“နိုင်ငံအဆင့် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ မဟာဗျူဟာနှင့်လုပ်ငန်းစီမံချက်အား ကူမင်း- မွန်ထရီရယ် ကမ္ဘာ့ဇီ၀မျိုးစုံမျိုးကွဲဆိုင်ရာမူဘောင်နှင့်အညီပြင်ဆင်နိုင်ရေးနှင့် စံညွှန်းကိန်းချမှတ်ခြင်းဆိုင်ရာ ကနဦးအကြံပြုအလုပ်ရုံဆွေးနွေးပွဲ”၏ဖွင့်ပွဲအခမ်းအနားကျင်းပ

“ နိုင်ငံအဆင့် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ မဟာဗျူဟာနှင့် လုပ်ငန်းစီမံချက်အား ကူမင်း- မွန်ထရီရယ် ကမ္ဘာ့ဇီမျိုးစုံမျိုးကွဲဆိုင်ရာ မူဘောင်နှင့်အညီ ပြင်ဆင်နိုင်ရေးနှင့် စံညွှန်းကိန်းချမှတ်ခြင်းဆိုင်ရာ ကနဦးအကြံပြုအလုပ်ရုံဆွေးနွေးပွဲ”၏ ဖွင့်ပွဲအခမ်းအနား ကို (၁၁-၇-၂၀၂၄) ရက်နေ့၊ နံနက်ပိုင်းတွင် ရွှေနန်းတော်ဟိုတယ်၊ နေပြည်တော်၌ ကျင်းပ ပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦးက တက်ရောက်အဖွင့်အမှာစကား ပြောကြားပါသည်။
သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦးက ယခုအလုပ် ရုံဆွေးနွေးပွဲသည် သစ်တောဦးစီးဌာနနှင့် အာဆီယံ ဇီဝမျိုးစုံမျိုးကွဲဗဟိုဌာန (ACB )တို့အကြား (MOU) လက်မှတ်ရေးထိုးဆောင်ရွက်လျက်ရှိသော အာဆီယံအမွှေအနှစ် ဥယျာဉ် (AHP) များအတွက် အသေးစားရန်ပုံငွေ ထောက်ပံ့မှု အစီအစဉ် (SGP) ၏ အထောက်အပံ့ဖြင့် ကျင်းပခြင်းဖြစ်ပါကြောင်း၊ နိုင်ငံအဆင့် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ ဗဟာ ဗျူဟာနှင့် လုပ်ငန်းစီမံချက် (NBSAP) (၂၀၁၅- ၂၀၂၀ )ကို ကမ္ဘာ့ဇီဝမျိုးစုံမျိုးကွဲ ကွန်ဗင်း ရှင်း (CBD) မှ ထုတ်ပြန်ထားသော ကူမင်း- မွန်ထရီရယ် ကမ္ဘာ့ဇီမျိုးစုံမျိုးကွဲဆိုင်ရာ မူဘောင်နှင့်အညီ (NBSAP) (၂၀၂၅- ၂၀၃၀ )အတွက် ပြန်လည်ပြင်ဆင်နိုင်ရေးနှင့် စံညွှန်း ကိန်းအသစ်များ ချမှတ်နိုင်ရေး အကြံပြုဆွေးနွေးပေးကြစေလိုကြောင်း ၊ နိုင်ငံမှာရှိသော ဇီဝမျိုးစုံမျိုးကွဲများနှင့် ၎င်းတို့အပေါ် ကျရောက်နေသော အန္တရာယ်များ လက်ရှိဆောင် ရွက်နေသော ဇီဝမျိုးစုံမျိုးကွဲ စီမံအုပ်ချုပ်ခြင်းဆိုင်ရာ အောင်မြင်မှုများနှင့် လိုအပ်ချက်များ ဆောင်ရွက်သင့်သည့် ဦးစားပေးလုပ်ငန်းများနှင့် မဟာဗျူဟာနည်းလမ်းများ၊ ဇီဝမျိုးစုံ မျိုးကွဲများ စဉ်ဆက်မပြတ် ထိန်းသိမ်းနိုင်ရေးအပြင် ရရှိသော အကျိုးအမြတ်များ မျှတစွာ ခွဲဝေအသုံးပြုနိုင်ရေး စသည်တို့အပေါ် အခြေခံရေးဆွဲကြရမှာ ဖြစ်ပါကြောင်း၊ တက်ရောက်လာသူများအနေဖြင့် မိမိတို့၏ အသိပညာ၊ အတတ်ပညာ အတွေ့အကြုံများ အပေါ် အခြေခံကဏ္ဍအလိုက် ဝိုင်းဝန်းဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားပါသည်။
အခမ်းအနားသို့ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦး ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံခန့်ခွဲရေး) နှင့် ညွှန်ကြားရေးမှူးများ ၊ ဆက်စပ်ဌာန အဖွဲ့အစည်းများမှ အရာထမ်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ သစ်တောဦးစီး ဌာနမှ အရာထမ်း/ အမှုထမ်းများ တက်ရောက်ကြပြီး အလုပ်ရုံဆွေးနွေးပွဲကို ဇူလိုင်လ (၁၁) ရက်နေ့မှ (၁၂) ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပါသည်။

date: 
Thursday, July 11, 2024 - 13:15