ပြည်ထောင်စုဝန်ကြီးဦးဆန်းဦး သစ်တောနှင့်သဘာဝဝန်းကျင်ပြတိုက်၊တိရစ္ဆာန်ဥယျာဉ်(နေပြည်တော်)၊ဆာဖာရီဥယျာဉ်နှင့်နက္ခတ်တာရာပြခန်းတို့အားကြည့်ရှု့စစ်ဆေး
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦး သည် အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ လိုက်ပါ၍ (၁၇-၆-၂၀၂၆)ရက်နေ့၊နံနက်ပိုင်းတွင် တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်)ရှိ သစ်တောနှင့် သဘာဝဝန်းကျင်ပြတိုက်သို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြတိုက် အတွင်း ပြခန်းများသန့်ရှင်းရေး၊ ပြသထားသော အချက်အလက်များ အမြဲတမ်းနောက်ဆုံး အခြေ အနေများနှင့် ကိုက်ညီအောင်ပြသနိုင်ရေး၊ သမိုင်းအထောက်အထားများ ခိုင်မာစွာထားရှိရေးနှင့် လေ့လာသူများအတွက် အသိအမြင် ဗဟုသုတများ တိုးပွားစေရန် အထောက်အကူဖြစ်စေရေးတို့ကို မှာကြားသည်။
ထို့နောက် တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်) ရှင်းလင်းဆောင်သို့ ရောက်ရှိရာ တာဝန်ရှိသူက တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်)၊ ဆာဖာရီဥယျာဉ်နှင့် နက္ခတ်တာရာ ပြခန်းတို့အား အများပြည်သူ များလေ့လာကြည့်ရှုနိုင်ရန် ပြကွက်များအလိုက်ပြသထားမှု၊ တိရစ္ဆာန်များ ပြုစုထိန်းသိမ်းစောင့် ရှောက်ထားမှုအခြေအနေ၊ နိုင်ငံတကာ တိရစ္ဆာန်ဥယျာဉ်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ တိရစ္ဆာန်များ ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲများပြုလုပ်မှု အခြေအနေနှင့် အများပြည်သူများ လာရောက်လည်ပတ်မှု အခြေအနေတို့အား ရှင်းလင်းတင်ပြသည်။
ပြည်ထောင်စုဝန်ကြီးက အများပြည်သူများ ပိုမိုလာရောက် လည်ပတ်နိုင်ရန်အတွက် ပြကွက် များပြသရာတွင် စိတ်ဝင်စားဖွယ်ရာများဖြစ်အောင် ဆွဲဆောင်ဖန်တီးပြသသွားရန်၊ လာရောက် လည်ပတ်သူများကို တိရစ္ဆာန်များ၏ အန္တရာယ်မှ ကင်းရှင်းစေရေး၊ ဗဟုသုတများ တိုးပွားစေရေး၊ ဥယျာဉ်အတွင်း သန့်ရှင်းသာယာလှပစေရေးနှင့် တိရစ္ဆာန်များ လျော့ပါးဆုံးရှုံးမှုများ မရှိစေရေး အတွက် အထူးဂရုပြု ထိန်းသိမ်းစောင့်ရှောက်သွားရန် မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်)နှင့် ဆာဖာရီ ဥယျာဉ်အတွင်း ပြကွက်များ ပြသထားအခြေအနေနှင့် တိရစ္ဆာန်များ ထိန်းသိမ်းစောင့်ရှောက်ထားမှု များကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့သည်။ ဆက်လက်၍ နက္ခတ်တာရာ ပြခန်းအား ကြည့်ရှုစစ်ဆေးရာတွင် လာရောက်လည်ပတ်သူများ ပိုမိုစိတ်ဝင်စားစေရန်အတွက် ပြခန်းများ ပြသထားမှုပုံစံနှင့် အစီအစဉ်အသစ်များ ရေးဆွဲ၍ ပြသဆောင်ရွက်သွားရန်မှာကြားခဲ့ ကြောင်း သတင်းရရှိပါသည်။









