ဒုတိယဝန်ကြီးဒေါက်တာသောင်းနိုင်ဦး ရန်ကုန်တိုင်းဒေသကြီးတွင်သစ်အခြေခံစက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဆွေးနွေးပွဲကျင်းပပြုလုပ်ခြင်းနှင့်ပျိုးဥယျာဉ်လုပ်ငန်းစစ်ဆေးခြင်းဆောင်ရွက်
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်ဦးသည် ယမန်နေ့ နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ သစ်အခြေခံစက်မှုလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး ဆွေးနွေးပွဲ ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ သစ်တောဦးစီးဌာနနှင့် မြန်မာ့ သစ်လုပ်ငန်းတို့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံသစ်တောထွက်ပစ္စည်းနှင့် သစ်လုပ်ငန်းရှင်များ အသင်း၊ မြန်မာနိုင်ငံ သစ်အခြေခံပရိဘောဂလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ သစ်အခြေခံ လက်မှု အနုပညာရှင်များအသင်း၊ မြန်မာနိုင်ငံ ကြိမ်/ဝါး လုပ်ငန်းရှင်များအသင်းတို့မှ ဥက္ကဌ၊ ဒုတိယဥက္ကဌနှင့် ဗဟိုအလုပ်အမှုဆောင်များ တက်ရောက်ခဲ့ကြသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီးမှ သစ်အခြေခံ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရန်အတွက် အစိုးရကဏ္ဍနှင့် ပုဂ္ဂလိကကဏ္ဍများ ဟန်ချက်ညီရန် အရေးကြီးကြောင်း၊ သစ်အခြေခံစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်မှာ ပုဂ္ဂလိကအခန်းကဏ္ဍ ပိုမိုအားကောင်း လာရန် လိုအပ်ကြောင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အနေဖြင့်လည်း သစ်အခြေခံစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အားပေးကူညီ ခြင်း၊ ခေတ်စနစ်နှင့်အညီလုပ်ထုံးလုပ်နည်းများ ဖြေလျော့ခြင်း ဆောင်ရွက်ပေးခဲ့ကြောင်း ဆွေးနွေးပြောကြားပြီး ပုဂ္ဂလိကကဏ္ဍမှ ဆွေးနွေးတင်ပြချက်များအပေါ် သစ်တောဦးစီး ဌာနနှင့် မြန်မာ့သစ်လုပ်ငန်းမှ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေး၍ ဒုတိယ ဝန်ကြီးမှ လိုအပ်သည်များကို ဖြည့်စွက်ပြောကြားသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး အလုံမြို့မအမြဲတမ်းပျိုးဥယျာဉ်သို့ ပျိုးထောင်ထားရှိမှုနှင့် ဖြန့်ဝေ ထားရှိမှု အခြေအနေများအားရောက်ရှိစစ်ဆေးရာ တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီးမှ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
