မန္တလေးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ်နှင့် မီးခိုး/မြူငွေ့လျော့ချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲ (တိုင်းအဆင့်) ကျင်းပဆောင်ရွက်

၂၂-၁၁-၂၀၂၄ ရက်နေ့၊ (၁၀:၀၀)နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ အထက(ပုသိမ်ကြီး)၌ ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ် နှင့် မီးခိုး/မြူငွေ့လျော့ချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာ ပေးဟောပြောပွဲ(တိုင်းအဆင့်)အား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ သစ်တောဦးစီးဌာန ဝန်ထမ်း(၂၀)ဦး၊ မီးသတ်တပ်ဖွဲ့ဝင် (၃)ဦး၊ ဆရာ/မ (၁၀)ဦး၊ ကျောင်းသား၊ ကျောင်းသူ (၁၇၀)ဦး၊ တက်ရောက်အင်အားစုစုပေါင်း (၂၀၃)ဦး တက်ရောက်ခဲ့ကြောင်းသိရပါသည်။
အဆိုပါအခမ်းအနား၌ မန္တလေးတိုင်းဒေသကြီး သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းထွန်းက ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ် နှင့် မီးခိုး/မြူငွေ့လျော့ချရေးဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဝင်းဦးက ရာသီဥတုပြောင်းလဲမှု လျော့ချရေးဆိုင်ရာ အသိပညာပေးခြင်းကို လည်းကောင်း၊ မန္တလေးခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးအောင်ဆန်းက မီးခိုး/မြူငွေ့လျော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းကိုလည်းကောင်း၊ ပုသိမ်ကြီးမြို့နယ်၊ ဦးစီးအရာရှိ ဦးဖြိုးစံက သဘာဝဘေးအန္တရာယ်‌ လျော့ကျရေးနှင့် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းကို လည်းကောင်း၊ ပုသိမ်ကြီးမြို့နယ်၊ မီးသတ်ဦးစီးဌာနက တောမီးလောင်ကျွမ်းခြင်းနှင့် တားဆီးကာကွယ်ခြင်းဆိုင်ရာ အသိပညာပေးခြင်းကို လည်းကောင်း အသီးသီး ဟောပြောခဲ့ကြကြောင်းသိရပါသည်။ မန္တလေးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူးက ကျောင်းစာကြည့်တိုက်အတွက် သစ်တောကဏ္ဍဆိုင်ရာ စာအုပ်စာတမ်းများနှင့် သစ်တောကြေးမုံ စာအုပ်များကို ကျောင်းအုပ်ကြီးထံပေးအပ်လှူဒါန်းခဲ့ပြီး သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လက်ကမ်းစာစောင်များကိုလည်း အခမ်းအနားတက်ရောက်လာသူများအားဖြန့်ဝေပေးကာ (၁၂:၀၀)နာရီတွင် အခမ်းအနားအောင်မြင်စွာပြီးစီးခဲ့ကြောင်းသတင်းရရှိပါသည်။

date: 
Saturday, November 23, 2024 - 17:15