင်၊ အဖွဲ့အစည်းများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ရန်၊ ရှိပြီးသား မီးကာကွယ်ခြင်း လုပ်ငန်းများအပြင် ဘက်စုံတောမီး စီမံအုပ်ချုပ်ခြင်း ဆိုင်ရာ အစီအစဉ်များနှင့် သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်း နည်းစနစ်များ ဖော်ထုတ်ခြင်း၊ ရေရှည်တည်တံ့သည့် စိုက်ပျိုးရေးနည်းစနစ်တွေကို အသုံးပြုနိုင်ရေး ဒေသခံများကို စည်းရုံးဟောပြောရန်၊ ဆေးဖက် ဝင်အပင်များဖြစ်တဲ့ မှို၊ ဝဥနဲ့ အခြား စျေးကွက်ဝင်အပင်များအား စိုက်ပျိုး ထုတ်လုပ်ခြင်းဖြင့် ဝင်ငွေရရှိရေး အခွင့်အလမ်းများရရှိစေရန်အတွက် စွမ်းဆောင်ရည်မြှင့်တင်ဖို့အတွက် ရည်ရွယ်ပြီး AFoCO မှ AKCF ရဲ့ ရန်ပုံငွေ အထောက်အပံ့နဲ့ မြန်မာနိုင်ငံအပါအဝင် အိမ်နီးချင်း နိုင်ငံများ၊ မဲခေါင်နိုင်ငံများ အချင်းချင်းနှင့် မိတ်ဖက်များကို ကူညီပံ့ပိုး ပေးလျက်ရှိပါကြောင်း ပြောကြားသည်။သင်တန်းဖွင့်ပွဲအခမ်းအနားသို့ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇေယျ နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ သင်တန်းဆရာ/မ များ၊ သင်တန်းသူ/သားများနှင့် တာဝန်ရှိသူများတက်ရောက်ပြီး သင်တန်း အား မေလ(၂၆) ရက်နေ့မှ (၂၉) ရက်နေ့အထိ (၄) ရက် ကြာ သင်ကြားမည်ဖြစ်ပြီး သင်တန်း သူ/သား စုစုပေါင်း (၂၅)ဦးတက်ရောက်ကြောင်း သတင်းရရှိသည်။




