ပြည်ထောင်စုဝန်ကြီးဦးဆန်းဦး သစ်တောစိုက်ခင်းများအား ကြည့်ရှုစစ်ဆေးခြင်းနှင့် နိုင်ငံတကာ ဒီရေတောစင်တာတည်ထောင်ခြင်းဆိုင်ရာသဘောတူညီချက်တွင်လက်မှတ်ရေးထိုးခြင်းအခမ်းအနားတက်ရောက်
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးသည် ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်ဦး၊ ဦးခင်လတ်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ လိုက်ပါ၍(၁၈-၆-၂၀၂၆)ရက်နေ့၊ နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ အောက်ဆင်သေကြိုးဝိုင်းရှိ ဂေဟစနစ်ဖြည့်တင်းရေးစိုက်ခင်း တည်ထောင်ထားသော ကုမ္ပဏီများမှ ၂၀၂၅ခုနှစ်တွင် စိုက်ပျိုးထားသည့် စိုက်ခင်းအခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးရာ ကုမ္ပဏီနှင့် တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက အပင်များ ဆက်လက်ရှင်သန် အောင်မြင်အောင် ပြုစုထိန်းသိမ်းစောင့်ရှောက် သွားရေးနှင့် စီမံချက်ပါအတိုင်း ပြည့်မှီအောင် ဆက်လက် စိုက်ပျိုးသွားရန် မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကျေးရွာထင်းစိုက်ခင်းအား ကြည့်ရှု စစ်ဆေးရာ ပြည်ထောင်စုဝန်ကြီးက ကျေးရွာထင်းစိုက်ခင်းများ တည်ထောင်ရာတွင် ကျေးရွာအလိုက် အိမ်ခြေ အရေအတွက်ပေါ် မူတည်၍ စိုက်ခင်းဧကများ သတ်မှတ်တည်ထောင် စိုက်ပျိုးသွားရန်နှင့် သစ်တော စိုက်ခင်းများကို တည်ထောင်စိုက်ပျိုးသည့်အပြင် ရှိထားပြီးသော သဘာဝတောများကိုလည်း ပြုစု ထိန်းသိမ်း စောင့်ရှောက်သွားရန် မှာကြားသည်။
မွန်းလွဲပိုင်းတွင် ရုံးအမှတ် ၂၈၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးတွင် ကျင်းပပြုလုပ်သော နိုင်ငံတကာဒီရေတော စင်တာ တည်ထောင် ခြင်းဆိုင်ရာ သဘောတူညီချက် (Establishment Agreement of the International Mangrove Center-IMC)တွင် လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို Online ဖြင့် ကျင်းပပြုလုပ်ရာ Interim Secretariat of the IMC မှ ညွှန်ကြားရေးမှူးချုပ် Professor Boa Daming က အဖွင့်အမှာ စကား ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ဒီရေတော သယံဇာတ များ ထိန်းသိမ်းရေးနှင့် ရေရှည်တည်တံရေးအတွက် နိုင်ငံတကာ ဒီရေတောစင်တာ တည်ထောင် ခြင်းဆိုင်ရာ သဘောတူညီချက်ကို ကြိုဆိုပါကြောင်း၊ မြန်မာနိုင်ငံအပါအဝင် အဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက်မှုများကို သိသိသာသာ မြှင့်တင်ပေးနိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ ဒီရေတောများသည် ကမ်းရိုးတန်း ဒေသများတွင် ဇီဝမျိုးစုံမျိုးကွဲများကို ထိန်းသိမ်းရာမှာ အရေးပါသည့်အပြင် ကမ်းရိုးတန်းတစ်လျှောက် နေထိုင်ကြသူများ၏ အသက်မွေးဝမ်းကြောင်း အတွက်ပါ အဓိက အထောက်ပံ့ပေးလျက်ရှိပါသဖြင့် ဒီရေတောဂေဟစနစ်များကို ထိရောက်စွာ စီမံအုပ်ချုပ် နိုင်ရေးအတွက် အားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းသည် အလွန်အရေးပါ ကြောင်းနှင့် မြန်မာနိုင်ငံသည် ကမ္ဘာပေါ်မှာ သတ္တမမြောက် ဒီရေတောဧရိယာ အများဆုံးနှင့် အရှေ့တောင်အာရှမှာ ဒီရေတောဧရိယာ တတိယမြောက် အများဆုံးနိုင်ငံ ဖြစ်ပါကြောင်း ပြောကြားပြီး နိုင်ငံတကာ ဒီရေတောစင်တာ တည်ထောင်ခြင်းဆိုင်ရာ သဘောတူညီချက်(IMC)တွင် လက်မှတ်ရေးထိုး ခဲ့ကြောင်း သတင်းရရှိပါသည်။








