ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ သစ်တောဦးစီးဌာနမှ လွိုင်မွေတောင်စခန်းမြို့၌ ပြည်နယ်အဆင့် မီးခိုးမြူငွေ့ညစ်ညမ်းမှု လေထုထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ သစ်တောဦးစီးဌာနမှကြီးမှူးကျင်းပသည့် ပြည်နယ်အဆင့် မီးခိုးမြူငွေ့ ညစ်ညမ်းမှုလေထုထိန်းချုပ်ရေး အသိပညာပေးဟောပြောပွဲကို နိုဝင်ဘာ ၂၃ ရက်က ကျိုင်းတုံမြို့နယ်၊ လွိုင်မွေတောင်စခန်းမြို့၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းတွင် ကျင်းပသည်။ဦးစွာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)အဖွဲ့ဝင် - ၂ ဦးမင်းညို က အမှာစကားပြောကြားပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ သစ်တောဦးစီးဌာန၊တွဲဘက်ပြည်နယ်ညွှန်ကြားရေးမှူးဦးရဲထွန်း က ရာသီဥတုပြောင်းလဲခြင်းကြောင့် သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်လာခြင်းအကြောင်း၊ သစ်ပင်များ စိုက်ပျိုး၊ ပြုစု၊ ထိန်းသိမ်းခြင်းဖြင့် ရာသီဥတုကောင်းမွန်လာစေခြင်း အကြောင်း၊ တောမီးလောင်ကျွမ်းမှုနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျော့ချရေးအကြောင်းအရာများကို လွိုင်မွေဒေသရှိ ကျေးရွာနေပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး ဟောပြောပြီး နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်း(လွိုင်မွေ) အတွက် ထောက်ပံ့ငွေများ ပေးအပ်သည်။ဆက်လက်ပြီး ကျိုင်းတုံခရိုင်ဘေးန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်မောင်ဝင်းနှင့် တာချီလိတ်ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစိုင်းဝေယံထွန်း တို့က ရာသီဥတုပြောင်းလဲခြင်းအား လျှော့ချရမည့်နည်းလမ်းများအကြောင်း၊ ရေချိုများရှားပါလာမှုအကြောင်း၊ သဘာဝဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် လိုက်နာဆောင်ရွက်ရမည့် အချက်များကို အသိပညာပေး ဟောပြောသည်။ထို့နောက် ကျိုင်းတုံ-မိုင်းဆတ်ခရိုင်သစ်တော်ဦးစီးဌာနမှူး၊ ကျိုင်းတုံမြို့နယ် သစ်တောဦးစီးဌာနမှူးနှင့်ဝန်ထမ်းများက ကျေးရွာနေပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား မီးခိုးမြူငွေညစ်ညမ်းမှုလေထုလျော့ချရေး ဆိုင်ရာအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။