သာစည်မြို့နယ်၊ ရွှေနတ်တောင်ကြိုးပြင်ကာကွယ်တောနှင့် ဝမ်းတွင်းမြို့နယ်၊ရွှေဆံတော် ကြိုးပြင်ကာကွယ်တောအတွင်း သစ်စေ့မြေလုံးကြဲဆောင်ရွက်ခြင်း

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဦးစီးချုပ် (လေ) တို့၏အစီအစဉ်ဖြင့် (၁၇.၉.၂၀၂၄) ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာ ခရိုင် သာစည်မြို့နယ် ရွှေနတ်တောင်ကြိုးပြင်ကာကွယ်တော အပိုင်း(၁)ဧရိယာ (၃၃၀) ဧက နှင့် ဝမ်းတွင်းမြို့နယ် ရွှေဆံတော်ကြိုးပြင်ကာကွယ်တောဧရိယာ (၄၁၀) ဧက အတွင်း သစ်စေ့မြေလုံး-Seed Balls (၂၀၀၀၀၀) ကို ရဟတ်ယာဉ်ဖြင့်ကြဲ၍ စိုက်ပျိုးခြင်း ဆောင်ရွက်ကြောင်း သိရသည်။အခမ်းအနားသို့ အပူပိုင်းဒေသစိမ်းလန်း စိုပြည်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ မန္တလေးတိုင်းဒေသကြီး သစ်တောဦးစီး ဌာနနှင့် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးနှင့်ဝန်ထမ်း များတက်ရောက်ကြသည်။ သစ်စေ့မြေလုံးပြုလုပ်ရန် သစ်မျိုးရွေးချယ်ရာတွင် အပင် ပေါက်ရောက်မှု ရာခိုင်နှုန်းကောင်းမွန်သည့် မန်ကျည်း၊ စစ်၊ မြန်မာကုက္ကို၊ သင်္ဘောကုက္ကို၊ မဲဇလီ၊ ဘောစကိုင်းသစ်မျိုး သစ်စေ့ မြေလုံး ၁၀၀၀၀၀ ကို သာစည်မြို့နယ် ရွှေနတ်တောင်ကြိုးပြင်ကာကွယ်တော အပိုင်း(၁) အတွင်း၌လည်းကောင်း၊ မန်ကျည်း၊ ရှား၊ မြန်မာကုက္ကို၊ သင်္ဘောကုက္ကို၊ မဲဇလီ၊ဘောစကိုင်း သစ်မျိုး သစ်စေ့မြေလုံး ၁၀၀၀၀၀ လုံးကို ဝမ်းတွင်းမြို့နယ် ရွှေဆံတော်ကြိုးပြင်ကာကွယ်တောအတွင်းကြဲ၍ စိုက်ပျိုးခဲ့ သည်။ မိုးရွာသွန်းမှုနည်းပါးသည့် အပူပိုင်းဒေသရှိ သစ်တောသစ်ပင်ကျဲပါးသည့် တောင်တန်း၊ တောင်ကုန်းများ၌ မိုးရွာသွန်းပြီးစ မြေအစိုဓာတ်ရရှိသည့်အချိန်တွင် သစ်စေ့မြေလုံးများကြဲ၍ စိုက်ပျိုးခြင်းဖြင့် ရေ၊ မြေထိန်းသိမ်းနိုင်ပြီး မြေဆီလွှာတိုးတက် ကောင်းမွန်စေသည့် ဒေသမျိုးရင်းသစ်မျိုးနှင့် အကြီးမြန် သစ်မျိုးများကို အပူပိုင်းဒေသ၏ သစ်တောဖုံးလွှမ်းမှုနှင့် ဂေဟစနစ်တိုးတက်လာစေရန်အတွက် ဆောင်ရွက်ခြင်းဖြစ်သည်။ သစ်စေ့မြေလုံး ကြချစိုက်ပျိုးခြင်းသည် သွားလာရန်ခက်ခဲသည့် တောင်ကုန်း၊ တောင်တန်းများတွင် ဆောင်ရွက်နိုင်ခြင်း၊ လူအင်အားအနည်းငယ်ဖြင့် ဧရိယာကျယ်ဝန်းစွာ စိုက်ပျိုးဆောင်ရွက်နိုင်ခြင်း၊ အချိန်တိုအတွင်း ဧရိယာကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ခြင်းတို့ကြောင့် သစ်စေ့မြေလုံးကြဲ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။ ၂၀၂၄ ခုနှစ် မိုးရာသီ၌ ရွှေနတ်တောင် ကြိုးပြင်ကာကွယ်တောနှင့် ရွှေဆံတော် ကြိုးပြင်ကာကွယ်တောအတွင်း သစ်စေ့ကြဲချခြင်းအောင်မြင်မှု အခြေအနေ များကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် နမူနာကွက်များပြုလုပ်၍ အပင်ပေါက်ရောက်မှုကာလနှင့် သစ်စေ့ မျိုးအလိုက်ပေါက်ရောက် ရှင်သန်နိုင်မှု အခြေအနေစာရင်းကောက်ယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

date: 
Wednesday, September 18, 2024 - 09:45