ပြည်ထောင်စုဝန်ကြီးဦးဆန်းဦး (၃၇)ကြိမ်မြောက် အာဆီယံပတ်ဝန်းကျင်ဆိုင်ရာအဆင့်မြင့်အရာရှိကြီးများအစည်းအဝေးတက်ရောက်အဖွင့်အမှာစကားပြောကြား
(၃၇)ကြိမ်မြောက် အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို (၁၁-၈-၂၀၂၆)ရက်နေ့၊ နံနက်ပိုင်းတွင် နေပြည်တော်ရှိ PARKROYAL Hotel ၌ ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦး၊ ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်ဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ Online မှ ASOEN ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေသည့် ဖိလစ်ပိုင်နိုင်ငံ၊ ပတ်ဝန်းကျင်နှင့် သဘာဝသယံဇာတ ဝန်ကြီးဌာန၊ မူဝါဒ၊ စီမံကိန်းနှင့် နိုင်ငံတကာရေးရာဌာန၏ ဒုတိယဝန်ကြီး H.E. Attorney. Jonas R. Leones၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ ပတ်ဝန်းကျင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ၊ လုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ အာဆီယံဇီဝ မျိုးစုံမျိုးကွဲဗဟိုဌာနနှင့် အာဆီယံအထူးပြု မိုးလေဝသဗဟိုဌာနတို့မှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးက ရာသီဥတုပြောင်းလဲမှု၊ ပလတ် စတစ်ညစ်ညမ်းမှု၊ ဇီဝမျိုးစုံမျိုးကွဲဆုံးရှုံးမှုနှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ပြဿနာ အပါအဝင် ကြုံတွေ့နေရသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများကို အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့် ဆက်စပ်ဗဟိုဌာနများ ပူးပေါင်း၍ လက်တွဲဖြေရှင်းဆောင်ရွက်သွားမည်ဟု မျှော်လင့်ပါကြောင်း၊ ASOEN ဥက္ကဋ္ဌတာဝန်အား ဖိလစ်ပိုင်နိုင်ငံမှ စင်ကာပူနိုင်ငံသို့ လွှဲပြောင်းပေးမှုကို ဂုဏ်ပြုကြိုဆို ပါကြောင်း၊ အစည်းအဝေး ဆွေးနွေးချက်များမှတစ်ဆင့် ၂၀၂၅ ခုနှစ်အလွန် အာဆီယံ ပတ်ဝန်းကျင် ဆိုင်ရာ မဟာဗျူဟာ စီမံချက်ကို ပိုမိုခိုင်မာစွာဖော်ဆောင်နိုင်ရန် မျှော်လင့်ပါကြောင်းနှင့် ဒေသတွင်း ရေရှည်တည်တံ့ ခိုင်မြဲသောအနာဂတ်အတွက် တက်ကြွစွာပူးပေါင်းဆွေးနွေးကြရန် တိုက်တွန်း နှိုးဆော်လိုပါကြောင်း ပြောကြားပါသည်။
ဆက်လက်၍ ASOEN ဥက္ကဋ္ဌ ဒုတိယဝန်ကြီး H.E. Attorney. Jonas R. Leones က အဖွင့်အမှာ စကားပြောကြား၍ အစည်းအဝေးကို ဖွင့်လှစ်ပေးခဲ့ပြီး (၃၇)ကြိမ်မြောက် အာဆီယံပတ်ဝန်းကျင် ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ (37th ASOEN and Related Meetings)ကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် တာဝန်ယူ၍ Virtual စနစ်ဖြင့် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက်နေ့မှ ၁၃ ရက်နေ့အထိ ကျင်းပလျက်ရှိကြောင်း သတင်းရရှိပါသည်။
