၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

“၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့” အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် (၀၉း၀၀)အချိန်တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်း ခန်းမ၌ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်ဦး တက်ရောက်အမှာစကားပြောကြားသည်။
ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပသည့် ၂၀၂၆ခုနှစ် အပြည်ပြည် ဆိုင်ရာ ဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့ ကို “Raise Awareness of the Importance of Mangrove Ecosystem for Sustainable Conservation, Management and Uses” “ဒီရေတောများ သားစဉ်မြေးဆက် ထိန်းသိမ်းအသုံးပြုနိုင်ရေး ပြည်သူလူထု အသိပညာမြှင့်တင်ပေး” ဟူသော ဆောင်ပုဒ် ဖြင့်နှစ်စဉ် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် ဒီရေတောဧရိယာဧက ၁.၂၆ သန်းခန့်ဖြင့် ကမ္ဘာပေါ်တွင် သတ္တမမြောက်ဒီရေတောဧရိယာ အများဆုံးပိုင်ဆိုင်သည့်နိုင်ငံဖြစ်ပြီး အာဆီယံဒေသမှာ တတိယမြောက် ဒီရေတောဧရိယာအများဆုံး ပိုင်ဆိုင်သောနိုင်ငံဖြစ်ကြောင်းနှင့် ဒီရေတာများသည် လေထုထဲရှိ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို အများဆုံးစုပ်ယူပေးသော ကာဗွန်သိုလှောင်ရုံကြီးများဖြစ်ကြပြီး သဘာဝဘေး အန္တရာယ်ကာကွယ်ရေး၊ ရာသီဥတုပြောင်းလဲမှုလျှော့ချရေးတို့တွင် အလွန်အရေးပါကြောင်း ပြောကြားသည်။ ထို့ပြင် နိုင်ငံအတွင်းရှိဒီရေတောအမျိုးအစားနှင့် အခြေအနေများအပေါ်မူတည်ပြီး စီမံအုပ်ချုပ်ခြင်း မဟာဗျူဟာ (၃) ရပ်ဖြစ်သော အဏ္ဏဝါအမျိုးသားဥယျာဉ်များနှင့် သဘာဝထိန်းသိမ်း ရေးနယ်မြေများတိုးချဲ့ တည်ထောင်ခြင်း၊ ကြိုးဝိုင်း/ကြိုးပြင်ကာကွယ် တောများ သတ်မှတ်ဖွဲ့စည်းခြင်းနှင့် ဒီရေတောဂေဟစနစ်များ ပြန်လည်တည်ထောင်ခြင်းတို့ဖြင့် အစဉ်တစိုက်စီမံအုပ်ချုပ်ခြင်းနှင့်အတူ မဟာဗျူဟာတစ်ရပ် ဆောင်ရွက် တိုင်း လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကိုပါ ချိတ်ဆက်ဆောင်ရွက်လျက် ရှိပါကြောင်းနှင့် ထိုသို့ ဆောင်ရွက် ခြင်းကြောင့် ကမ္ဘာလူသားများသာယာဝပြောရေး၊ စားရေရိက္ခာဖူလုံရေး နှင့် သဘာဝဘေး အန္တရာယ်များကို ကြံ့ကြံ့ခံတုန့်ပြန်နိုင်စွမ်း မြှင့်တင်ပေးရေးတို့အတွက် အရေးပါသော ကမ္ဘာ့ဒီရေတောများနှင့် ဇီဝမျိုးစုံ မျိုးကွဲများ၊ ငါး၊ ပုစွန်၊ ဂဏန်း စသည့်သတ္တဝါများ၊ ၎င်းတို့၏နေရင်း ဒေသများ စနစ်တကျထိန်းသိမ်း တည်ထောင်နိုင်ဖို့၊ ပြည်သူလူထုအကြား ဒီရေတောထိန်းသိမ်းရေးအသိ များ ပိုမိုနိုးကြားသိမြင် လာစေမှာဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် အစီအစဉ်အရ အပြည်ပြည်ဆိုင်ရာဒီ‌ရေတောဂေဟစနစ် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် Video clip အားပြသပြီး နောက် ဒုတိယဝန်ကြီးသည် အပြည်ပြည် ဆိုင်ရာဒီ‌ရေတောဂေဟစနစ် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ပိုစတာများအား လှည့်လည်ကြည့်ရှုသည်။
နေ့လယ်ပိုင်းတွင် ဒီရေတောစိုက်ပျိုးထိန်းသိမ်းရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲကို ဆက်လက်ကျင်းပခဲ့ပြီး “ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒီရေတောများစိုက်ပျိုးထိန်းသိမ်းပေး”ခေါင်းစဉ်ဖြင့် လူငယ် စကားဝိုင်းဆွေးနွေးပွဲအား ဆက်လက်ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။
အခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ပါမောက္ခချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ နိုင်ငံအဆင့်ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှုလုပ်ငန်း ကော်မတီအဖွဲ့ဝင်ဌာနများမှ ကိုယ်စားလှယ်များ၊ Nay Pyi Taw State Academy၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်‌ရောက်ကြကြောင်း သတင်းရရှိသည်။

date: 
Monday, July 27, 2026 - 13:00